backup og meta

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေရင် ဘယ်လိုလုပ်ရမလဲ

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေတယ်လို့ သိလိုက်ရတာဟာ အင်မတန်မှကို ရင်ဆိုင်ရခက်ခဲတဲ့ အခြေအနေဖြစ်ပြီး သင့်အနေနဲ့ နောက်ကျောဓါးနဲ့အထိုးခံရသလို အရမ်းကိုတုန်လှုပ်စိတ်ပျက်သွားမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုချိန်ဟာ ဒါတွေတွေးနေရမယ့် အချိန်မဟုတ်ပါဖူး။ အခုချိန်မှာ အရေးကြီးဆုံးက သင့်သား သမီးကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာအောင် ဆွဲတင်ပြီး သူတို့ဘဝရေတိမ်မနစ်အောင် ပြန်လည်တည့်မတ်ပေးဖို့ပါ။ ဒါကြောင့် ကိုယ့်သားသမီးမူးယစ်ဆေးသုံးစွဲနေတယ်လို့သိလိုက်ရတဲ့အခါ မိဘတွေပြုလုပ်သင့်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး အခုဆောင်းပါးလေးမှာ ဖတ်ရှုနိုင်ပါတယ်။

သင့်သားသမီး မူးယစ်ဆေးသုံးစွဲနေရင် ဘယ်လိုလုပ်ရမလဲ

သင့်စိတ်ကို ပြင်ဆင်ပါ။

ပထမဆုံး သိထားသင့်တဲ့အချက်က ထိတ်လန့်တကြား၊ ဒေါသတကြီးနဲ့အလွန်အကျွံမတုံ့ပြန်မိစေဖို့ပါပဲ။ ဒီလိုအချိန်မှာ ဒေါသတကြီးနဲ့ အော်ဟစ်ဆဲဆိုတာထက် အခြေအနေပိုဆိုးသွားစေမယ့်အရာမရှိပါဖူး။ ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်ပါ။ သင့်ကလေးကို လမ်းကြောင်းမှန်ပေါ် ပြန်ဆွဲတင်ဖို့ဆိုရင် သင့်အနေနဲ့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖို့လိုအပ်ပါတယ်။ သူတို့လေးတွေကို နားလည်ပေးနိုင်ဖို့ ကြိုးစားပါ။ သူတို့ဟာငယ်ငယ်လေးရှိပါသေးတယ်။ လူတိုင်းမှားတတ်တယ်ဆိုတာကို သတိချပ်ပါ။ သင့်ကိုယ်သင်လည်း အပြစ်မတင်ပါနဲ့။ ကိုယ့်သားသမီး အခုလို ဆေးစွဲတာမျိုးဖြစ်ပြီဆိုရင် မိဘတွေအနေနဲ့အပြစ်ရှိသလို ခံစားရမှာ၊ အသုံးမကျညံ့ဖျင်းသလိုခံစားရမှာ အသေအချာပါပဲ။ ဒါပေမယ့် အခုအချိန်မှာ သင့်ရဲ့စိတ်နဲ့အင်အားတွေကို သူတို့အတွက် ဘယ်လိုအပြည့်အဝ အသုံးချမလဲဆိုတာကိုပဲ တွေးပါ။ သင်ဟာ စိတ်ပျက်ဖို့ကောင်းတဲ့ မိဘတဦးဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်ကစပြီး သင့်ကလေးကိုကူညီဖို့ အကောင်းဆုံးကြိုးစားပါတော့။

သူတို့နဲ့ အေးအေးဆေးဆေးစကားပြောလို့ရမယ့် ပတ်ဝန်းကျင်အခြေအနေတခုကို ဖန်တီးပါ။

ဒါဟာအရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။ ဒီထက်ပိုပြီးအရေးကြီးတဲ့အချက်ကတော့ သူတို့ကို ဘယ်လိုချဉ်းကပ်မလဲ၊ သူတို့နဲ့ဘယ်လိုဆွေးနွေးမလဲဆိုတာပါပဲ။ “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး” ဆိုတာမျိုး မဖြစ်ရလေအောင် ဂရုစိုက်ပါ။ နားလည်ပေးဖို့ပဲ ကြိုးစားပါ။ အခြေအနေကို ပိုဆိုးမလာပါစေနဲ့။ အသုံးဝင်နိုင်တဲ့ အချက်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

• ပထမဦးဆုံး သင့်အိမ်ထောင်ဖက်နဲ့ အရင်ဆွေးနွေးပါ။ သူကရော ဘယ်လိုတွေးလဲ။ ဘယ်လိုအကြံဉာဏ်တွေရှိလဲဆိုတာကို မျှဝေတိုင်ပင်ပါ။ အကောင်းဆုံးသောနည်းလမ်းကို အတူတကွသုံးသပ်အဖြေထုတ်ပါ။ ကလေးနဲ့မဆွေးနွေးခင် သင်တို့နှစ်ယောက်လုံး စိတ်တူကိုယ်တူတိုင်ပင်သဘောတူပြီးသား ဖြစ်သင့်ပါတယ်။ နို့မို့ဆိုသူ့အနေနဲ့ဘယ်သူ့စကားနားထောင်ရမယ်မသိ ဖြစ်သွားပါလိမ့်မယ်။

• သင့်ကလေးအနေနဲ့သက်တောင့်သက်သာရှိမယ့်၊လုံခြုံတယ်လို့ခံစားရမယ့်နေရာကိုရွေးချယ်ပြီး စတင်စကားပြောပါ။

• ကလေးကို လည်ပင်းညှစ်ပြီး အပြစ်တင်တာထက် နားလည်မှုပေးနိုင်ဖို့ကြိုးစားပါ။ သူတို့လေးတွေ အဖြေရမကြပ်စေမယ့်မေးခွန်းတွေကိုမေးပါ။ ဥပမာ “မင်းသာအဖေတို့နေရာမှာဆို ဘယ်လိုခံစားရမလဲ” “အဖေတို့မင်းကိုဘယ်လိုကူညီနိုင်မလဲ” စသဖြင့်ပေါ့။ သူတို့ကို သင်ဂရုတစိုက်ရှိကြောင်း၊ နားလည်ပေးနိုင်ကြောင်းကို သိသာအောင် ပြသပါ။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ သူတို့ကို အတင်းအကြပ်တစုံတခုလုပ်ခိုင်းနေတယ် ဒါမှမဟုတ် မလုပ်ရအောင် တားဆီးနေတယ်လို့ခံစားရရင် သင်နဲ့ပူးပေါင်းမှာ၊ ကောင်းကောင်းမွန်မွန်ဆက်ဆံမှာ မဟုတ်ပါဖူး။ သင့်စကားနားထောင်ဖို့ဆိုတာ ဝေလာဝေးပေါ့။

• “မင်းကိုငါ အရမ်းစိတ်ပျက်တယ်” “အသုံးမကျတဲ့ကောင်” စတဲ့ စကားမျိုးတွေကို မပြောဖို့၊ သူတို့ကို တခြားကလေးတွေနဲ့ မနှိုင်းမိဖို့ သတိထားပါ။ ဒီလိုတွေပြောမိလုပ်မိရင် သူတို့ကို ကူညီရာမရောက်ဘဲ နှစ်ရာသာရောက်တာမို့ အားလုံးပျက်စီးသွားပါလိမ့်မယ်။

• နူးညံ့ပါ။ ကြင်ကြင်နာနာဆက်ဆံပါ။ အခုချိန်မှာ သူတို့ကို ကူညီကယ်တင်နိုင်တာ သင်ပဲရှိတယ်ဆိုတာ မမေ့ပါနဲ့။

သင်ဟာ မိဘကောင်းတယောက် ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ကလေး မူးယစ်ဆေးဝါးရဲ့သားကောင်ဖြစ်မသွားဖို့ဒီအချက်က အာမခံမပေးနိုင်ပါဖူး။ ဒါကြောင့် ဝမ်းနည်းနောင်တရတာ၊ သင့်ကိုယ်သင် အပြစ်တင်တာတွေဟာ ဒီအခြေအနေ၊ ဒီအချိန်မှာ အသုံးမဝင်ပါဖူး။ အဲ့ဒီအစား တကယ်လိုအပ်တဲ့အရာဖြစ်တဲ့သင့်ကလေးနဲ့ဆွေးနွေးတာ၊ တိုင်ပင်စကားပြောတာ ဒါမှမဟုတ် သူ့ကိုကူညီပေးတာမျိုးကိုပဲ အမြန်ဆုံးလုပ်ပါ။ သူတို့အနေနဲ့သင့်ကိုကလန်ကဆန် ပြန်လုပ်ကောင်းလုပ်ပါလိမ့်မယ်။ သင့်အကူအညီကို ငြင်းဆန်ကောင်းငြင်းဆန်ပါလိမ့်မယ်။ ဒါပေမယ့် နောင်တချိန်ကျရင် သင့်ကိုသူတို့ကျေးဇူးတင်နေမှာဖြစ်တာကြောင့် အတတ်နိုင်ဆုံးကြိုးစားပါ။ အပ်နဲ့ထွင်းခံရတာလည်း နာကျင်တယ်ဆိုပေမယ့် ပေါက်ဆိန်နဲ့ပေါက်ခံရတာထက်တော့ သာပါလိမ့်မယ်ဆိုတာကို မြဲမြဲမှတ်ထားသင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Teens and Drugs: What a Parent Can Do to Help, Dec 2, 2016

http://psychcentral.com/lib/teens-and- drugs-what- a-parent- can-do- to-help/

 

What Can I Do if My Teen Is Using Drugs?

http://www.familylife.com/articles/topics/life-issues/challenges/addiction/what- can-i- do-if- my-teen- is-using-drugs

 

My Child Is Using Drugs or Drinking Alcohol—What Should I Do?

https://www.empoweringparents.com/article/my-child- is-using- drugs-or- drinking-alcohol- what-should- i-do/

ယခုပုံစံ

12/05/2020

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ