backup og meta

အဆစ်ရောင်ခြင်း အမျိုးအစားများ

အဆစ်ရောင်ခြင်း အမျိုးအစားများ

အဆစ်ဆိုတာ အရိုးနှစ်ခုကို ဆက်ထားပေးတဲ့ အစိတ်အပိုင်းပါ။ အဆစ်မရှိဘဲ အရိုးတွေချည်းပဲဆိုရင် လူက အတောင့်လိုက်ဖြစ်ပြီး လှုပ်ရှားလို့ရမှာ မဟုတ်ပါဘူး။ အဆစ်ရှိလို့ အကွေးအဆန့်လုပ်လို့ရပြီး လှုပ်ရှားသွားလာနိုင်တာပါ။ အဆစ်တွေ ထိခိုက်ထားရင် တိတိကျကျပြောရရင် ရောင်ရမ်းနေရင် သူ့ပုံမှန်အလုပ်ကို လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဆစ်ရောင်ခြင်း အမျိုးအစားများ ကလည်း အများကြီး ရှိတာကြောင့် ကိုယ်ဖြစ်နေတာ ဘယ်အမျိုးအစားလဲဆိုတာ သိထားသင့်ပါတယ်။

အဆစ်ရောင်ခြင်း အမျိုးအစားများ နဲ့ အကြောင်းရင်းများ

အဆစ်ရောင်ရောဂါက အမျိုးပေါင်း ၁၀၀လောက်ရှိပါတယ်။ ဒီထဲကမှ အဖြစ်များတဲ့ အဆစ်ရောင်ရောဂါတွေကို ပြောပြပေးပါ့မယ်။

အရိုးအစွန်းမှာရှိတဲ့ အရိုးနုလေးတွေ ပွတ်တိုက်ပါများလို့ ပါးပြီး ပွန်းလာတဲ့ အခြေအနေပါ။ အရိုးနုတွေပါးလာတဲ့အခါ အရိုးအချင်းချင်းပွတ်ပြီး အဆစ်တွေ ရောင်လာပါတယ်။ အသက်ကြီးတဲ့သူတွေ၊ အဝလွန်တဲ့သူတွေမှာ အတွေ့ရများပါတယ်။

ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က မှားယွင်းပြီး အဆစ်တွေကို ပြန်တိုက်ခိုက်တဲ့အတွက် ရောင်ရမ်းလာရတာပါ။ နာတာရှည်ရောင်ရမ်းလာတဲ့အခါ အဆစ်ထဲမှာရှိတဲ့ အရိုးနဲ့ အရိုးနုတွေ ပျက်စီးလာပါတယ်။ ဒါကြောင့် ဘေးက အရွတ်တွေ၊ အရွတ်တွဲတွေ ကောင်းကောင်းမတွယ်နိုင်တော့ပဲ အရိုးအဆစ်တွေ ပုံပျက်လာပါတယ်။

ဆိုရီယေးစစ် အရေပြားရောဂါရှိတဲ့ သူတွေမှာ တွေ့ရပါတယ်။ သူကလည်း ခုခံအားစနစ်က မှားယွင်းပြီး ကိုယ်ထဲက ဆဲလ်တွေကို တိုက်ခိုက်လို့ အဆစ်တွေ ရောင်ပြီး ပျက်စီးရတာပါ။

SLEရှိတဲ့သူတွေက ရောဂါကို သေချာ မထိန်းနိုင်ရင် တစ်ချိန်မှာ အဆစ်တွေပါ ထိခိုက်ပြီး အဆစ်တွေ ရောင်ရမ်းနာကျင်တာ ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

ကလေးတွေနဲ့ လူငယ်တွေမှာ အတွေ့ရများပါတယ်။ လည်ချောင်းနာပိုး (Streptococcus)ကို အရှင်းပျောက်အောင် မကုတဲ့အတွက် နောက်ပိုင်းမှာ ခုခံအားက အဆစ်တွေကို မှားယွင်းတိုက်ခိုက်ပြီး အဆစ်တွေ ရောင်လာတာပါ။ အဆစ်ကြီးတွေ (ဒူးဆစ်၊ တံတောင်ဆစ်)ဖြစ်တာများပါတယ်။ တစ်နေရာမှာပျောက်ပြီး နောက်တစ်နေရာမှာ ပြန်ပေါ်လာတတ်ပါတယ်။ ကံကောင်းတာက အဆစ်တွေ ပုံမပျက်ပါဘူး။

ဘက်တီးရီးယားကြောင့်၊ ဗိုင်းရပ်စ်ကြောင့်၊ မှိုပိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဆစ်ပေါ်က အရေပြားမှာ ဖြစ်ဖြစ်၊ ဆီးလမ်းကြောင်းမှာဖြစ်ဖြစ်၊ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာဖြစ်ဖြစ် ပိုးဝင်ရင် သွေးထဲကနေတဆင့် အဆစ်တွေဆီရောက်လာတတ်ပါတယ်။ အဆစ်မှာ ခုခံအားဆဲလ်သိပ်မရှိတဲ့အတွက် ရောဂါပိုးဒဏ်ကို မခံနိုင်ပါဘူး။ ဒါကြောင့် ပိုးဝင်ရောင်ရမ်းပြီး အဆစ်ထဲမှာ ဖိအားတွေ များလာတာကြောင့် အဆစ်ပျက်စီးတတ်ပါတယ်။

ပုံမှန်ဆိုရင် သွေးထဲက ယူရစ်အက်စစ်တွေကို ကျောက်ကပ်က စွန့်ထုတ်ပေးတဲ့အတွက် ဘာမှပြဿနာမရှိပါဘူး။ ဒါပေမယ့် ကျောက်ကပ်မကောင်းလို့ မစွန့်ထုတ်နိုင်တာဖြစ်ဖြစ်၊ ပမာဏများလာရင်ပဲ ဖြစ်ဖြစ် သွေးထဲမှာများလာပြီး အဆစ်တွေမှာ စုပုံလာတာကြောင့် ဂေါက်ရောဂါဖြစ်လာပါတယ်။

၁၆နှစ်အောက် ကလေးတွေမှာ ဖြစ်တာများပါတယ်။ ဘာကြောင့်လဲဆိုတာကို သေချာမသိကြသေးပေမယ့် ခုခံအားက တိုက်ခိုက်တာကြောင့်လို့ ယူဆထားကြပါတယ်။

အဆစ်ရောင်ခြင်းရဲ့ လက္ခဏာများ

အဆစ်ရောင်ခြင်းက အကြောင်းရင်းတွေ ကွဲနေပေမယ့် လက္ခဏာလေးတွေက ခပ်ဆင်ဆင်ပါပဲ။

  • အဆစ်နာမယ်။
  • အဆစ်တွေ တောင့်တင်းနေမယ်။
  • အဆစ်တွေ ဖောင်းလာမယ်။
  • နီလာမယ်။
  • လှုပ်ရှားရမလွယ်တော့ဘူး စတာတွေ ဖြစ်လာမှာပါ။

ဒါ့ပြင် တခြားရောဂါအခံ ( ဥပမာ – SLE၊ သွေးလေးဖက်နာ)ရဲ့ လက္ခဏာတွေလည်း ရှိနေနိုင်မှာပါ။

ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

  • မျိုးရိုးရှိတဲ့သူတွေ – မိသားစုထဲမှာ အဆစ်ရောင်တဲ့ သူရှိရင် ကိုယ့်မှာလည်း နောက်ပိုင်း ဖြစ်နိုင်ခြေရှိလာနိုင်ပါတယ်။
  • အသက် – ဂေါက်တို့၊ အရိုးအဆစ်ရောင်ရမ်းတဲ့ OAတို့က အသက်ကြီးလေ ဖြစ်နိုင်ခြေများလေပါပဲ။ လူငယ်အဆစ်ရောင်နာက ၁၆နှစ်အောက် ကလေးတွေမှာ ပိုဖြစ်ပါတယ်။
  • အမျိုးသားတွေက ဂေါက်ရောဂါ အဖြစ်များပြီး အမျိုးသမီးတွေက ခုခံအားတုံ့ပြန်တာကြောင့် ဖြစ်တဲ့ အဆစ်ရောင်တာ ပိုဖြစ်ပါတယ်။
  • အရင်က အဆစ်ထိခိုက်ဒဏ်ရာရဖူးရင် အဆစ်ရောင်နိုင်ခြေပိုများပါတယ်။
  • အဝလွန်တဲ့သူတွေ – အဝလွန်ရင် အဆစ်တွေအပေါ် ဖိအားသက်ရောက်တာကြောင့် ရောင်ရမ်းနိုင်ခြေများပါတယ်။

အဆစ်ရောင်ခြင်း အမျိုးအစားများ အလိုက် ရောဂါရှာဖွေနည်းနဲ့ ကုသနည်းများ

ရောဂါကုသဖို့အတွက် အရင်ဆုံးသင့်ရောဂါရာဇဝင်ကို မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ပါမယ်။ လိုအပ်ရင် ဆေးစစ်တာတွေ လုပ်ပါမယ်။ ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်၊ အယ်ထွာဆောင်း စတာတွေ လုပ်ရမှာပါ။

ကုသနည်းတွေကတော့

  • သောက်ဆေး – အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေး၊ စတီးရွိုက်၊ ခုခံအားထိန်းဆေးတွေ စတာတွေကို ရောဂါအပေါ်လိုက်ပြီး လိုအပ်သလို ပေးသွားမှာပါ။
  • ကိရိယာအထောက်အကူ – သိပ်မဆိုးဘူးဆိုရင် ကိရိယာအထောက်အကူနဲ့ အနားယူပြီး စောင့်ကြည့်နိုင်ပါတယ်။ ဥပမာ ဝှီးချဲ၊ ချိုင်းထောက်၊ ကျောက်ပတ်တီးစီးတာ၊ ဒေါက်တွေထောက်တာ၊ ခါးပတ်ဝတ်တာ။
  • ခွဲစိတ်နည်း – လိုအပ်လာရင် ခွဲစိတ်ပြီး အဆစ်တွေ ပြုပြင်တာ၊ အဆစ်တွေ အစားထိုးတာ လုပ်ရမှာပါ။
  • ပြန်လည်သန်စွမ်းရေး – အရိုးအဆစ်ခွဲစိတ်ပြီးသွားရင် အချိန်အတော်ကြာအနားယူရတဲ့အတွက် ကြွက်သားတွေ၊ အရိုးအဆစ်တွေ တောင့်တင်းနေတတ်ပါတယ်။ ဒါကြောင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းတွေ လုပ်ပေးရပါတယ်။

အိမ်တွင်းနည်းလမ်းများ

တစ်ဖက်က ဆရာဝန်နဲ့ ကုသနေချိန်မှာ အိမ်မှာလည်း နာကျင်မှု သက်သာပြီး ကုသမှုကို အထောက်အကူပြုတဲ့ နည်းလမ်းလေးတွေ လုပ်ပေးလို့ရပါတယ်။

  • ကိုယ်အလေးချိန်ချပါ။ အဝလွန်တာက အရိုးပေါ်ဝန်ပိလို့ အဆစ်ရောင်ရောဂါကို ပိုဆိုးစေပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ ကိုယ်အလေးချိန်ရအောင် ထိန်းပါ။
  • လေ့ကျင့်ခန်းလုပ်ပါ။ နာနေတဲ့အချိန်တွေကလွဲရင် ကျန်တဲ့အချိန်တွေမှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးလို့ရပါတယ်။ လမ်းလျှောက်တာကစလို့ စက်ဘီးနင်းတာ၊ လှုပ်လှုပ်ရှားရှားနေတာ၊ အကြောလျှော့တာ၊ ယောဂကျင့်တာ စတာတွေ လုပ်လို့ရပါတယ်။
  • RICEကို မမေ့ပါနဲ့။ နာနေတဲ့အချိန်မျိုးမှာ

Rest – နာနေတဲ့ နေရာကို အနားပေးထားပါ။

Ice – ရေခဲကပ်ပါ။ ရေခဲကို အဝတ်ထဲထည့်ပြီး နာနေတဲ့နေရာကို မိနစ်၂၀လောက် ကပ်လိုက် နားလိုက် လုပ်ပေးပါ။ ခံနိုင်ရုံလောက်သာ အေးပါစေ။

Compress – နာတဲ့နေရာကို ပတ်တီးနဲ့  ခပ်ဖိဖိစီးထားပေးပါ. မတင်းကြပ်ပါစေနဲ့။

Elevate – နာနေတဲ့ နည်းနည်းမြှင့်ထားပေးပါ။ ဥပမာ ခြေဆစ်နာတယ်ဆိုရင် တွဲလောင်းချထားမယ့်အစား ခုံပေါ်တင်ထားပါ။

  • ရေနွေးဝတ်လေး ကပ်ပေးလို့လည်း ရပါတယ်။
  • နီရဲ ရောင်ကိုင်းနေတာ မဟုတ်ရင် ဒဏ်ကြေဆေး ခပ်ပါးပါးလူးပေးတာ၊ ပလာစတာကပ်တာ၊ အသာအယာနှိပ်နယ်တာမျိုး လုပ်ပေးပါ။

အဆစ်ရောင်ဝေဒနာက (အထူးသဖြင့် ခြေ၊ လက်မှာဖြစ်တဲ့) အချိန်မီမကုသရင် နောက်ပိုင်းမှာ ပုံပျက်ပြီး သုံးမရအောင် ပျက်စီးသွားနိုင်ပါတယ်။ အထိုင်အထခက်တာ၊ လမ်းမလျှာက်နိုင်တာတွေအထိ ဖြစ်သွားနိုင်လို့ အချိန်မီကုသဖို့ အကြံပြုလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.arthritis.org/health-wellness/detail?content=aboutarthritis&_ga=2.119635147.2139832325.1602147042-1137061355.1601871445

https://www.nhs.uk/conditions/arthritis/

https://www.cdc.gov/arthritis/basics/types.html

 

ယခုပုံစံ

30/06/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရိုးအဆစ်ရောင်ခြင်း၏ နောက်ဆက်တွဲပြဿနာများ

အဆစ်ရောင်သူများ ရှောင်ကြဉ်သင့်သည့် စားသောက်ဖွယ်ရာများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement