brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ

လူဆိုတာ မွေးကတည်းက အရပ်က ရှည်ရှည်လာပြီး growth plateလို့‌ခေါ်တဲ အရိုးထဲက အရပ်ရှည်တဲ့နေရာလေး ပိတ်သွားရင် ဆက်မရှည်တော့တာ ပုံမှန်ပါပဲ။ အရပ်က ရှည်တတ်သလို ပြန်လည်း ပုတတ်ဆိုတာကိုရော သိကြပါသလား။ အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ။

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ

လူတစ်ယောက်ရဲ့ အရပ်ဆိုတာ

တစ်ယောက်နဲ့ တစ်ယောက် အရပ်တွေ မတူဘူးဆိုတာက မိဘမျိုးရိုးနဲ့ သက်ဆိုင်ပါတယ်။ ဒါတွေအပြင် ကျား/မ၊ ကိုယ်တွင်းက ဟော်မုန်းပမာဏ၊ ကိုယ်စားသောက်တဲ့ အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှု စတဲ့ အချက်တွေ အပေါ်လည်း မူတည်ပါတယ်။

ကိုယ်အရပ်ဘယ်လောက်ရှည်မလဲဆိုတာကို အကြမ်းအားဖြင့် တွက်နိုင်တဲ့ နည်းကတော့

  • အဖေနဲ့ အမေနဲ့ အရပ်ကို ပေါင်း (လက်မဖြစ်ဖြစ်၊ စင်တီမီတာဖြစ်ဖြစ်)
  • ကိုယ်က ယောကျာ်းလေးဆို ၅လက်မ (၁၃စင်တီမီတာ)ပေါင်း၊ မိန်းကလေးဆို ၅လက်မ (၁၃စင်တီမီတာ)နှုတ်
  • ရလာတဲ့အဖြေကို ၂နဲ့ စားလိုက်ရုံပါပဲ။

နောက်ထပ် လွယ်ကူတဲ့ နည်းကတော့ ယောကျာ်းလေးဆို အသက် ၂နှစ်မှာ ရှိတဲ့ အရပ်ကို ၂ဆ၊ မိန်းကလေးဆို အသက် ၁နှစ်ခွဲမှာရှိတဲ့ အရပ်ကို ၂ဆလုပ်လိုက်ရင် ကြီးလာတဲ့ အရပ်ဘယ်လောက်ရှည်မလဲဆိုတာကို ခန့်မှန်းခြေ သိနိုင်ပါတယ်။

များသောအားဖြင့်တော့ အသက် ၁၈-၂၀လောက်ဆိုရင် အရပ်ရှည်တာရပ်သွားပါပြီ။

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ

၁၈-၂၀နောက်ပိုင်းမှာ အရပ်က ထပ်မရှည်တော့ဘူး။ ဒါပေမယ့် ပြန်ပုသွားတာတော့ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတွေကတော့

  • ကျောရိုးဆစ်တွေ ပြားလာတာ

လူကြီးတစ်ယောက်ရဲ့ ကျောရိုးမှာ ကျောရိုးဆစ်ပေါင်း ၂၀ကျော် ရှိပါတယ်။ ဒီအဆစ်တွေ ကောင်းကောင်းလှုပ်ရှားနိုင်အောင် ကြားထဲမှာ ‌ရာဘာလိုမျိုး အရိုးနုပြားလေးတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အသက်ကြီးလာတဲ့အခါ၊ ကျောရိုးကို ဝန်ပိတာ များတဲ့အခါ (ဥပမာ အထိုင်များတာ) အဆစ်ကြားက အရိုးနုပြားလေးတွေက တဖြည်းဖြည်း ပါးလာပါတယ်။ ဒီတော့ ကျောရိုးတိုပြီး အရပ်ပုသွားတာပေါ့။

  • အရိုးပွတာ

အသက်ကြီးလာတာနဲ့အမျှ အရိုးရဲ့ တည်ဆောက်ပုံတွေက နှေးနှေးလာပါတယ်။ အရိုးသိပ်သည်းဆနည်းပြီး အရိုးပွလာပါတယ်။ အရိုးပွလာတဲ့အခါ အရပ်ပါ ပုလာပါတယ်။ နောက်ပိုင်းမှာ အရိုးကျိုးနိုင်လည်း များလာပါတယ်။ အသက်ကြီးတဲ့သူတွေမှာ အရပ်ပုလာတာက အရိုးပွတာရဲ့ အစောဆုံး လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

  • အသက်ကြီးလာတာ

ပုံမှန်အားဖြင့်လည်း အသက်ကြီးလာရင် အရပ်ပြန်ပု လာတတ်ပါတယ်။ အသက် ၄၀လောက်က စပြီး ၁၀နှစ်ကြာတိုင်းမှာ ၂လက်မလောက် ပြန်ပုသွားနိုင်ပါတယ်။ ကျန်တဲ့ ဘဝတလျှောက်လုံးမှာ အမျိုးသမီးတွေက ၂လက်မလောက်၊ အမျိုးသားတွေက ၁လက်မခွဲလောက် အရပ်ဆုံးရှုံးတာ ဖြစ်တတ်ပါတယ်။

အသက်ကြီးလာရင် အရပ်ပြန်ပုတာ ပုံမှန်ဆိုပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ အရိုးပွရောဂါကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

  • အာဟာရချို့တဲ့တာ

အာဟာရပြည့်ဝအောင် စားသောက်တာက အလုံးစုံကျန်းမာရေးအတွက်ရော အရိုးတွေ ကျန်းမာစေဖို့ရော အထောက်အကူဖြစ်ပါတယ်။ အစားအသောက်ပုံစံမကျလို့ အာဟာရချို့တဲ့တာ၊ အဝလွန်တာတွေက အရိုးအပေါ်မှာ သက်ရောက်မှု ဖြစ်နိုင်ပါတယ်။

  • ကယ်ဆီယမ် မလုံလောက်တာ

ကယ်ဆီယမ်က အရိုးတွေကို သန်မာစေရုံသာမကဘဲ ကြွက်သားတွေနဲ့ နှလုံးတို့ ပုံမှန်လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ အသက် ၅၀အောက်ဆိုရင် တစ်ရက်ကို ကယ်ဆီယမ် ၁,၀၀၀ မီလီဂရမ် လိုအပ်ပါတယ်။ အမျိုးသမီးတွေမှာ အသက် ၅၀ကျော်လာရင် ဒါမှမဟုတ် အမျိုးသားတွေမှာ အသက်၇၀ကျော်လာရင် တစ်ရက်ကို ကယ်ဆီယမ် ၁,၂၀၀ မီလီဂရမ် လိုအပ်ပါတယ်။

  • ကြွက်သားဆုံးရှုံးမှုတွေ ဖြစ်လာတာ

အသက်ကြီးလာရင် ကြွက်သားတွေလည်း ဆုံးရှုံးလာပါတယ်။ အသက် ၃၀ကျော်လာတာနဲ့ ၁၀နှစ်ပြည့်တိုင်း ကြွက်သား ၃-၅ ရာခိုင်နှုန်း ဆုံးရှုံးနေပါတယ်။ ကြွက်သားတွေ ဆုံးရှုံးလာတာကြောင့် အရိုးတွေပါ အားနည်းပြီး လျော့ရဲလာပါတယ်။

အသက်ကြီးလာလို့ အရပ်ပြန်ပု လာတာကို ဘယ်လိုကာကွယ်ကြမလဲ။

၁၈-၂၀နောက်ပိုင်းမှာ အရပ်က ဆက်မရှည်တော့ဘူးဆိူပေမယ့် အရပ်ပြန်ပုတာ နည်းသွားအောင်တော့ လုပ်လို့ ရပါသေးတယ်။ အရပ်ပြန်ပုတာကလည်း လူငယ်တွေမှာလည်း လူကြီးပိုင်းတွေနဲ့ ဘိုးဘိုးဘွားဘွားတွေ အရွယ်မှာ ဖြစ်တာ များပါတယ်။

အရပ်ပြန်မပုဖို့ဆို အရိုးနဲ့ ကြွက်သားတွေ သန်မာဖို့ လိုပါတယ်။ ဒီအတွက် လုပ်ပေးနိုင်တာတွေကတော့

  • အာဟာရပြည့်ဝအောင် စားပါ။

အထူးသဖြင့်တော့ အရိုးတွေကို သန်မာစေမယ့် ကယ်ဆီယမ်နဲ့ ဗီတာမင်ဒီ၊ ကြွက်သားတွေ မဆုံးရှုံးစေဖို့ ပရိုတင်း ကြွယ်ဝတာတွေ စားပေးဖို့ လိုပါတယ်။

အသား၊ ငါး၊ အသီးအရွက်၊ နို့၊ ဥ စတာတွေကို နေ့စဉ်ပါဝင်အောင် စားမယ်ဆိုရင် အရိုးနဲ့ ကြွက်သားအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝနိုင်ပါတယ်။

အသက်ကြီးတဲ့သူတွေမှာတော့ အာဟာရလိုအပ်ချက် များတဲ့အတွက် လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးသောက်ပေးပါ။

  • လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ အရိုးဆုံးရှုံးတာကို ကာကွယ်ပေးပြီး ကြွက်သားတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတွေကို ဦးစားပေး လုပ်ပေးပါ။

လမ်းလျှောက်တာ၊ ခပ်ရွရွပြေးတာ၊ အလေးမတာ၊ ယောဂ စတာတွေ လုပ်လို့ရပါတယ်။ တကယ်လို့ ရောဂါအခံတွေ ရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်ဖို့ လိုပါတယ်။

  • အရိုးထိခိုက်စေနိုင်မယ့် အကျင့်တွေကို စွန့်လွှတ်ပါ။

ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံသောက်တာတွေက အရိုးပွနိုင်ခြေ များစေပါတယ်။ အဝလွန်တာ၊ လူငယ်လူလတ်ပိုင်းတွေမှာ အထိုင်များတာတွေကလည်း အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တာကြောင့် ဒါတွေကို ပြုပြင်ဖို့ လိုပါတယ်။

အကြံပြုချက်

အသက်ကြီးလာတဲ့အခါ အရပ်ပြန်ပု လာတာက သဘာဝပါ။ ဒါပေမယ့် တခြားအရိုးအဆစ်နဲ့ ဆိုင်တဲ့ လက္ခဏာတွေ ရှိနေရင်၊ သိသိသာသာ ပုလာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/04/2024 ဖြစ်ပါသည်။