backup og meta

မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ

    မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ ….. ခန္ဓာကိုယ်အလေးချိန်ဆိုတာ ကိုယ်စိတ်ရှိသလို ပြောင်းလဲပစ်လို့ရပေမယ့် အရပ်နဲ့ ပတ်သက်လာရင်တော့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိကြတာ လူတော်တော်များများပါပဲ။ ဈေးကွက်ထဲမှာ အရပ်ရှည် ဆေးဆိုပြီး ရောင်းတာမျိုးတွေ ရှိပေမယ့်လည်း တကယ်တမ်း အကျိုးအာနိသင်ရှိ၊ မရှိဆိုတာ သေချာစစ်ဆေးလေ့လာထားခြင်းမရှိပါဘူး။

    လူတိုင်း အရပ်ရှည်နိုင်လား။

    အရပ်ရှည် ဖို့အတွက် ကလေးဘဝမှာကတည်းက နေထိုင်စားသောက်မှုပုံစံကို ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်၊ ချက်ချင်းရှည်ထွက်လာနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်မိဘက အရပ်သိပ်မရှည်ဘူးဆိုရင်တော့ ကိုယ့်အတွက် အရပ်ရှည်လာနိုင်ဖို့က တော်တော်လေးကို ကြိုးစားရမှာဖြစ်သလို မဖြစ်နိုင်သလောက်နီးနီးလည်း ရှိပါတယ်။ ဒါပေမယ့် စိတ်တော့မပျက်ပါနဲ့။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာဂရုစိုက်မယ်ဆိုရင် အများကြီးမဟုတ်တောင် အနည်းငယ်တော့ ရှည်လာနိုင်ပါတယ်။

    လူတော်တော်များများ သိထားတာကတော့ အသက် ၁၈ ပြည့်ပြီးသွားရင် အရပ်က ဆက်ပြီးရှည်မထွက်နိုင်တော့ဘူးဆိုတာပါပဲ။ တကယ်တော့ အသက် ၂၅ အထိ အရပ်ရှည်ဖို့ အခွင့်အလမ်းရှိပါသေးတယ်။ နည်းနည်းတော့ ခက်ခဲမယ်၊ သေချာလည်း ကြိုးစားဖို့၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် အရပ်ရှည်ချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

    မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ

    မြန်မြန် အရပ်ရှည် ထွက်လာဖို့ ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ …….

    ၁။ ကိုယ်စားတဲ့အစားအစာက အာဟာရပြည့်ဝပါစေ။

    ကြွက်သားထုတည်ဆောက်သလိုပါပဲ အရပ်ရှည်ထွက်ဖို့အတွက် အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးဖို့ လိုပါတယ်။ အဲ့ဒါကြောင့် နေ့စဉ်နေ့တိုင်း အသား၊ ဟင်းသီးဟင်းရွက်၊ ငါး၊ ဥ၊ အသီးအနှံ၊ ပဲ၊ ဂျုံပြောင်း၊ နို့ထွက်ပစ္စည်းတွေကို များများစားပေးပါ။ အာဟာရမဖြစ်စေတဲ့ အသင့်စား အစားအစာတွေ၊ အကင်တွေ၊ အကြော်အလှော်တွေကို တတ်နိုင်သလောက်ရှောင်ပါ။

    ၂။ ပရိုတင်းဓာတ်က အရမ်းအရေးကြီးပါတယ်။

    ပရိုတင်းဓာတ်လို့ ခေါ်တဲ့ အသားဓာတ်က ခန္ဓာကိုယ်ရဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်အလေးချိန်တက်ဖို့၊ ကျဖို့ ကူညီပေးသလို အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် ၁၈ မတိုင်ခင်အထိ ပရိုတင်းဓာတ်ကို နေ့တိုင်းလုံလုံလောက်လောက် စားပေးနိုင်မယ်ဆိုရင် အရပ်ရှည်ထွက်လာတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ဒါကြောင့် အဓိကပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကို များများစားပေးသင့်တယ်နော်။

    ၃။ ဗီတာမင် ဒီ ကိုလည်း မေ့မထားလိုက်ပါနဲ့။

    ဗီတာမင် ဒီ ဟာ အရိုးအဆစ်တွေကို ကျန်းမာစေပြီး ကလေးတွေအတွက် ကြွက်သား ကြီးထွားမှုကို ဖြစ်စေတယ်။ ဒီအခါ ကိုယ်ခန္ဓာကပါ အရပ်ရှည်ထွက်လာပြီး လူကောင်ကြီးလာတာဖြစ်ပါတယ်။ ဗီတာမင် ဒီကို နေရောင်ခြည်ကနေလည်း ရနိုင်သလို ငါး၊ မှို၊ ဟင်းသီးဟင်းရွက်ကနေလည်း ရနိုင်ပါတယ်။

    ၄။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားပေးပါ။

    ကယ်လ်စီယမ်ဓာတ်ဟာ နွားနို့ကနေ အများဆုံးရရှိပြီး အသက်အရွယ်မရွေး အကျိုးရှိစေနိုင်ပါတယ်။ အရိုးအဆစ်တွေကို ကြံ့ခိုင်စေလို့ အရပ်ရှည်ထွက်လာအောင် အားဖြည့်ပေးတယ်။ ကလေးတွေနဲ့ လူကြီးအရွယ်မှာ သွားနဲ့ သွားဖုံးကိုလည်း ကောင်းစေလို့ မာတဲ့အစာတွေကို ကောင်းကောင်းဝါးစားနိုင်အောအင် ကူညီပေးပါတယ်။ အဓိက နွားနို့၊ ဒိန်ချဉ်တွေကို သောက်ပေးပါ။ အရိုးပါ ဝါးစားလို့ရတဲ့ ငါးလေးတွေ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးကိုလည်း စားပေးပါ။

    ၅။ လိုအပ်ရင် ဗီတာမင် အားဆေးတွေ သောက်ပေးပါ။

    ဒါကတော့ တချို့အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့သူတွေ၊ အစားရှောင်တဲ့သူတွေ၊ ကိုယ်ခန္ဓာက လိုအပ်တဲ့ အာဟာရကို စုပ်ယူနိုင်ခြင်းမရှိတဲ့သူတွေက ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်။

    ၆။ ပြည့်ဝစွာ အိပ်စက်အနားယူပါ။

    ကလေးနဲ့ လူငယ်တွေဆိုရင် တစ်နေ့တာအိပ်ချိန်ကို လုံလုံလောက်လောက်ရဖို့ လိုပါတယ်။ ကျောင်းနေ အရွယ်ကလေးတွေမှာ ညအိပ်ချိန် ၁၀နာရီမှ ၁၁ နာရီထိ ရှိသင့်ပြီး အသက် ၂၀ နောက်ပိုင်းမှာ ၈နာရီလောက်ထိ ရှိမှသာ ကိုယ်ခန္ဓာက ကောင်းစွာသွေးလည်ပတ်၊ အလုပ်လုပ်နိုင်မှာဖြစ်ပြီး ဆက်ပြီး ကြီးထွားဖွံ့ဖြိုးနေဦးမှာပါ။

    ၇။ လေ့ကျင့်ခန်းလုပ်ပါ။

    အရပ်ရှည်ချင်တဲ့သူတွေ အဓိကလုပ်ပေးလို့ရတာကတော့ ဘားခိုတာနဲ့ ရေကူးတာပါပဲ။ တန်းဘားခိုလိုက်တဲ့အခါ ခန္ဓာကိုယ်အလယ်ပိုင်းနဲ့ လက်မှာရှိတဲ့ ကြွက်သားတွေကို ဆွဲဆန့်ပေးသလို ဖြစ်ပြီး အရပ်ရှည်ထွက်လာဖို့ ကူညီပေးပါတယ်။ ပုံမှန်ရေကူးတဲ့သူတွေမှာလည်း သက်လုံကောင်းစေသလို လက်မောင်း၊ လက်ဖျံ၊ ရင်အုပ်၊ ဝမ်းဗိုက်၊ ခြေသလုံး အစရှိတဲ့ ကြွက်သားတွေအကုန်လုံးကို ကြီးထွားလာစေတာကြောင့် အရပ်ရှည်ထွက်လာနိုင်ပါတယ်။ ဒီတော့ အရပ်ရှည်ချင်တဲ့သူတိုင်း ဒီလေ့ကျင့်ခန်းနှစ်ခုကို မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။

    ၈။ အကြောအချဉ် ဆန့်ပါ။

    အားကစားမလုပ်ခင်၊ လုပ်ပြီး ဒါမှမဟုတ် အရမ်းညောင်းနေတဲ့အချိန်ဆို အကြောအချဉ်တွေ ပြေလျော့သွားအောင် ဆန့်ထုတ်တတ်ကြတယ်မလား။ အဲ့လိုလုပ်ပေးခြင်းကလည်း အရပ်ရှည်စေနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်တယ်နော်။ ဒါကြောင့် အရင်ဆုံး ထိုင်ချပြီး ခြေထောက်နှစ်ဖက်လုံးကို အရှေ့ဘက်ကားထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ခြေချောင်းတွေနဲ့ထိသွားတဲ့အထိ ဆန့်ထုတ်ပေးရပါမယ်။ ၅ စက္ကန့်လောက်ထိပြီးသွားမှ ခါးကို ပြန်မတ်ပြီး နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။ နောက်တစ်မျိုးအနေနဲ့ ခြေနှစ်ဖက်ကို ဘေးကားပြီး ခါးကိုဆောင်းကာ လက်နဲ့ခြေထောက်ထိအောင် ဆန့်တန်းပေးရမှာပါ။ အစပိုင်းမှာတော့ ကူညီပေးဖို့ လူတစ်ယောက်လိုအပ်ပေမယ့် နောက်ပိုင်းအသားကျသွားပြီဆိုရင် ကိုယ်တစ်ယောက်တည်းနဲ့ အကြောအချဉ်ဖြေလျှော့နိုင်မှာပါ။

    ၉။ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။

    လမ်းလျှောက်တဲ့အခါ ခါးကိုမတ်မတ်လျှောက်ပါ။ ခါးကုန်းကုန်းနဲ့ လျှောက်တတ်တဲ့အကျင့်ရှိရင် အချိန်ပေးပြီး သေချာဖျောက်ပါ။ ခါးကိုမတ်၊ ရင်ကို ကော့၊ မေးစေ့ကိုမော့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်ပါ။ အိမ်မှာနေရင်းနဲ့လည်း ခေါင်းပေါ်မှာ စာအုပ်တစ်အုပ်တင်ပြီး ခါးကိုမတ်မတ်ထားလျှောက်တတ်ဖို့ လေ့ကျင့်လို့ရပါတယ်။ ခြေထောက်ကို တည့်တည့်ရပ်ပါ။ တစ်ဖက်ကခြေထောက်ကွေးပြီး ရပ်နေတဲ့အကျင့်တွေ ဖျောက်ပါ။ ထိုင်ရင်လည်း အဲ့ဒီအတိုင်းပါပဲ။ ခုံနဲ့ ခါးနဲ့ တစ်သားတည်းဖြစ်နေအောင် ထိုင်ပြီး နောက်ကိုအရမ်းမီတာ၊ ရှေ့ကို အရမ်းကိုင်းလိုက်တာမျိုးတွေ မလုပ်ပါနဲ့။

    ၁၀။ အိပ်တဲ့ပုံစံဟာလည်း ခါးအတွက် အဆင်အပြေဆုံးဖြစ်ပါစေ။

    အရပ်ရှည်ချင်တဲ့သူတိုင်းအတွက် ပက်လက်အိပ်တတ်တဲ့ အကျင့်ကို မွေးပါ။ အိပ်တဲ့အခါ ခြေထောက်ကို တန်းတန်းဆန့်ထားပါ။ ဘေးဘက်ကွေးတာတွေ၊ ဒူးထောင်ပြီး အိပ်တာတွေ မလုပ်ပါနဲ့။ လက်နှစ်ဖက်ကို ဗိုက်ပေါ်တင်တာ၊ ဒါမှမဟုတ် ဘေးဘက်ချထားလို့လည်းရပါတယ်။

    ခုပြောပြသွားတဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ လူတိုင်း အသက် ၂၅ မပြည့်ခင်မှာ အရပ်ရှည်ထွက်နိုင်ဖို့ အခွင့်အရေးရှိသေးတာမို့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ဖို့ ထပ်ပြီး တိုက်တွန်းပေးလိုက်ချင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာပြောင်းလဲမှုနဲ့ ကျန်းမာရေးသည် ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကိုယ်သာပြောင်းလဲချင်စိတ်၊ ကြိုးစားချင်စိတ်ရှိရင် အရာရာဖြစ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement