backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ခန္ဓါကိုယ်က အရိုးတွေအကြောင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ခန္ဓါကိုယ်က အရိုးတွေအကြောင်း

အရိုးငြမ်းအဖွဲ့အစည်းဟာသင့်ခန္ဓါကိုယ်မှာအရေးကြီးဆုံးနဲ့အရှုပ်ထွေးဆုံးသောအဖွဲ့အစည်း ဖြစ်ပါတယ်။ အရိုးတွေဟာမာကျောပြီးခံစားနိုင်စွမ်းမရှိဖူးလို့သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့်တကယ်တမ်းတော့အရိုးတွေဟာကြီးထွားဖွံ့ဖြိုးနိုင်စွမ်း၊ပြုပြင်ထိန်းသိမ်းနိုင်စွမ်း၊ခန္ဓါကိုယ်ရဲ့အခြားသောအစိတ်အပိုင်းတွေနဲ့ဆက်သွယ်နိုင်စွမ်းရှိတဲ့သက်ရှိဆဲလ်တွေများစွာနဲ့ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဟုတ်ပြီ၊ဒါဖြင့်သင့်အရိုးတွေအကြောင်းကိုအနည်းငယ်လေ့လာကြည့်ကြရအောင်။

၁။ အရိုးပုံစံကိုဘယ်အရာတွေကသတ်မှတ်ဆုံးဖြတ်ပေးသလဲ။

အရိုးတွေရဲ့ပုံစံနဲ့ဖွဲ့စည်းပုံကိုမျိုးရိုးဗီဇ၊ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေ၊ ဖြစ်ပျက်ပြောင်းလဲမှုတွေနဲ့ရုပ်ပိုင်းဆိုင်ရာအချက်အလက်တွေက ဆုံးဖြတ်ပေးပါတယ်။ ကျွန်တော်တို့ကိုမမွေးဖွားခင် မိခင်ဗိုက်ထဲမှာရှိနေစဉ်အချိန်ကအစပြုလို့အရိုးတွေဟာ စတင်ကြီးထွားနေပြီ ဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်တွေဟာလည်း အရေးပါတဲ့ကဏ္ဍမှာရှိနေပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်စ်၊ ဗီတာမင်အေ၊ စီ၊ ဒီစတဲ့ဗီတာမင်နဲ့သတ္တုဓါတ်တွေ၊pituitary ဂလင်း၊ သိုင်းရွိုက်ဂလင်း၊ parathyroidဂလင်း၊ အက်ဒရီနယ်ဂလင်းနဲ့မျိုးပွားအင်္ဂါတွေကထုတ်လုပ်တဲ့ ဟော်မုန်းတွေအစရှိတဲ့ အရာအားလုံးဟာ အရိုးရဲ့ပုံစံကိုဝိုင်းဝန်းဆုံးဖြတ်ပေးကြတာပဲ ဖြစ်ပါတယ်။ မိခင်ဝမ်းကကျွတ်လာပြီးတဲ့အချိန်မှာလည်း အထက်ပါအရာတွေဟာ အရိုးသစ်ဖြစ်ပေါ်မှုမှာအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဗီတာမင်ဒီနဲ့ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့ခြင်းတွေဟာ အရိုးပျော့၊အရိုးခွေ၊ အရိုးပါးအစရှိတဲ့အရိုးရောဂါတွေကို ဖြစ်စေနိုင်တဲ့အတွက် အရိုးကျိုးလွယ်စေပါတယ်။ အရိုးတွေဟာ ကျွန်တော်တို့ခန္ဓါကိုယ်ရဲ့လိုအပ်ချက်နဲ့လှုပ်ရှားမှုတွေအရ ပုံစံကွဲပြားစွာဖွဲ့စည်းတည်ရှိနေကြပါတယ်။

၂။ လုပ်ငန်းလုပ်ဆောင်နိုင်မှု

အိမ်တစ်အိမ် မားမားမတ်မတ်ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် ဒေါက်တိုင်တွေကောင်းဖို့လိုအပ်သလို ခန္ဓါကိုယ်တခုလုံးကိုထောက်မပေးထားဖို့နဲ့ကိုယ်တွင်းအင်္ဂါတွေကို ကာကွယ်ဖို့အတွက် သန်မာတဲ့အရိုးတွေ လိုအပ်ပါတယ်။ အရိုးတွေမရှိဖူးဆိုရင် ကျွန်တော်တို့တတွေ ဘယ်နည်းနဲ့မှ မတ်မတ်နေနိုင်မှာမဟုတ်ပါဘူး။ ခြေလက်အရိုးတွေဟာ သင်လှုပ်ရှားသွားလာဖို့၊တွန်းဖို့၊ဆွဲဖို့စတဲ့အလုပ်တွေကိုကြွက်သားတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့ လီဗာအနေနဲ့ကူညီပေးပါတယ်။ ဒါတင်ပဲလား၊ မဟုတ်သေးပါဘူး။ အရိုးတွေဟာ အဆီတွေနဲ့အရေးပါတဲ့သတ္တုဓါတ်တွေအမြောက်အများကို

သိုလှောင်ထားနိုင်တဲ့အတွက် ခန္ဓါကိုယ်ကလိုအပ်လာတဲ့အခါ အလွယ်တကူရယူအသုံးချနိုင်ပါလိမ့်မယ်။ အတိအကျပြောရရင် ခန္ဓါကိုယ်မှာရှိတဲ့ ကယ်လ်ဆီယမ်ဓါတ်စုစုပေါင်းရဲ့ ၉၇ ရာခိုင်နှုန်းကို အရိုးထဲမှာ သိုလှောင်ထားတာဖြစ်ပြီး ခန္ဓါကိုယ်က လိုအပ်လာတဲ့အခါ ကယ်လ်ဆီယမ်အပါအဝင် သတ္တုဓါတ်တွေကို အရိုးဂိုထောင်ထဲမှတဆင့်သွေးထဲသို့လွယ်လင့်တကူပို့ပေးနိုင်ကာ လိုအပ်နေတဲ့အင်္ဂါအစိတ်အပိုင်းတွေဆီကို ဆက်လက်ပို့ဆောင်ပေးပြန်ပါတယ်။ အရိုးတွေဟာ ခန္ဓါကိုယ်ကိုကာကွယ်ပေးထားသလို ကိုယ်တွင်းအင်္ဂါတွေရဲ့ဘေးပတ်ပတ်လည်မှာလည်း ခိုင်ခန့်တဲ့အလွှာတထပ်အဖြစ်ရှိနေပြန်ပါတယ်။ ဒါ့အပြင် အချို့သောဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်အတိုင်းကောင်းစွာအလုပ်လုပ်နိုင်ဖို့အတွက် အရိုးတွေကိုလိုအပ်ပါတယ်။ ဥပမာ-အသက်ရှုဖို့အတွက် နံရိုးတွေကိုလိုအပ်တဲ့အပြင်အဆုတ်နဲ့နှလုံးတို့ကို နံရိုးအိမ်ကကာကွယ်ပေးထားပြန်ပါတယ်။ သွေးဆဲလ်အသစ်တွေ ဖြစ်ပေါ်လာဖို့အဓိကနေရာကပါဝင်တဲ့ ချဉ်ဆီတွေကိုလည်း အရိုးထဲမှာပဲသိမ်းဆည်းတာ ဖြစ်ပါတယ်။ သွေးနီဥနဲ့သွေးဖြူဥတွေ ဖြစ်လာမယ့်ပင်မဆဲလ် (stem cells)တွေကိုရိုးတွင်းချဉ်ဆီထဲမှာ အဓိကတွေ့ရပါတယ်။

၃။ အရိုးတွေကိုဘယ်လိုအမျိုးအစားခွဲသလဲ။

အရိုးငြမ်းအဖွဲ့အစည်းမှာပါဝင်တဲ့ အရိုးတွေဟာ ပုံစံ၊ လုပ်ငန်းဆောင်တာ၊ တည်နေရာ၊အရှည်၊ အလေးချိန်စတဲ့အချက်တွေမှာ တခုနဲ့တခုမတူညီကြဘဲ ကွဲပြားကြပါတယ်။ ဒါပေမယ့် အရိုးတွေကို အလွယ်ကူဆုံးအမျိုးအစားခွဲနိုင်တဲ့အချက်ကတော့ သူတို့တတွေရဲ့ပုံစံပေါ်မူတည်ပြီး ခွဲတာဖြစ်ပြီး အောက်ပါအတိုင်းငါးမျိုးခွဲခြားနိုင်ပါတယ်။

• ရှည်လျားသောအရိုးများ

ခြေလက်ရိုးတွေဟာဒီအုပ်စုအောက်မှာ ပါဝင်ပါတယ်။ နာမည်အတိုင်းပဲ သူတို့ဟာအလျားရှည်ပြီးအနံသေးပါတယ်။ အဆိုပါအရိုးတွေဟာခြေလက်တွေမှာတွေ့ရလေ့ရှိတာမို့ခန္ဓါကိုယ်ကိုထောက်မပေးဖို့၊ ပုံဖော်ပေးဖို့နဲ့လှုပ်ရှားသွားလာနိုင်ဖို့အတွက်အသင့်တော်ဆုံးအရိုးတွေပဲ ဖြစ်ပါတယ်။ အရိုးရှည်တွေဟာအပြင်ပိုင်းမှာမာကျောပေမယ့်အတွင်းပိုင်းကအတန်ငယ်ပွပါတယ်။ အဆိုပါပွတဲ့နေရာတွေမှာအဝါရောင်နဲ့အနီရောင်ချဉ်ဆီတွေများစွာပါဝင်ပြီးဒီချဉ်ဆီတွေက သွေးဆဲလ်တွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။ ပေါင်ရိုး၊ ခြေသလုံးရိုးနှစ်ချောင်း၊ လက်မောင်းရိုး၊ လက်ဖျံရိုးနှစ်ချောင်း၊ခြေဆစ်လက်ဆစ်တွေနဲ့ညှပ်ရိုးတို့ဟာရှည်လျားတဲ့အရိုးအမျိုးအစားဝင်တွေ ဖြစ်ပြီးဒီအရိုးတွေမှာကိုယ်ထည်ပိုင်းနဲ့အစွန်းနှစ်ဖက်ပါဝင်ပါတယ်။

• ခပ်တိုတိုအရိုးများ

ဒီအရိုးတွေဟာအလျားနဲ့အနံအတူတူလောက်ရှိတာမို့လေးထောင့်ပုံစံရှိပြီး အဆစ်အပိုင်းနေရာတွေမှာတွေ့ရှိရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကသ င့်ခန္ဓါကိုယ်ကြီးထွားလာပေမယ့်အဆိုပါအရိုးတိုတွေဟာ (အရိုးရှည်တွေနဲ့ယှဉ်ရင်) ပြောပလောက်အောင်ကြီးမလာပါဘူး။ အရိုးတိုတွေရဲ့ အပြင်ဖက်အခွံဟာ မာကျောပြီးအများစုဟာခပ်ပွပွအရိုးတွေ ဖြစ်ကြပါတယ်။ လှုပ်ရှားမှုကိုတည်ငြိမ်အောင်ထောက်ပံ့ပေးဖို့က သူတို့ရဲ့အလုပ်ပါ။ အ ရိုးတိုတွေကို လက်ကောက်ဝတ် ခြေကျဉ်းဝတ်နဲ့ခြေခုံရိုး၊လက်ခုံရိုးတွေမှာတွေ့ရလေ့ရှိပါတယ်။

• အရိုးပြားများ

အရိုးပြားတွေဟာ မာကျောသန်မာပြီး (နာမည်အတိုင်းပဲ) ခပ်ပြားပြားသဏ္ဍာန်ရှိပါတယ်။ အရိုးပြားတွေမှာ ခပ်ပွပွအရိုးတလွှာနဲ့ကျစ်လျစ်သိပ်သည်းပြီး ပါးလျတဲ့အရိုးလွှာနှစ်လွှာတို့ပါဝင်ဖွဲ့စည်းထားပါတယ်။ အရိုးပြားတွေဟာ သွေးနီဥအများဆုံးထုတ်လုပ်ပေးနိုင်တဲ့ အရိုးအမျိုးအစားပဲ ဖြစ်ပါတယ်။ ကျောကုန်းရိုး၊ရင်ညွန့်ရိုး၊ဦးခေါင်းခွံရိုးနဲ့တင်ပါးဆုံရိုးတို့ဟာ အရိုးပြားအုပ်စုဝင်တွေ ဖြစ်ပါတယ်။

• ပုံစံမမှန်အရိုးများ

ဘယ်အမျိုးအစားထဲကိုမှထည့်လို့မရတဲ့အရိုးတွေကိုပုံစံမမှန်အရိုးများလို့စာရင်းသွင်းလိုက်ပါတယ်။ အာရုံကြောတစ်ရှူးတွေကိုကာကွယ်ပေးတာ၊လည်ချောင်းကိုထောက်မပေးတာ၊”လျှာ” လာတွယ်ဖို့နေရာဖန်တီးပေးထားတာစတဲ့လုပ်ငန်းတွေကိုဒီအရိုးတွေကဆောင်ရွက်ပေးပါတယ်။ ကျောရိုးဆစ်တွေနဲ့အောက်မေးရိုးတို့ဟာပုံစံမမှန်အရိုးတွေ ဖြစ်ကြပါတယ်။ ပင်မကျောရိုးကြီးမှာပုံစံမမှန်အရိုးတွေကိုအများဆုံးတွေ့ရှိနိုင်ပြီး၃၃ချောင်းတောင်တွေ့ရမှာပါ။

• Sesamoidအရိုးများ

Sesamoidအရိုးတွေဟာ အများအားဖြင့် အရွတ် ဒါမှမဟုတ် ကြွက်သားတွေနဲ့ကပ်တွယ်နေလေ့ရှိပြီး ဒူးခေါင်း၊ လက်၊ လက်ကောက်ဝတ်တို့လို ပွတ်တိုက်မှုဒါဏ်ကို အလွယ်တကူခံစားရနိုင်တဲ့အရွတ်တွေကိုကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဒီအရိုးတွေရဲ့ အဓိကအလုပ်က အရွတ်တွေကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

အခုဆိုရင် သင့်အရိုးတွေအကြောင်းကို နားလည်သွားပြီဖြစ်တာကြောင့် သင့်ရဲ့နာကျင်ကိုက်ခဲမှုဝေဒနာတွေနဲ့ပတ်သက်ပြီး ပိုမိုသဘောပေါက်လာမှာဖြစ်ပြီး အဆိုပါနာကျင်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပါသိရှိလာပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement