backup og meta

သင့်ကလေးကို အစာစားချင်စိတ်တိုးလာစေမယ့် နည်းလမ်း (၅)ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို အစာစားချင်စိတ်တိုးလာစေမယ့် နည်းလမ်း (၅)ခု

    သင့်ကလေးက အစားစားရာမှာ အခုတစ်မျိုးကြိုက်လိုက်၊တော်ကြာအကြိုက်ပြောင်းလိုက်၊ ဘယ်အရာကိုမှ များများစားစား မစားတဲ့သူလား။ ဒါမှမဟုတ် အစားစားဖို့ထက် ကစားဖို့ဆော့ဖို့ကိုပဲပိုအာရုံစိုက်နေသလား။

    အစားရွေးတဲ့ကလေး၊ အစားနည်းတဲ့ကလေးတွေရဲ့ မိဘတွေအနေနဲ့ ကလေးကို အစားအစာမျိုးစုံကို ကြိုးစားကျွေးကြည့်သင့်ပါတယ်။ မိဘအတော်များများက ကိုယ့်ကလေးအစားကောင်းကောင်းမစားတဲ့အပေါ် စိတ်ပူတတ်ကြပါတယ်။ ကလေးကို အစားပိုဝင်အောင် နည်းပေါင်းစုံနဲ့ကြိုးစားတတ်ကြပေမယ့် ကလေးတွေရဲ့တစ်ပတ်အတွင်းစားသောက်မှုအာဟာရမှာ လိုအပ်တဲ့အာဟာရဓါတ်တွေ ပါရှိဖို့လည်းလိုအပ်ပါတယ်။ ကလေးရဲ့အစားစားချင်စိတ်ကိုမြှင့်တင်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့နေရာမှာ ဒီအချက်လေးတွေက အဓိကကျပါတယ်။

    ၁ ။ ဘာလို့အစာသိပ်မစားချင်တာလဲဆိုတာ အကြောင်းရင်းကိုသိအောင်လုပ်ပါ

    ကလေးက စားချင်စိတ်ကိုရှိပုံမရတာ၊ အစားကိုငြင်းနေတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ ဖျားနေတာ၊ ဝမ်းပျက်နေတာ၊ ဝမ်းချုပ်နေတာ၊ သန်ထနေတာ စတဲ့အကြောင်းရင်းခံတွေရှိနိုင်ပါတယ်။ ဒါမှမဟုတ် စားဖို့ကို စိတ်မဝင်စားတာလည်းဖြစ်နိုင်ပါတယ်။ အဆော့မက်ပြီး အစားကိုစိတ်မဝင်စားတာလားဆိုတာလည်း သတိထားကြည့်ပါ။

    ၂။ ကလေးမစားချင်တဲ့အချိန်မှာ အတင်းမကျွေးပါနဲ့

    ကလေးကသိပ်မဆာသေးတဲ့အချိန်မှာ ထမင်း သို့မဟုတ် သရေစာတွေ အတင်းအကျပ်မကျွေးပါနဲ့။ ဒါ့အပြင် တချို့စားစရာတွေ အတင်းစားခိုင်းတာမျိုး၊ ပန်းကန်ထဲကအစားအစာတွေကုန်အောင်စားရမယ်ဆိုတာမျိုး ဖိအားမပေးသင့်ပါဘူး။ကလေးက ထမင်းစားချိန်တွေမှာစိတ်ပူပန်မှုရှိနေတာ၊ စိတ်ရှုပ်နေတာ၊ ဗိုက်ဆာ၊မဆာကိုတောင်အာရုံမရှိတာမျိုး၊ ဗိုက်ပြည့်နေတာမျိုးဖြစ်နေနိုင်ပါတယ်။

    ကလေးကို စားချင်စိတ်မရှိချိန်မှာ အများကြီးစားနေရတဲ့ မနိုင်ဝန်ထမ်းရတဲ့အဖြစ်မျိုးမဖြစ်စေဖို့ နည်းနည်းချင်းပဲကျွေးပါ။ ဒါမှ သူစားနေတဲ့အပေါ်အခြေအနေကြည့်ပြီး လိုတဲ့အခါ ထပ်ဖြည့်ပေးလို့ရပါတယ်။

    ၃။ အစာစားချိန်ပုံမှန်သတ်မှတ်ပါ

    ထမင်းနဲ့သရေစာမုန့်တွေကို ဘယ်အချိန်တွေမှာကျွေးမယ်ဆိုတာ နေ့တိုင်း အချိန်သတ်မှတ်ပြီးကျွေးပါ။ ကလေးက ထမင်းကောင်းကောင်းမစားဘူးဆိုရင် သရေစာကျွေးတဲ့အချိန်ပုံမှန်သတ်မှတ်ကျွေးတဲ့အခါ အာဟာရပြည့်တာကိုဦးစားပေးကျွေးလို့ရပါတယ်။ ဥပမာ – အိမ်မှာကိုယ်တိုင်လုပ်ပေးတဲ့ ပူတင်း၊ မုန့်လေးတွေကျွေးတာကောင်းပါတယ်။ အစာစားတဲ့အချိန်မှာ နွားနို့ သို့မဟုတ် အသီးဖျော်ရည်ကို တွဲတိုက်ပေးနိုင်တယ်ဆိုပေမယ့် ထမင်းစားချိန်နဲ့သရေစာစားချိန်တွေမှာရေလည်းတိုက်ပေးပါ။ အချိန်သတ်သတ်မှတ်မှတ်မရှိဘဲ တစ်နေ့လုံး ကလေးကို ဖျော်ရည်တွေ၊ နို့တွေ၊ မုန့်တွေ ခဏခဏကျွေးနေရင်တော့ ထမင်းစားချိန်မှာ စားချင်စိတ်နည်းနေုနိုင်ပါတယ်။

    ၄။ လှုပ်လှုပ်ရှားရှားကစားခိုင်းပါ

    ကလေးကို ဖုန်း၊ တီဗီ၊ ဂိမ်း စတဲ့ အထိုင်နည်းလမ်းတွေနဲ့ ထားမယ့်အစား လှုပ်လှုပ်ရှားရှားကစားခိုင်းတာက အစာစားချင်စိတ်ကိုမြှင့်တင်ပေးပြီး ဗိုက်ပိုဆာစေနိုင်ပါတယ်။ ကလေးပီပီ ပြေးလွှားဆော့ကစားခြင်းကနောက်ပိုင်းဘဝမှာလည်း လှုပ်ရှားမှုနည်းတဲ့နေထိုင်မှုပုံစံနဲ့ ကြီးပြင်းလာစေမှာမဟုတ်ပါဘူး။ ကလေးတွေဟာ တစ်နေ့ကို အနည်းဆုံးတစ်နာရီလောက် လှုပ်ရှားကစားဖို့လိုပါတယ်။ ဥပမာ-ပြေးတာ၊စက်ဘီးစီးတာ။

    ၅။ စားချင့်စဖွယ် အလှဆင်ပြီးဆွဲဆောင်ပါ

    ကိုယ့်သားသမီးအကြောင်းကို မိဘကပဲအသိဆုံးပါ။ အစားအစာသစ်တွေ၊အရသာသစ်တွေကျွေးတဲ့အခါ ကလေးတွေက တွန့်ဆုတ်နေသလား။ ဒီလိုဖြစ်တယ်ဆိုရင် သူမစားဖူးတဲ့အစားအစာသစ်တွေစားဖို့ ကလေးကို ဖိအားမပေးပါနဲ့။ အရင်ကကျွေးခဲ့တဲ့အထဲက သူတို့အရသာရှိတယ်၊ကြိုက်နှစ်သက်တယ်လို့ အမူအရာပြဖူးတဲ့ အာဟာရဖြစ်စေမယ့်အစားအစာတွေကို စာရင်းမှတ်ထားပါ။ နောက်ကျရင် ကလေးတွေကိုကျွေးဖို့ စီစဉ်တဲ့အခါပြန်အသုံးချလို့ရပါတယ်။ အစားအစာသစ်တွေကိုစမ်းကျွေးတော့မယ်ဆိုရင်ပဲဖြစ်ဖြစ် ဘယ်အစားစာပဲကျွေးကျွေး ကလေးတွေကြိုက်လောက်တဲ့ ပုံစံလေးတွေ စားချင့်စဖွယ်ပြင်ဆင်ပြီး ကလေးတွေနှစ်သက်တဲ့အရာကို ဦးစားပေးရွေးချယ်ပါ။(ပြင်ဆင်ပေးတဲ့အစားအစာတွေကဘေးဥပါဒ်ကင်းပြီး အာဟာရပြည့်စေဖို့တော့လိုပါတယ်) ကလေးတွေကြိုက်တဲ့ အသီးအနှံတွေကို ကာတွန်းဇာတ်ကောင်ပုံစံ၊ ခွေးလေးကြောင်လေးပုံစံ ခပ်ဆင်ဆင်တူအောင် ပုံဖော်လှီးထားတာမျိုးတင်ကဘဲ ထမင်းနဲ့ဟင်း၊ အသီးအရွက်တွေကိုပါ အနုပညာဆန်ဆန် အလှပြင်ဆင်ပေးရင် စားချင်စိတ်ဖြစ်လာစေနိုင်ပါတယ်(ဆော့ပြီးမဖျက်ဆီးပစ်အောင်တော့ ထိန်းပေးပါ)။

    အသီးအနှံတွေပါတဲ့ အချိုပွဲတွေကျွေးပေးတာက စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ အသီးအနှံတွေက အစာချေဖျက်မှုကိုအားပေးပြီး ဇီဝကမ္မဖြစ်စဉ်ကိုမြှင့်တင်ပေးပါတယ်။ စိတ်ပညာအရဆိုရင် အသီးတွေစားရဖို့မြင်နေရင် ကလေးတွေက ထမင်းကိုမြန်မြန်အပြီးစားလိုက်ချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။ စတော်ဘယ်ရီသီး၊ စပျစ်သီးနဲ့ ပန်းသီးတို့က စားချင်စိတ်ကိုဖြစ်စေတဲ့ အကောင်းဆုံးနှိုးဆွပေးတဲ့အသီးတွြေုဖစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement