backup og meta

သင့် လိင်တံက ပုံမှန်ဟုတ်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် လိင်တံက ပုံမှန်ဟုတ်ရဲ့လား

    အမျိုးသားတွေက မိမိရဲ့ လိင်တံ နဲ့ ပတ်သက်ပြီး လိင်တံက ပုံမှန်ဟုတ်ရဲ့လား ဆိုတာကို စိုးရိမ်တတ်ကြပါတယ်။ လိင်တံမှာ ရောဂါတစ်ခုခုခံစားရတယ်လို့ ထင်ရင်လည်း တော်ရုံတန်ရုံ ဆရာဝန်နဲ့ ဆွေးနွေးလေ့မရှိပါဘူး။ ဒါကြောင့် ရောဂါဖြစ်လာရင် အသိနောက်ကျသလို ရောဂါမဟုတ်တာကိုလည်း ရောဂါလို့ ထင်နေတတ်ပါတယ်။ အထူးသဖြင့် ခုပြောမယ့် အကြောင်းအရာတွေက ပုံမှန်ဖြစ်နေပေမယ့် အမျိုးသားတွေ အနေနဲ့ ပုံမှန်မဟုတ်ဘူးလို့ ထင်ပြီး လက်တည့်ရာနဲ့ စမ်းသပ်တတ်ပါတယ်။

    သင့် လိင်တံက ပုံမှန်ဟုတ်ရဲ့လား

    လိင်တံ တွေက ‘Snowflakes’တွေလိုပဲတဲ့။ ဆိုလိုတာက ထပ်တူကျတဲ့ လိင်တံဆိုတာ ကမ္ဘာမှာ မရှိပါဘူးတဲ့။ အမျိုးသားတွေရဲ့ လိင်တံက တစ်ယောက်နဲ့ တစ်ယောက် တစ်ပုံစံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ ပုံစံတွေ၊ အရွယ်အစားတွေ၊ အရှည်တွေ၊ ကောက်တာတွေ စသဖြင့် အနည်းငယ်ဆီတော့ ကွဲလွဲတတ်ကြပါတယ်။ ဒီလို ကွဲလွဲနေပေမယ့်လည်း ဒါတွေအားလုံးက ပုံမှန်ပါပဲ။

    • လိင်တံက တစ်ဖက်ဖက်ကို စောင်းတတ်ပါတယ်။

    လိင်တံတွေက အလယ်ခေါင်မှာ တည့်တည့်မတ်မတ်ရှိနေတယ်ဆိုတာ ခပ်ရှားရှားပါ။ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကို အနည်းငယ် စောင်းနေတတ်ပါတယ်။

    ခြွင်းချက်အနေနဲ့ အူကျွံရင်တော့ ကျွံတာရဲ့ ဆန့်ကျင်ဘက်ကို ပိုစောင်းတတ်ပါတယ်။ ဒါပေမယ့် အူကျွံတာကလည်း သိသာတာမို့လို့ ရိုးရိုးစောင်းတာလား။ ရောဂါကြောင့် စောင်းတာလားဆိုတာ ခွဲရလွယ်ပါတယ်။

    ထောင်မတ်နေချိန်မှာ လိင်တံ က တစ်ဖက်ဖက်ကို ကောက်တတ်ပါတယ်။ ဒီမှာလည်း စောင်းသလိုပဲ သူကောက်ချင်တဲ့ဘက်ကို ကောက်မှာပါ။ ဘယ်၊ ညာ၊ ပေါ်၊ အောက် စသဖြင့် ခပ်ပြေပြေလည်း ကောက်နေနိုင်ပါတယ်။

    Peyronie’s disease လို့ခေါ်တဲ့ ရောဂါမှာတော့ လိင်တံမှာ အမာရွတ်တွယ်တာကြောင့် သာမန်ထက်ပိုကောက်နေတတ်ပါတယ်။ နာလည်း နာပါတယ်။ ဒါကလွဲရင် ကျန်တာက ပုံမှန်လို့ ပြောလို့ရပါတယ်။

    • ကပ္ပာယ်အိတ်တွေက မညီပါဘူး။

    အကြောင်းကတော့ ကပ္ပာယ်အိတ်ထဲက ဝှေးစေ့တွေက ဆိုဒ်မညီတာကြောင့်ပါ။ ဒါကြောင့် ကပ္ပာယ်အိတ်တွေကို ကြည့်ရင် ဆိုဒ်လည်း မညီသလို ညီညီညာညာလည်း တွဲမနေပါဘူး။ တစ်ဖက်က အောက်ကို ပိုကျနေတာကို သတိထားမိမှာပါ။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့။ သင်တို့ အမျိုးသားတွေ ဝှေးစေ့ မညီသလို အမျိုးသမီးတွေလည်း ရင်သားနှစ်ဖက် မညီကြပါဘူး။

    • လိင်အင်္ဂါအရေပြားကလည်း မည်းတတ်ပါတယ်။

    စအိုကစလို့ ကပ္ပာယ်အိတ် အလယ်လိုင်းတလျှောက် လိင်တံအောက်ခြေတစ်ကြောနဲ့ လိင်တံက အရေပြားက မည်းတတ်ပါတယ်။ ကိုယ့်ကိုယ်ကို ချေးမတွန်းလို့ ဖြစ်တာလို့ မထင်ပါနဲ့။ လိင်တံထိပ်အရေပြား ဖြတ်ထားရင်လည်း ဖြတ်ထားတဲ့ နေရာက မည်းတတ်ပါတယ်။ ဒါက အမျိုးသား လိင်ဟော်မုန်းတွေက အရေပြားရောင်ခြယ်ဆဲလ် melanocytes အပေါ် သက်ရောက်မှု ရှိလို့ပါ။

    • တင်းတိပ်၊ မှဲ့နဲ့ အသားပိုတွေလည်း ရှိတတ်ပါတယ်။

    လိင်တံအပေါ်ကနေ အရေပြားက တခြားနေရာက အရေပြားနဲ့ တူတူပါပဲ။ ဆိုလိုတာက တခြားနေရာမှာ တင်းတိပ်၊ မှဲ့တွေ ပေါက်တတ်သလို သူ့မှာလည်း ပေါက်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။

    ဒါပေမယ့် ဒီမှဲ့တွေ၊ အသားပိုတွေက အရွယ်ကြီးလာရင်၊ အရောင်ပြောင်းလာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အသားပိုကလည်း ကြွက်နို့နဲ့ မှားနိုင်ပါတယ်။ မခွဲတတ်ရင် ဆေးခန်းပြသင့်ပါတယ်။

    • တခြား အဖုအလုံးများ

    တစ်ခါတလေ လိင်တံ နဲ့ ကပ္ပာယ်အိတ်မှာ ဘာမှန်းမသိတဲ့ အဖုလေးတွေ၊ ကျပ်ခဲလေးတွေ ရှိနေတတ်ပါတယ်။ အထူးသဖြင့် လိင်တံ ထိပ်ဖူးနားမှာပါ။ တစ်ခါတစ်ခါဆို အတန်းလိုက်လေးတွေတောင် ရှိနေတတ်ပါတယ်။ အရောင်က အကြည်ရောင် ဒါမှမဟုတ် အဝါလိုလို ပန်းရောင်လိုလိုပါ။ ဒါတွေကလည်း လုံးဝ ပုံမှန်ပါပဲ။

    လိင်အင်္ဂါမှာ အမွေးရှိတဲ့အတွက် အဆီအိတ်ပါ တွဲပြီး ရှိနေရပါတယ်။ ဒီအဆီအိတ်တွေက အဖုသေးသေးလေးတွေ အနေနဲ့ ရှိနေတတ်ပါတယ်။ ဒါကြောင့် အမွေးရှိတတ်တဲ့ လိင်တံနဲ့ ကပ္ပာယ်အိတ်အစပ်မှာ အဝါရောင် အဖုသေးသေးလေးတွေ ရှိနေတတ်ပါတယ်။ ဒါကလည်း ပုံမှန်ပဲဖြစ်ပါတယ်။

    • ကပ္ပာယ်အိတ်ပေါ်က အစက်အပြောက်များ

    ကပ္ပာယ်အိတ်ပေါ်မှာ အနီရောင်လိုလို၊ ခရမ်းရောင်လိုလို အသားပိုသေးသေးလေးတွေ တွေ့ဖူးမှာပါ။ ဒါကို Angiokeratomas လို့ ခေါ်တဲ့ သွေးကြောအထုံးလေးတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ အန္တရာယ်မရှိပါဘူး။ သွေးကြောထုံးဖြစ်တဲ့အတွက် ရံဖန်ရံခါတော့ သွေးထွက်တတ်ပါတယ်။ နည်းနည်းကြီးတဲ့ သွေးကြောထုံးတွေဆို မှဲ့ကင်ဆာက မှဲ့နဲ့ ပုံစံတူပါတယ်။ သွေးကြောထုံးက အန္တရာယ် မရှိပေမယ့် မှဲ့ကင်ဆာကတော့ ကုသရမှာပါ။ ဘာလဲဆိုတာ မခွဲတတ်ရင် ဆရာဝန်နဲ့ ပြသနိုင်ပါတယ်။

    • သွေးကြောတွေ ထင်းနေတာ

    အမျိုးသားတွေရဲ့ လိင်တံ နဲ့ ကပ္ပာယ်အိတ်မှာ သွေးကြောတွေက ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ တချို့မှာ မသိသာပေမယ့် တချို့မှာတော့ သိသာပါတယ်။ အထူးသဖြင့် လိင်တံထောင်မတ်ချိန်မှာ ပိုသိသာပါတယ်။ ဒါက ပုံမှန်ပါပဲ။

    ပုံမှန်မဟုတ်တာက varicoceleလို့ ခေါ်ပါတယ်။ ကပ္ပာယ်အိတ်မှာ သွေးကြောတွေ အင်မတန်များပြီး တီကောင်တွေလို အထွေးလိုက် ဖြစ်နေတာမျိုးပါ။ ခြေထောက်မှာ သွေးကြောထုံးတာနဲ့ ဆင်တူပါတယ်။

    • ကပ္ပာယ်အိတ် အရေပြားရှုံ့တာ

    ကပ္ပာယ်အိတ်နဲ့ လိင်တံက အရေပြားက တခြားနေရာက အရေပြားတွေနဲ့ မတူပါဘူး။ ထောင်မတ်ချိန်မှာ အဆင်ပြေအောင် သာမန်အချိန်မှာ အရေပြားက ရှုံ့တွတွလေး ဖြစ်နေပါတယ်။ အသက်ကြီးလာရင် ပိုသိသာပါတယ်။ ဒါကလည်း ပုံမှန်ဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

    လိင်တံ အရွယ်အစားမှာ စံသတ်မှတ်ချက်ရယ်လို့ မရှိပါဘူး။ တချို့ကလည်း ပုံမှန်အချိန်မှာ ကြီးသလို ထင်ရပေမယ့် ထောင်မတ်ချိန်လည်း ရောက်ရော သိသိသာသာ ကြီးမလာပါဘူး။ တချို့ကျတော့လည်း ထောင်မတ်ချိန်ရောက်မှ သိသိသာသာ ကြီးလာတာမျိုးတွေ ရှိပါတယ်။ အမျိုးသားတွေက လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်ကြပေမယ့် တကယ်ကတော့ လိင်မှုကိစ္စမှာ အရွယ်အစားတစ်ခုတည်းက အရေးပါတာ မဟုတ်ပါဘူး။ စံသတ်မှတ်ချက်ရယ်လို့လည်း မရှိတာကြောင့် မိမိလိင်တံကို သူများနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။

    ဒီလောက်ဆိုရင် ကိုယ်က ပုံမှန်မဟုတ်ဘူးလို့ ထင်ပေမယ့် ကိုယ့်လိင်တံလေးက ပုံမှန်ပဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 22/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement