ဒူးချောင် တာက ရုတ်တရက် ဒူးညွှတ်ပြီး ခွေကျလာတာလည်း ဖြစ်နိုင်သလို ဖြည်းဖြည်းချင်းနဲ့ ပိုဆိုးလာပြီး ပုံမှန်အတိုင်း လှုပ်ရှားဖို့ ခက်လာတာတွေလည်း ရှိနိုင်ပါတယ်။ ရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်သလို ဒူးချောင်တာကြောင့် မတော်တဆချော်လဲပြီး ထိခိုက်မှုတွေလည်း ရှိနိုင်ပါတယ်။
ဘာကြောင့် ဒူးချောင် ရတာလဲ။
ဒူးဆစ်က တခြားအဆစ်တွေနဲ့ မတူဘဲ ရှုပ်ထွေးတဲ့ အဆစ်တစ်ခုပါ။ ရိုးရိုးတန်းတန်း အရိုးနှစ်ခုဆက်ထားရုံတင် မဟုတ်ဘဲ အရွတ်တွဲတွေနဲ့ ရှုပ်ယှက်ခတ်အောင် ထိန်းထားတဲ့ အဆစ်တစ်ခုပါ။ ဒီတော့ ဒီအဆစ်တွေ၊ အရိုးတွေ၊ အရွတ်တွဲတွေမှာ တစ်ခုခုထိခိုက်မှုဖြစ်ရင် ဒူးချောင်လာတတ်ပါတယ်။
ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့
ဒူးမှာ အရွတ်တွဲ ၄ခုရှိပါတယ်။ အရှေ့ရယ်၊ အနောက်ရယ်၊ အတွင်းရယ်၊ အပြင်ဘေးဘက်ခြမ်းရယ်လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ ဒီအရွတ်တွဲတွေ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပြဲထွက်သွားတဲ့အခါမျိုးမှာ ဒူးမခိုင် ဘဲ ဖြစ်တတ်ပါတယ်။ ဥပမာ အရှေ့က အရွတ်တွဲလုံးဝပြဲသွားရင် ချက်ချင်း ဒူးညွှတ်ပြီး ခွေကျလာနိုင်သလို ဘေးဘက်က အရွတ်တွေပြဲတာကျတော့ ချက်ချင်းညွတ်ကျသွားတာမျိုး မဟုတ်ဘဲ လည်ထွက်သွားသလို ခံစားရပါတယ်။
ဒူးအရွတ်ပြဲတဲ့ အမျိုးအစားတွေကတော့
- ဒူးရှေ့အရွတ်ပြဲခြင်း
ရုတ်တရက် လှုပ်ရှားမှုတွေ လုပ်တဲ့အခါ (ဥပမာ အးကစားလုပ်ရင်း ရုတ်တရက် ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်တဲ့အခါ) အရွတ်ပြဲတတ်ပါတယ်။ ခြေထောက်ကို လှည့်ပြီး ကစားရတဲ့ နည်းတွေမှာ ဖောက်ဆို ပြဲပြီး လဲကျသွားတတ်ပါတယ်။ ကားမတော်တဆဖြစ်မှုတွေမှာလည်း တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။
- ဒူးအနောက်အရွတ်ပြဲခြင်း
ညို့သကျီးကို ပြင်းပြင်းထန်ထန်ထိခိုက်လို့ ရှေ့ကို ဒူးနဲ့ကျတယ်ဆိုရင် ဖြစ်တတ်ပါတယ်။ ကားရှေ့ခန်းမှာ ထိုင်နေတုန်း ကားတိုက်လို့ ရှေ့ခြေသလုံးရိုးကို dashboardနဲ့ ဆောင့်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ တခြားအရွတ်ပြဲတာတွေနဲ့ တွဲတွေ့ရတတ်ပါတယ်။
- ဒူးအတွင်းဘက် အရွတ်ပြဲခြင်း
ဒူးကို အပြင်ဘက် ဘေးကနေ ပြင်းပြင်းထန်ထန် ခိုက်မိတဲ့အခါ အတွင်းထဲက အရွတ်ထိတတ်ပါတယ်။ အရွတ်ပြဲတာနဲ့အတူ နာတာ၊ ရောင်တာ၊ ဒူးကွေးလို့မရတာတွေ ဖြစ်တတ်ပါတယ်။
- ဒူးအပြင်ဘက်ဘေးအရွတ်တွဲ ပြဲခြင်း
ဒူးအတွင်းဘက်ကနေ ဖိအားတစ်ခုခုနဲ့ ပြင်းပြင်းထန်ထန်ခိုက်မိရင်၊ ဘောလုံးကန်ရင်း ဒူးအတွင်းဘက်ကို ထိမိတာမျိုးတွေမှာ ဖြစ်တတ်ပါတယ်။ အတွင်းဘက်အရွတ်ပြဲသလိုမျိုး လက္ခဏာတွေ တွေ့ရတတ်ကပါတယ်။
အရိုးနုအခံပြား ပြဲခြင်း
ဒီအရိုးနုအခံပြားတွေက ဒူးဆစ်အတွက် shock absorbersတွေလိုပါပဲ။ ဒူးဆစ်ငြိမ်အောင် ထိန်းထားပေးနိုင်ပါတယ်။ ဒူးဆစ်ကို ရုတ်တရက် လှည့်တာ၊ လည်ထွက်သွားတာမျိုးတွေဆိုရင် အရိုးနုအပြားလေးတွေ ပြဲတတ်ပါတယ်။
ချက်ချင်းဆိုသလို ဒူးဆစ်နာတာ၊ တောင့်တာတွေ ခံစားရပြီး လှုပ်တာနဲ့ ဒူးဆစ်ကနေ အသံထွက်လာနိုင်ပါတယ်။ အရိုးနုခံပြား ပြဲတာက ဒူးဆစ်အရှေ့အရွတ်ပြဲတာနဲ့လည်း တွဲဖြစ်တတ်ပါတယ်။
အသက် ၄၀နဲ့အထက်တွေမှာလည်း အရိုးနုတွေ ပါးလာတာကြောင့် အကြောင်းအရင်းမရှိဘဲ ဒူးချောင်တတ်ပါတယ်။
ဂုံညင်းရိုးကို ဒူးဆစ်မှာ ငြိမ်နေအောင် အရွတ်တွေ၊ အရွတ်တွဲတွေနဲ့ ထိန်းထားတာပါ။ ပုံမှန်ဆိုရင် လှုပ်ရှားမှု လုပ်တိုင်းမှာ ဂုံညင်းရိုးက အလိုက်သင့်လေး မြောင်းလေးတစ်ခုပေါ်မှာ အပေါ်အောက် ရွေ့နေပါတယ်။ ဒီလိုဖြစ်အောင်လည်း အရွတ်တွေက ဝိုင်းထိန်းပေးထားတာပါ။
ဂုံညင်းရိုးကို တိုက်ရိုက်ထိခိုက်မိရင် (ဥပမာ မတော်တဆမှုတွေ၊ အားကစားလုပ်ရင်း ထိမိတာတွေကြောင့်) မြောင်းလေးကနေ ချော်ထွက်သွားတတ်ပါတယ်။ ဒါကို ဂုံညင်းရိုးချော်တယ်လို့ ခေါ်ပါတယ်။ တစ်ခါတလေ ဒူးကို အလှည့်မတော်ရင်လည်း ဂုံညင်းရိုး ပြုတ်ထွက်သွားပြီး ဒူးချောင်တတ်ပါတယ်။
Plica Syndrome
Plica syndrome ဆိုတာက ဒူးဆစ်ထဲမှာရှိတဲ့ အမြှေးပါးလေးတွေ ရောင်ရမ်းတာပါ။ ရုတ်တရက် ဒူးကို ကွေးလိုက်တာ၊ ညွတ်လိုက်တာတွေမှာ ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ဒူးဆစ်ကို အသုံးများတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ လက္ခဏာက အရိုးနုပြဲတာနဲ့ တော်တော်တူပါတယ်။ ဒူးမခိုင်ဘဲ လဲကျမလို ခံစားချက်ရပါတယ်။
အထူးသဖြင့် အသက်ကြီးလာလို့ ဒူးဆစ်ပွန်းပြီး ရောင်တဲ့အခါ အရိုးနုတွေစားပြီး ပါးလာပါတယ်။ ဒီတော့ ဒူးမခိုင်တော့ပါဘူး။
အထူးသဖြင့် ပေါင်အာရုံကြောထိခိုက်တဲ့အခါ ဒူးမခိုင်တာ၊ ဒူးညွတ်တော့မလို ခံစားရတတ်ပါတယ်။ ဆီးချိုရောဂါရှိသူတွေ၊ အရက်ကို နှစ်အကြာကြီး သောက်သူတွေ၊ multiple sclerosis ရှိသူတွေမှာ တွေ့ရတတ်ပါတယ်။ ဒူးမခိုင်တာအပြင် ဒူးမှာ ထုံတာ၊ ကျဉ်တာတွေပါ ခံစားရတတ်ပါတယ်။
ဘယ်သူတွေ ဒူးချောင် တတ်သလဲ။
- အသက်ကြီးလာလို့ အဆစ်တွေမကောင်းတော့ဘဲ ရောင်ရမ်းနေတဲ့သူတွေ
- လေးဖက်နာလိုမျိုး အဆစ်ရောင်ရောဂါရှိသူတွေ
- အရင်က ဒူးဆစ်အစားထိုးဖူးတဲ့သူတွေ
- အားကစားလုပ်ရင်းနဲ့ ဒူးဆစ်ထိခိုက်ဖူးသူတွေ
- တွန်းတွန်းတိုက်တိုက် ဒါမှမဟုတ် ဒူးဆစ်ကို အသုံးပြုရတဲ့ အားကစားလုပ်သူတွေ
- ဒူးချောင်တာ ဖြစ်လိုက် ပျောက်လိုက်နဲ့ သေချာမကုသသူတွေ
- အရင်က ဒူးအရွတ်ပြဲဖူးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။
ဒူးချောင်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ။
ဒူးချောင်တာသက်သက် ခံစားရနိုင်သလို အောက်ပါလက္ခဏာတွေနဲ့လည်း တွဲတွေ့ရနိုင်ပါတယ်။
- လှုပ်ရှားတဲ့အခါ ဒူးဆစ်ကအသံထွက်တာ
- ဒူးခိုင်သလို ခံစားရတာ
- ဒူးဆစ်မှာ တစ်ခုခုညပ်နေသလို ခံစားရတာ
- လှုပ်ရှားတဲ့အခါ အဆစ်အချင်းချင်း ပွတ်တိုက်တဲ့ ခံစားချက်မျိုးရတာ
- ဒူးဆစ်နာတာ
- ဒူးဆစ်ရောင်တာ
- လှုပ်ရှားရခက်တာတွေ တွဲဖြစ်တတ်ပါတယ်။
ဒူးချောင်တာကို ကုသလို့ရလား။
အကြောင်းရင်းပေါ် မူတည်ပြီး သင့်တော်တဲ့ ကုသနည်းတွေ ရှိပါတယ်။ ဖြစ်ဖြစ်ချင်းမှာ ဆိုရင်တော့ နာတာသက်သာအောင်
- ဒူးဆစ်ကို အနားပေးပါ။
- နာတဲ့နေရာကို ရေခဲဝတ်ကပ်ပါ။
- ကျုံ့ဆန့်နိုင်တဲ့ ပတ်တီးစည်းထားပါ။
- ဒူးဆစ်ကို တွဲလောင်းမထားဘဲ အနည်းငယ်မြှင့်ထားပါ။
- အကိုက်အခဲပျောက်ဆေးသောက်ပါ။
ပြီးရင်တော့ သေချာကုသမှုခံယူပါ။ ဒူးဆစ်ချောင်တာက နေ့စဉ်လှုပ်ရှားမှုကို ထိခိုက်နိုင်သလို ဒူးဆစ်ချောင်တာကြောင့် မတော်တဆ ချော်လဲတာတွေလည်း ဆက်ဖြစ်လာနိုင်ပါတယ်။
ဒူးချောင်တာကို ဘယ်လိုကာကွယ်မလဲ။
အကောင်းဆုံးကတော့ ဒူးဆစ်ကို ထိခိုက်နိုင်တဲ့ အရာတွေကို ရှောင်ကြဉ်တာပါ။
- အားကစား လုပ်တဲ့အခါ ဒူးကို မထိခိုက်အောင် အကာအကွယ်ဝတ်တာ
- ကားစီးတဲ့အခါ ခါးပတ်သေချာပတ်တာ
- ဒူးဆစ်သန်မာအောင် ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်တာ စတာတွေနဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။
[embed-health-tool-bmi]