ကုသနည်းများ
ဘာဝေဒနာမှ မခံစားရရင်တော့ ဘာကုသမှုမှ မလိုပါဘူး။ ဒါပေမဲ့ ဝေဒနာခံစားနေရပြီဆိုရင် အောက်ပါနည်းလမ်းတွေက ဝေဒနာကို လျော့ပါးစေနိုင်ပါတယ်။
လိင်တံ သန့်ရှင်းရေး
လိင်တံကို ကျန်းမာရေးနဲ့ အညီ သန့်ရှင်းစွာ ထားခြင်းဟာ လိင်တံထိပ်ငုံအရေပြား ကျပ်ခြင်း ဝေဒနာကို လျော့နည်းစေနိုင်ပါတယ်။ အဲ့ဒါတွေကတော့-
- လိင်တံကို ရေနွေးနွေး၊ ဆပ်ပြာအပျော့စားဖြင့် ညင်သာစွာဆေးကြောပေးခြင်း၊
- လိင်တံထိပ်ငုံအရေပြားကို ညင်သာစွာ နောက်ကိုလှန်ပြီး အတွင်းပိုင်းကို ဆေးကြောခြင်း
- (သတိထားရန်။ ကလေးငယ်များနဲ့လူငယ်ဘဝမှာတော့ လိင်တံထိပ်ငုံအရေပြားကို နောက်သို့လှန်ခြင်းဟာ နာကျင်စေနိုင်တဲ့အတွက် မဆေးကြောသင့်ပါဘူး။ )
- လိင်တံကို ခြောက်သွေ့စွာထားရှိခြင်း၊
- အနံ့ပျောက်ဆေးနဲ့ အလှဆီတို့လို ဓါတု ပစ္စည်းများနဲ့ လိင်တံကို မလိမ်းကျံခြင်း။
- လိင်တံထိပ်ငုံအရည်ပြားကို ဆွဲဆန့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း
လိင်တံထိပ်ငုံအရေပြားကို လက်ဖြင့် ပုံမှန်ဆွဲဆန့်ပေးခြင်းဟာ အရေပြားရဲ့ ချုံ၊ ချဲ့ နိုင်စွမ်းကို ထိန်းသိမ်းပေးနိုင်ပြီး အရေပြားမာကြောခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လိင်တံကို ဆေးကြောစဉ်မှာ အရေပြားကို ပုံမှန် ဆွဲဆန့်ပေးနိုင်ပါတယ်။
( ဒီလေ့ကျင့်ခန်းဟာ လိင်တံထိပ်ငုံအရေပြားနဲ့ လိင်တံထိပ်ပိုင်း စတင်ကွဲသွားတဲ့ အချိန်ဖြစ်တဲ့ အသက် ၇ နှစ်က စလို့ ပြုလုပ်နိုင်ပါတယ်။) ယောက်ျားလေး အမျိုးမျိုးရဲ့ ကြီးထွားခြင်း ဖြစ်စဉ်တွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် ဒီလေ့ကျင့်ခန်း မပြုလုပ်မှီ ဆရာဝန်နဲ့ အရင် ဆွေးနွေးသင့်ပါတယ်။
ဆေးဝါးများ
လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းကို ကုသပေးနိုင်တဲ့ ဆေးဝါး အမျိုးမျိုးရှိပြီး ဘယ်လိုဆေးမျိုးကို မှီဝဲရမလဲဆိုတာကတော့ ဖြစ်ပွားခြင်း အကြောင်းရင်းပေါ်မူတည်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ စဉ်းစားသင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
ဆေးစာမလိုဘဲ ဒီအတိုင်း ဆေးဆိုင်တွေမှာ ဝယ်ယူလို့ရတဲ့ steroid ခရင်မ် တွေက လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ဒီဆေးကိုသုံးမယ်ဆိုရင် လိင်တံထိပ်ငုံအရေပြားကို နေ့စဉ် ၂ လအထိ ပုံမှန်လိမ်းပေးသင့်ပါတယ်။ ဒီဆေးဝါးတွေနဲ့ လိင်တံထိပ်ငုံအရည်ပြားဆွဲဆန့် လေ့ကျင့်ခန်းတွေနဲ့ တွဲလုပ်ရင် အထိရောက်ဆုံးဖြစ်ပြီး steroid ခရင်မ် ကို မသုံးတော့ဘူးဆိုရင်တောင် လေ့ကျင့်ခန်းက လိပ်တံ အရေပြားကျပ်ခြင်းကိုကာကွယ်ပေးမှာ ဖြစ်ပါတယ်။
ဆေးစာနှင့်တကွ ဝယ်ယူရသော ဆေးများ
လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းက ကူးစက်ရောဂါကြောင့်ဖြစ်တာဆိုရင် ဆရာဝန်တွေက ပဋိဇီဝဆေးတွေ ဖြစ်တဲ့ bacitracin နဲ့ clotrimazole (Lotrimin AF) လိုဆေးမျိုးကို ညွှန်းပေးမှာ ဖြစ်ပါတယ်။
ထုံဆေးများ
လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထား မရောက်တဲ့ ဖြစ်စဉ်ဖြစ်တဲ့ paraphimosis မှာဆိုရင် အရည်ပြားကို ရှေ့ကို ပြန်ဆွဲထုတ်တဲ့အခါ မနာကျင်စေဖို့ ထုံဆေးအဆီတွေ အသုံးပြုနိုင်ပါတယ်။
ခွဲစိတ်ကုသမှုများ
တခြားသော နည်းလမ်းတွေက လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းကို မကုသနိုင်ဘူးဆိုရင် ခွဲစိတ်ကုသဖို့လိုလာပါပြီ။ ခွဲစိတ်ကုသတဲ့ အခါမှာ ခွဲစိတ်ဆရာဝန်က လိင်တံထိပ်ငုံအရေပြားကို ဖြတ်တောက်ကုသပေးတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီလို ခွဲစိတ်ခြင်းတွေက တစ်ရှုးတွေ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပေါ်ခြင်းကို မတားဆီးပေးနိုင်ပါဘူး။
Circumcision (လိင်တံထိပ် အရေပြားကို ဖြတ်ခြင်း)
လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ (Phimosis ) နဲ့ လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထားမရောက်တဲ့ ဖြစ်စဉ် (Paraphimosis) ၊ လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်းဖြစ်စဉ် (balanitis)နဲ့ လိင်တံ ထိပ်ပိုင်းရော၊ အရေပြားရော ရောင်ရမ်းတဲ့ ဖြစ်စဉ်ဖြစ်တဲ့ balanoposthitis ဖြစ်စဉ် ၄ မျိုးခန့်ဖြစ်ပြီဆိုရင် ခွဲစိတ်ပြီး လိင်တံထိပ် အရည်ပြားကို ဖယ်ရှားဖို့လိုပါတယ်။ ဒါကို circumcision လုပ်တယ်လို့လည်းခေါ်ပြီး ဂျူးလူမျိုးနဲ့ မွတ်စလင်ဘာသာဝင်တို့ရဲ့ ဘာသာရေး အထိမ်းအမှတ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ circumcision ဟာ သွေးထွက်ခြင်းနဲ့ ကူးစက်ရောဂါ ရနိုင်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့ အတွက် ဆရာဝန်များက နောက်ဆုံး နည်းလမ်း အဖြစ်သာ သုံးလေ့ရှိပါတယ်။
ကာကွယ်ခြင်းနဲ့ အသစ်ထပ်တိုးလာနိုင်သော နည်းလမ်းများ
နေ့စဉ် ပုံမှန်ဆေးကြောပေးခြင်းက လိင်တံထိပ် အရေပြားကျပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခြားသော ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့
- တစ်ကိုယ်ရည်သန့်ရှင်းရေး ပုံမှန်လုပ်ပေးခြင်း။
- ငယ်စဉ်ကတည်းက လိင်တံထိပ် အရေပြားကို ပုံမှန် ဆွဲဆန့်ပေးခြင်း၊
- အရေပြားရောဂါတွေ ပေါ်လာတာနဲ့ ချက်ခြင်းကုသခြင်း။
- STI ရောဂါများ မပျံ့နှံ့စေရန် ကွန်ဒုံး အသုံးပြုခြင်း၊
- နာကျင်ခြင်းနဲ့ လိင်တံချော်ထွက်ခြင်း မဖြစ်စေရန် ချောဆီ အသုံးပြုခြင်း။
- အရေပြားနဲ့ လိင်တံထိပ်မှာ ကူးစက်ခံရပြီဆိုရင် အမာရွတ် မဖြစ်ပေါ်အောင် ချက်ခြင်းကုသခြင်း။
- ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ခြင်းတွေ လုပ်ပြီး ကုသနိုင်ပါတယ်။
နိဂုံးချုပ်
ယောက်ျားလေးတွေ အများစုမှာ လိင်တံထိပ်ငုံအရေပြားကျပ်ခြင်းဟာ လူပျိုပေါက်အရွယ်ရောက်လာတဲ့ အချိန်မှာ ဒီအတိုင်း ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ လိင်တံထိပ်ငုံအရေပြား ကျပ်နေပြီး နောက်ကို ပြန်ရုပ်လို့မရတဲ့ အခြေအနေ (Phimosis ) ဟာ လူပျိုပေါက်အရွယ်အထိ ဖြစ်နေရင် နာကျင်ခြင်း၊ လိင်ဆက်ဆံချိန် အဆင်မပြေဖြစ်ခြင်း၊
ကူးစက်ရောဂါ ကူးစက်နိုင်ခြင်း၊ ဆီးသွားရင် ခက်ခဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလို ဝေဒနာတွေကို ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ခံစားရနေပြီဆိုရင် ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။ အထူးသဖြင့် Paraphimosis ( လိင်တံထိပ်ငုံအရေပြားကို နောက်ပြန်ဆွဲထုတ်လိုက်ပြီးရင် ပုံမှန် အနေအထားမရောက်တဲ့ ဖြစ်စဉ် ) ဟာ အန္တရာယ်များတဲ့အတွက် ချက်ခြင်း သွားရောက်ပြသသင့်ပါတယ်။ phimosis ရော paraphimosis ကိုပါ ကုသပေးနိုင်တဲ့ နည်းလမ်းတွေ ယခုခေတ်မှာ အများအပြားရှိနေပါပြီ။ ဒီလို မဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ အတွက်တော့ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ လိင်တံ အရေပြားဆွဲဆန့် ခြင်းလေ့ကျင့်ခန်းကို ပုံမှန် ပြုလုပ်သင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။