backup og meta

သွားကြိတ်ခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကြိတ်ခြင်း

    သွားကြိတ်ခြင်း ဆိုတာဘာလဲ။

    သွားကြိတ်ခြင်း ဆိုတာ သင့်သွားတွေကို ကြိတ်ခြင်း သို့မဟုတ် အံကြိတ်ခြင်း အခြေအနေမျိုးကိုခေါ်ပါတယ်။ တကယ်လို့သင်ဟာ သွားကြိတ်တတ်သူဆိုရင် နေ့ခင်းဘက်မှာ သတိလက်လွတ် အံကြိတ်နေတတ်တာမျိုး သို့မဟုတ် ညဘက်ကို သွားကြိတ်နေတတ်တာမျိုး တွေဖြစ်တတ်ပါတယ်။

    ဒီရောဂါကိုတော့ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့လှုပ်ရှားမှု မူမမှန်ခြင်းလို့ သတ်မှတ်ပါတယ်။ အိပ်စက်တဲ့အချိန်သွားကြိတ်တတ်သူတွေဟာ အခြားအိပ်စက်ခြင်းဆိုင်ရာမူမမှန်ခြင်းတွေ ဥပမာ ဟောက်ခြင်း သို့မဟုတ် အိပ်နေစဉ် အသက်ရှူခဏရပ်ခြင်း စတာတွေလည်း ရှိနေတတ်ပါတယ်။

    မပြင်းထန်တဲ့ သွားကြိတ်ခြင်း တွေကတော့ ကုသဖို့မလိုပါဘူး။ ဒါပေမယ့် အချို့လူတွေမှာ ဒီပြဿနာဟာ မကြာခဏဖြစ်တတ်ပြီး မေးရိုးပြဿနာ၊ခေါင်းကိုက်ခြင်း၊သွားပျက်စီးခြင်းနဲ့ အခြားပြဿနာတွေဖြစ်လာနိုင်တဲ့ထိ ပြင်းထန်ပါတယ်။

    သင့်မှာ အိပ်တဲ့အခါသွားကြိတ်တဲ့အကျင့်ရှိနေရင်တောင် အခြားပြဿနာတွေ ပေါ်မလာခင်အထိ သင်သတိထားမိမှာ မဟုတ်သေးပါဘူး။ ဒါကြောင့်သွားကြိတ်ခြင်း ရဲ့ရောဂါလက္ခဏာကိုသိဖို့နဲ့ ပုံမှန်သွားကျန်းမာရေးကို ဂရုစိုက်ဖို့က အရေးကြီးတာပါ။

    သွားကြိတ်ခြင်း ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    သွားကြိတ်ခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    • သင်နဲ့အတူအိပ်စက်တဲ့လူ နိုးတဲ့ထိအသံကျယ်လောင်တဲ့ သွားကြိတ်ခြင်း

    • သွားတွေ ပြားခြင်း၊ ကျိုးပဲ့ခြင်း၊ ကျွတ်ခြင်း

    • သွားကြွေလွှာပျက်စီးခြင်း၊ သွားရဲ့အတွင်းပိုင်းလွှာတွေ ထိခိုက်ခြင်း

    • သွားကို အထိမခံနိုင်ခြင်း

    • မေးရိုးသို့မဟုတ် မျက်နှာနာကျင်ခြင်း သို့မဟုတ် အနာဖြစ်ခြင်း

    • မေးရိုးကြွက်သားများ ပင်ပန်းခြင်းသို့မဟုတ် တင်းကြပ်ခြင်း

    • နားမှာပြဿနာမရှိပေမယ့်လည်း နားကိုက်ခြင်းကဲ့သို့သော နာကျင်မှုခံစားရခြင်း

    • နားထင်ရင်းမှစတင်ပြီး ခေါင်းကိုက်လာခြင်း

    • ပါးအတွင်းဘက်ခြမ်းကို ဝါးမိခြင်းမှ ထိခိုက်ခြင်း

    • လျှာပေါ်မှာ အပေါက်လေးများဖြစ်ပေါ်လာခြင်း

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘာလုပ်သင့်သလဲ။

    သွားကြိတ်ခြင်းကို သက်သာပျောက်ကင်းစေဖို့ မိမိကိုယ်ကို ဂရုစိုက်ရမယ့် အချက်တွေကို လိုက်နာသင့်ပါတယ်။ အောက်ပါအချက်များကို ကြည့်ပါ။

    • စိတ်ဖိစီးမှုတွေလျှော့ချပါ။ သီချင်းနားထောင်ပါ။ ရေနွေးနဲ့ရေချိုးပါ။ သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပါ။ ဒါတွေက သွားကြိတ်ခြင်း ဖြစ်နိုင်ချေတွေကိုလျှော့ချပေးနိုင်ပါတယ်။

    • ညနေဘက်တွေမှာ တက်ကြွစေမယ့်အရာတွေကိုရှောင်ကြဉ်ပါ။ ကဖိန်းပါတဲ့ ကော်ဖီသို့မဟုတ် လက်ဖက်ရည်တွေကို ညနေစာစားပြီးချိန်မှာမသောက်ပါနဲ့။ အရက်နဲ့ဆေးလိပ်သောက်ခြင်းကို ညနေပိုင်းမှာမလုပ်ပါနဲ့။ ဒါတွေက သွားကြိတ်ခြင်း ကိုပိုဆိုးစေပါတယ်။

    • ကောင်းမွန်စွာအိပ်စက်ခြင်းအလေ့အထကို လေ့ကျင့်ယူပါ။ ကောင်းမွန်အေးချမ်းစွာ အိပ်ပျော်အောင်အိပ်တာက အခြားအိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့အပြင် သွားကြိတ်ခြင်း ကိုလည်းလျှော့ချပေးနိုင်ပါတယ်။

    • အိပ်စက်ဖော်နဲ့ စကားပြောပါ။ သင့်မှာ အတူတူအိပ်တဲ့သူရှိရင် အိပ်တဲ့အခါ သွားကြိတ်တဲ့အသံတွေကိုသတိထားဖို့ မှာထားပါ။ ဒါမှသာဆရာဝန်ကိုပြန်ပြောပြနိုင်မှာပေါ့။

    • သွားကျန်းမာရေး ပုံမှန်စစ်ဆေးပါ။ ဒါက သွားကြိတ်ခြင်း ကို အအတည်ပြုဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ပုံမှန်သွားပြီး သွားကျန်းမာရေးစစ်ဆေးခြင်းအားဖြင့် သွားဆရာဝန်က သွားကြိတ်ခြင်း ရဲ့လက္ခဏာတွေကို ပါးစပ်နဲ့ မေးရိုးမှာတွေ့နိုင်ပါတယ်။

    ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    တကယ်လို့

    • သွားတွေပျက်စီးကုန်တာ သို့မဟုတ် အထိမခံနိုင်တာတွေဖြစ်ခဲ့ရင်

    • မေးရိုး၊မျက်နှာသို့မဟုတ် နားမှာ နာကျင်မှုတွေခံစားရရင်

    • အိပ်ပျော်နေစဉ် သွားကြိတ်တယ်လို့ အများကပြောကြရင်

    • မေးရိုးကို အပြည့်အ၀ ဖွင့်ခြင်းပိတ်ခြင်းမလုပ်နိုင်ဘဲ မေးရိုးခိုင်နေခဲ့ရင်

    ဆရာဝန်ကိုသွားပြသင့်ပါပြီ။

    တကယ်လို့ သင့်ကလေးဟာသွားကြိတ်နေရင် သို့မဟုတ် သွားကြိတ်ခြင်း ရဲ့ လက္ခဏာတွေပြနေရင် နောက်တစ်ခေါက်ကလေးရဲ့သွားကျန်းမာရေးစစ်ဆေးရမယ့်အချိန်မှာ ပြောပြဖို့မမေ့ပါနဲ့။

    ဘယ်လိုကာကွယ်ရမလဲ။

    သွားကြိတ်ခြင်းကို သွားအကူအံကပ် တပ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ သွားဆရာဝန်ကပေးလိုက်တဲ့ သွားအကူအံကပ် ဟာ သွားတွေပေါ်မှာ အံဝင်ခွင်ကျဖြစ်တဲ့အပြင် တစ်ခုနဲ့တစ်ခု ကြိတ်မိနေခြင်းမှ ကာကွယ်ပေးပါတယ်။ စိတ်ဖိစီးမှုလျှော့ချခြင်းနဲ့ အခြားဘဝနေထိုင်မှုပုံစံတွေ ဥပမာ အရက်နဲ့ကဖိန်းဓါတ်တွေကိုရှောင်ရှားတာမျိုး စတာတွေကလည်း အထောက်အကူပေးမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement