backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးတွေမှာ ဂေါက်ရောဂါဖြစ်နိုင်လား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးတွေမှာ ဂေါက်ရောဂါဖြစ်နိုင်လား။

ဂေါက်ရောဂါဆိုတာဘာလဲ။

ဂေါက်ရောဂါဆိုတာ အဆစ်အမြစ်ရောင် ရောဂါတမျိုးပါ။ ယေဘုယျပြောရရင် လူကြီးတွေမှာပဲ ဂေါက်ရောဂါဖြစ်လေ့ရှိပေမယ့် ကလေးတွေမှာလည်း ဂေါက်ရောဂါဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒီလိုသိထားခြင်းအားဖြင့် သင့်ကလေး ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်တားဆီးနိုင်သလို အကယ်၍ ဖြစ်ခဲ့ရင်လည်း ထိထိရောက်ရောက်ကုသပေးနိုင်မှာပါ။

ဂေါက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။

တကယ်လို့ သင့်ကလေးမှာ ဂေါက်ရောဂါရှိနေပြီဆိုရင် အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကို တွေ့ရမှာပါ။

ဖြစ်တဲ့ အဆစ်မှာ အရမ်းနာမယ်။ အဆစ်က တဆစ်ထဲ ဖြစ်နိုင်သလို တဆစ်ထက်လည်း ပိုကောင်းပိုနိုင်ပါတယ်(ဥပမာ လက်ကောက်ဝတ်အဆစ်၊ခြေမ ဒါမှမဟုတ် ခြေကျဉ်းဝတ်အဆစ်)။ သင့်ကလေးဟာ ပုံမှန်လုပ်နေကျ လှုပ်ရှားသွားလာမှုတွေကို လုပ်နိုင်တော့မှာ မဟုတ်ပါဖူး။ အဆစ်နာတာ မနက်ပိုင်းမှာ ပိုဆိုးနိုင်သလို ညဖက်မှာ နာလို့ အိပ်ယာကလန့်နိုးတာမျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။

  • နီရဲရောင်ရမ်းမယ်။ ကလေးက အဆစ်နေရာမှာ ပူခြစ်နေတာပဲလို့ ပြောလိမ့်မယ်။
  • အဆစ်က နာလွန်းလို့ အထိမခံနိုင်ဖြစ်နေမယ်။
  • အဆစ်ဘေးပတ်ပတ်လည်က အသားက နီရဲနေမယ် ဒါမှမဟုတ် ခရမ်းရောင်ဖြစ်နေမယ်။
  • ကလေးက ချမ်းတုန်ဖျားမယ်။
  • အစားအသောက်ပျက်မယ်။ ဘာမှမစားချင်ဘူး။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်သလဲ။

အရင်က မဖြစ်ဖူးဘဲ ဒီတခါဖြစ်တာဟာ ပထမဆုံးဖြစ်ပြီး ဂေါက်လို့ထင်ရင် ဒါမှမဟုတ် အဖျားအရမ်းကြီးပြီး နာတာပို ပိုဆိုးလာရင် ဆေးရုံသာ ပြေးပါတော့။ ဘာလို့ဆေးရုံပြေးခိုင်းရလဲဆိုတော့ တချို့အခြေအနေတွေဟာ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေနဲ့ အမြန်ဆုံးကုသမှုခံယူဖို့ လိုအပ်တတ်လို့ပါ။ တကယ်လို့ သင့်ကလေးဟာ ဂေါက်ဖြစ်နေတဲ့အတွက် ဆရာဝန်နဲ့ကုနေတာ နှစ်ရက်လောက်ကြာလို့မှ မသက်သာလာဖူးဆိုရင် တခြားဆေးပြောင်းဖို့ လိုကောင်းလိုပါလိမ့်မယ်။ တခြား ပုံမှန်မဟုတ်တဲ့ ထူးထူးခြားခြား လက္ခဏာတွေ ပြခဲ့ရင်လည်း ဆရာဝန်ကို ချက်ချင်းအသိပေးဖို့ လိုပါလိမ့်မယ်။

ကလေးတွေမှာ ဘာလို့ ဂေါက်ရောဂါဖြစ်တာလဲ။

ယူရစ်အက်ဆစ်(uric acid)ဆိုတာ သင်ကြားဖူးကောင်း ကြားဖူးပါလိမ့်မယ်။ သူ့ကို ခန္ဓါကိုယ်ထဲက ထုတ်နိုင်သလို အစားအစာတွေကနေတဆင့်လည်းရနိုင်ပါသေးတယ်။ သွေးထဲမှာ uric acid တွေ အကြောင်းအမျိုးမျိုးကြောင့် စုပုံများပြားလာတဲ့အခါ ကျောက်ကပ်က ကောင်းကောင်းမစွန့်ပစ်နိုင်တော့ပါဖူး။ ဒီလိုနဲ့ သူတို့ဟာ အနည်ထိုင်ပြီး အဆစ်အမြစ်တွေ အနီးတဝိုက်မှာ crystal ခဲလေးတွေဖြစ်လာကာ အဆစ်တွေကို ရောင်ရမ်းနာကျင်စေပါတော့တယ်။

ကလေးတွေမှာ ဂေါက်ရောဂါ ဘာလို့ ဖြစ်တာလဲလို့မေးရင် ဘယ်သူမှ တိတိကျကျ မသိသေးပါဖူး။ ဖြစ်နိုင်တဲ့ နောက်ခံအကြောင်းအရာတွေကတော့

  • မျိုးဗီဇအရ သွေးထဲမှာ uric acid များနေတာ။
  • အသက်ငယ်ငယ်တုန်းက ထိခိုက်မိတာ၊ခွဲတာစိတ်တာမျိုး၊တခြားကုသမှုမျိုးတွေ ခံယူဖူးတာ။
  • ယောက်ျားလေးဖြစ်နေရင်လည်း မိန်းကလေးတွေထက် ဂေါက်ရောဂါ ပိုဖြစ်နိုင်သတဲ့။
  • အဖေမှာ ဂေါက်ရောဂါရှိရင်လည်း သားမှာ ဖြစ်နိုင်ချေတွေရှိနေပါတယ်(မျိုးရိုးလိုက်တဲ့ သဘောပေါ့)။
  • အဝလွန်နေတဲ့ ဖက်တီးပုတ်လေးတွေမှာလည်း ဂေါက်ရောဂါပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
  • ဆီးဆေးလို ဆေးတွေကလည်း ဂေါက်ရောဂါဖြစ်နိုင်ချေကို များစေပါတယ်။
  • ကင်ဆာရောဂါကလည်း အကြောင်းရင်း တခုပါ။
  • အချို့အင်ဇိုင်းမ်တွေ ချို့တဲ့ရင်လည်း ဖြစ်တတ်ပါသေးတယ်။
  • ခဲဓါတ်နဲ့ ကာလကြာရှည် ထိတွေ့ရင်လည်း ဂေါက်ရောဂါ ဖြစ်စေနိုင်ပါတယ်(ဥပမာ ဘက်ထရီအိုးလုပ်ငန်း)။

ဂေါက်ရောဂါကို ဘယ်လိုကုသမလဲ။

ဂေါက်ရောဂါကို ကုသရခြင်းရဲ့ ရည်ရွယ်ချက်က အခုလက်ရှိနာနေတာကို သက်သာစေဖို့နဲ့ နောက်တခါ ထပ်မဖြစ်စေဖို့ပဲ ဖြစ်ပါတယ်။ ကလေးတွေမှာ ဂေါက်ရောဂါကြောင့် နာကျင်တာတွေကို သက်သာစေဖို့အတွက် ဆရာဝန်တွေအနေနဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို ပေးလေ့ရှိပါတယ်။ ဖြစ်တဲ့ အဆစ်ကို နှလုံးနေရာထက်(ရင်ဘတ်ထက်)ပို မြင့်မြင့်ထားပေးရင်လည်း ရောင်ရမ်းတာကို သက်သာစေပါတယ်။ နောက်တခါ ထပ်ဖြစ်မှာတွေကို ကာကွယ်ဖို့အတွက် သင့်ကလေးအနေနဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေမှန်မှန် လုပ်ပေးဖို့လိုသလို အစားအသောက်ပုံစံလည်း ပြောင်းပစ်သင့်ပါတယ်။ သွေးထဲမှာ uric acid ပမာဏကို လျော့ကျစေတဲ့ ဆေးတွေကိုလည်း လိုအပ်ရင် သောက်ရမှာပါ။ ကလေးတွေကို သူတို့ဖာသာ သူတို့ လေ့ကျင့်ခန်းလုပ်ခိုင်းနိုင်သလို ကိုယ်ပါတခါတည်း အတူတူ လိုက်လုပ်နိုင်ပါသေးတယ်။

ကလေးတွေမှာ ဖြစ်တဲ့ ဂေါက်ရောဂါဟာ (Juvenile gout လို့လည်း ခေါ်ပါသေးတယ်) အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲစေနိုင်သလို ကျောက်ကပ်မှာလည်း ကျောက်တည်စေနိုင်ပါတယ်။ ရောဂါဖြစ်တဲ့ အဆစ် သုံးမရတော့တဲ့ အထိဖြစ်သွားနိုင်တဲ့အတွက် အရေးကြီးပါတယ်။ ကံကောင်းတာက ဂေါက်ရောဂါဟာ ကလေးတွေမှာ ဖြစ်တာရှားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးဂေါက်ရောဂါနဲ့ပတ်သက်ပြီး သိထားမယ်ဆိုရင် ကိုယ့်ကလေးမှာ ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement