backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

မည်သည့်အကြောင်းများကြောင့် မွေးကင်းစကလေးများတွင် အသားဝါခြင်း ဖြစ်ရသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

မည်သည့်အကြောင်းများကြောင့် မွေးကင်းစကလေးများတွင် အသားဝါခြင်း ဖြစ်ရသလဲ

မွေးကင်းစကလေးများ၏ အသားအရေနှင့် မျက်လုံးများဝါလာခြင်းကို စပြီးသတိပြုမိပါက ထိုကလေး၏ ကိုယ်ထဲတွင် အဝါဓါတ်များနေပြီ ဖြစ်ပါသည်။

အဝါဓါတ်များခြင်းကို ဖြစ်စေသော အဓိက အကြောင်းများ

သွေးထဲတွင်ရှိသော အဝါဓါတ် (Bilirubin)များ ပိုလျှံနေခြင်းကြောင့် အသား၊ မျက်လုံးများဝါခြင်းဖြစ်ရပါသည်။ ထိုအဝါဓါတ်များသည် ကိုယ်ထဲမှ သုံးစွဲပြီးသား သွေးနီဥများ ပြိုကွဲရာမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ထိုအဝါဓါတ်များကို သွေးထဲမှတဆင့် အသည်းမှ စစ်ယူပြီး အစာချေစနစ်ထဲသို့ စွန့်ထုတ်ပါသည်။ မွေးကင်းစကလေးများတွင် အသည်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးသည့်အတွက် အဝါဓါတ်များကို စွန့်ထုတ်နိုင်ခြင်းမရှိသေးသည့်အတွက် အသားဝါလာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မွေးကင်းစကလေးများတွင်အသားဝါခြင်းသည် ဇီဝဖြစ်စဉ်ကြောင့် ဝါခြင်းဖြစ်ပြီး ၂ ရက် ၃ ရက်သားခန့်တွင် စတင်ဖြစ်ပေါ်လေ့ရှိပါသည်။

အခြားအကြောင်းများ

အခြားသော အကြောင်းများကြောင့် အသားဝါခြင်းများသည် အထက်ဖော်ပြပါဖြစ်စဉ်ထက် စောပြီး ဝါလေ့ရှိပါသည်။ ထိုသို့ဖြစ်စေနိုင်သော အကြောင်းများမှာ

· အတွင်း ကလီစာများတွင် သွေးထွက်ခြင်း

· သွေးဆိပ်တက်ခြင်း

· ဗိုင်းရပ်စ်ပိုးများ၊ ဘက်တီးရီးယားပိုးများ ဝင်ခြင်း

· အမေ့သွေးနှင့် ကလေးသွေးတို့ သဟဇာတ မဖြစ်ခြင်း

· အသည်း၏ လုပ်ငန်းဆောင်တာများ မူမမှန်ခြင်း

· အင်ဇိုင်းဓါတ်များ ချို့တဲ့ခြင်း

· သွေးနီဥများ မူမမှန်ခြင်း တို့ဖြစ်ပါသည်။

ဆိုးရွားပြင်းထန်သော အသားဝါခြင်းများကိုဖြစ်နိုင်ချေများစေသော အချက်များသည် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေပါသည်။

· လမစေ့မီ မွေးခြင်း

၃၈ ပတ်မတိုင်မီ မွေးသောကလေးများသည် အဝါဓါတ်များကို လျှင်မြန်စွာ မစွန့်ထုတ်နိုင်သေးသည့်အတွက် အသားဝါခြင်းဖြစ်ရသည်။ ထို့ပြင် ထိုကလေးများသည် အစားနဲခြင်း၊ အူလမ်းကြောင်းများလှုပ်ရှားမှုနည်းခြင်းတို့ကြောင့် ဝမ်းမှတဆင့် အဝါဓါတ်စွန့်ထုတ်မှုနည်းခြင်းကြောင့်လည်း အသားဝါစေနိုင်ပါသည်။

· ကလေးမွေးစဉ်တွင် ကလေးအားထိခိုက်မိခြင်းကြောင့် သွေးခြေဥခြင်း

ကလေးများသည် မွေးဖွားနေစဉ်အတွင် သွေးခြေဥခြင်းများစွာဖြစ်ပါက သွေးနီဥများ ပြိုကွဲပျက်စီးသည့်အတွက် အဝါဓါတ်များခြင်းဖြစ်ပါသည်။

· သွေးအမျိုးအစား

အမေ့သွေးသည် ကလေးသွေးနှင့် သဟဇာတ မဖြစ်ပါက ကလေးသည် အချင်းမှတဆင့် ခုခံစွမ်းများရရှိကာ သွေးနီဥများ ပြိုကွဲပျက်စီးသည့်အတွက် အဝါဓါတ်များခြင်းဖြစ်ပါသည်။

· မိခင်နို့တိုက်ခြင်း

မိခင်နို့စို့သော ကလေးများ၊ အထူးသဖြင့် ထိန်းရခက်သော ကလေးများ သို့မဟုတ် မိခင်နို့ တမျိုတည်းသာသောက်သော ကလေးများသည် အသားဝါနိုင်ခြေ ပိုများပါသည်။ ရေဓါတ်နည်းခြင်း၊ အာဟာရတန်ဖိုးနည်းစွာရရှိခြင်းတို့သည် အသားဝါခြင်းကို စဖြစ်စေပါသည်။ သို့သော် မိခင်နို့သည် ဆိုးကျိုးများထက် ကောင်းကျိုးများ ပိုဖြစ်စေနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ထောက်ခံထားပါသည်။

အဝါဓါတ်များခြင်း၏ လက္ခဏာများ

အသားဝါခြင်း၊ မျက်လုံးဝါခြင်းများကို ၂ ရက် ၃ ရက်သားခန့်တွင်စတင် ဖြစ်ပေါ်ပါသည်။ ကလေး၏မျက်နှာတွင် အဝါရောင်စဖြစ်လာပြီးနောက် ရင်ဘတ် ၊ ဝမ်းဗိုက်ပိုင်းနှင့် ခြေထောက်များသို့ ဝါသွားခြင်းဖြစ်ပါသည်။ မျက်လုံးများဆီသို့ပါ အဝါဓါတ်များ ပြန့်နှံ့သွားနိုင်ပါသည်။

မိဘများအနေဖြင့် အသားဝါနေသော ကလေးကို ဂရုစိုက် စောင့်ကြည့်ရမည်ဖြစ်ပါသည်။ အသားညိုသော ကလေးမျာတွင် အသားဝါခြင်းကို သတိပြုမိခဲပါသည်။ သင့်ကလေးကို အသားဝါနေကြောင်း သံသယရှိလျှင် နှာသီးထိပ်ဖျား သို့မဟုတ် နဖူးကို ဖိခြင်းဖြင့် စမ်းသပ်ကြည့်နိုင်ပါသည်။ ထို့နောက် ပြန်လွှတ်လိုက်ပါ။ ပြန်လွှတ်လိုက်ချိန်တွင် အသားသည် ဝါပြီး ကျန်ခဲ့ပါက သင့်ကလေးတွင် အဝါဓါတ်များနေပြီဖြစ်ပါသည်။

အဝါဓါတ်များခြင်းကို ကုသနိုင်မည့် နည်းလမ်းများ

အသားဝါသော မွေးကင်းစကလေးများတွင် အများစုသည် ကုသရန်မလိုပါ။ အသားဝါခြင်း အပျော့စားအဆင့် ၊ အလယ်လတ်အဆင့်များသည် အသားဝါပြီး ၁ ပတ် ၂ ပတ်ခန့်အကြာတွင် ပျောက်ကင်းသွားတတ်ပါသည်။ ထိုအချိန်တွင် ကလေးငယ်၏ကိုယ်တွင်း အင်္ဂါများ ဖွံ့ဖြိုးလာခြင်းကြောင့် အဝါဓါတ်များကို စွန့်ထုတ်ပစ်လိုက်ခြင်းဖြစ်ပါသည်။

ထို့ကြောင့် မိခင်နို့ကို ပုံမှန်အတိုင်းတိုက်ကျွေးခြင်း၊ ဖော်မြူလာဖြင့်ဖော်စပ်ထားသော နို့မှုန့်များတိုက်ခြင်းဖြင့် အဝါဓါတ်များသည် မစင်ထဲတွင် အလိုလို ပါသွားမည်ဖြစ်ပါသည်။ အချို့သော ကလေးများတွင် ကလေးဆရာဝန်သည် မိခင်နို့တိုက်ခြင်းကို ခဏရပ်ထားရန် အကြံပေးပါလိမ့်မည်။ ထိုသို့သော အခြေအနေမျိုးတွင် မိခင်သည် ကိုယ်ထဲမှ သဘာဝအလျောက်ထွက်နေသော နို့ရည်ကို ညှစ်ထုတ်နေပါ။ ထို့နောက် ကလေးကို အဝါဓါတ်များပျောက်သွားချိန်မှသာလျှင် နို့စတိုက်ပါ။

အဝါဓါတ် အလွန်အကျွံများသော ကလေးများတွင် အလင်းရောင်ကုထုံးဖြင့် ကုသခြင်းသည် အဝါဓါတ်များကို လျော့နည်းစေပါသည်။ နည်းမျိုးစုံဖြင့်ကုသသော်လည်း အဝါဓါတ်များ လျော့သွားခြင်းမရှိပါက သွေးသွင်းခြင်းဖြင့် ကုသနိုင်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement