ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်၊ အင်မ်ဇိုင်းတွေ ပုံစံတမျိုးမှ တမျိုး ပြောင်းလဲခြင်း၊ ဆဲလ်အတွင်းသို့ အစာအာဟာရများစုပ်ယူခြင်း နဲ့ ပရိုတင်းဓာတ်ကို ဖြိုခွဲခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာတွေမှာ ဇင့်ဓာတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဇင့်ဟာ အမျိုးသားအားကို တိုးပွားစေပြီး မျိုးအောင်မှုကို အားပေးကူညီပေးပါသေးတယ်။ ဒီတော့ ဇင့်ဓာတ်နဲ့ အမျိုးသားကျန်းမာရေး အကြောင်းလေး လေ့လာလိုက်ရအောင်နော်။
ဇင့်ဓာတ်နဲ့ အမျိုးသားကျန်းမာရေး
ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဇင့်ဓာတ်ကို သိုမှီးထားနိုင်ခြင်းမရှိတဲ့အတွက် နေ့စဉ်လိုအပ်တဲ့ ဇင့်ဓာတ် ပမာဏကို ပြည့်မှီစွာ ရရှိနိုင်ဖို့ အစားအစာ ဒါမှမဟုတ် ဖြည့်စွက်စာတွေက တဆင့် ဖြည့်တင်းပေးရမှာ ဖြစ်ပါတယ်။ မြေပဲ၊ ကမာ၊ အနက်ရောင် ချောကလက်၊ အနီရောင်အသားတွေနဲ့ ကိုကာအမှုန့်တွေဟာ ဇင့်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။
မျိုးပွားစနစ်အပေါ်မှာ ဇင့်ဓာတ်က ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ။
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းရှိ မျိုးပွားဟော်မုန်းတွေ ဖြစ်တဲ့ estrogen နဲ့ progesterone တို့ကို သုံးစွဲဖြိုခွဲပစ်ဖို့ ဇင့်ဓာတ်က ကူညီပေးပါတယ်။ ဇင့်ဓာတ်ချို့တဲ့တဲ့အခါ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ဟော်မုန်းပမာဏတွေ မညီမမျှဖြစ်လာစေပါတယ်။ အကျိုးဆက်အနေနဲ့ သားဥအိမ်မူမမှန်စွာ ဖွံ့ဖြိုးလာတာမျိုး ဒါမှမဟုတ် ဓမ္မတာ ပုံမမှန်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဇင့်ဓာတ်နည်းပါးတဲ့အခါ ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်ကနေ စုပ်ယူမှုနည်းပါးလာတဲ့အတွက် သားဥတွေရဲ့ အရည်အသွေးကို လျော့ကျစေပါတယ်။
အမျိုးသားတွေမှာ ဇင့်ဓာတ်ဟာ သုက်ကောင်ပမာဏအပေါ် လွှမ်းမိုးမှုရှိတယ်လို့ ယုံကြည်ရပါတယ်။ ဘာလို့လဲဆိုတော့ သုက်ရည်ထဲမှာ ဇင့်ဓာတ်များပြားစွာ ပါဝင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် သုက်ကောင်ရဲ့ အပြင်ဖက်အလွှာနဲ့ အမြီးကို တည်ဆောက်ဖွဲ့စည်းဖို့အတွက် ဇင့်ဓာတ်ကို မရှိမဖြစ် လိုအပ်ပါသေးတယ်။ ဒါကြောင့် အမျိုးသားတယောက်အနေနဲ့ ဇင့်ဓာတ်ချို့တဲ့နည်းပါးနေပြီဆိုရင် သုက်ကောင်ရဲ့ အရေအတွက်နဲ့ အရည်အသွေးကို ဆိုးရွားစွာ ထိခိုက်စေပါလိမ့်မယ်။
ဇင့်ဓာတ်သာ မရှိခဲ့ဘူး၊ မလုံလောက်ခဲ့ဘူးဆိုရင် သုက်ကောင်လေးတွေအနေနဲ့ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းတို့ကို ဖြတ်ပြီး သားအိမ်ထဲဝင်ရောက်ကာ မျိုးအောင်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ဖို့ အင်အားနဲ့ လှုပ်ရှားနိုင်စွမ်းလည်း ရှိလာမှာ မဟုတ်ပါဘူး။ ဇင့်ဓာတ်ချို့တဲ့ခြင်းဟာ သုက်ကောင်မှာ ခရိုမိုဆုမ်းမူမမှန်ခြင်းနဲ့ အပြစ်အနာအဆာကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျိုးအောင်ခြင်းနဲ့ သန္ဓေသားကပ်တွယ်ခြင်းတို့ ဖြစ်ပေါ်ခဲ့မယ်ဆိုရင်တောင် သားပျက်သားလျှောဖြစ်ဖို့ အခွင့်အလမ်းတွေကို များစေပါတယ်။ တနေ့ကို ဇင့်ဓာတ် ၁၅ မီလီဂရမ်လောက် စားသုံးပေးရင်ပဲ ပတ်ဝန်းကျင်ကနေ စုပ်ယူထားတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ သုက်ကောင်ထိခိုက်ပျက်စီးမှုတွေကို ပြန်လည်ပြုပြင်ပေးနိုင်တယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။
ဇင့်ဓာတ်ရရှိအောင် ဘယ်လိုစားရမလဲ။
ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကတော့
- ပင်လယ်စာတွေ (အထူးသဖြင့် ကမာကောင်များ ဖြစ်ပြီး သူတို့ဟာ ကာမအားတိုးဆေးအဖြစ် ကျော်ကြားပါတယ်)
- အနီရောင်အသားများ
- အစေ့အဆံများ
- ပဲအမျိုးမျိုး စတာတွေပဲ ဖြစ်ကြပါတယ်။
- ဒိန်ခဲလိုမျိုး နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း ဇင့်ဓာတ်ပမာဏ အနည်းငယ် ပါဝင်ပါသေးတယ်။
မီးအပူနဲ့ ချက်ပြုတ်ခြင်း၊ အပူပေးခြင်းတို့က အစားအစာမှာ ပါဝင်တဲ့ ဇင့်ဓာတ်ပမာဏကို တဝက်လောက်လျော့ကျစေပါတယ်။ ဒါကြောင့် ဇင့်ဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားတဲ့အခါ မီးပြင်းပြင်းနဲ့ မချက်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။
ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို မစားတာတမျိုးတည်းကြောင့် ဇင့်ဓာတ်ချို့တဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်နေထိုင်သွားလာမှုပုံစံကလည်း များစွာ အကျိုးသက်ရောက်မှုရှိနေပါတယ်။
- စိတ်ဖိစီးမှု များပြားခြင်း
- လေထုညစ်ညမ်းခြင်း
- ဆေးလိပ်အရက်သောက်ခြင်း စတာတွေကြောင့်လည်း ခန္ဓာကိုယ်မှာ ဇင့်ဓာတ် လုံလောက်စွာ မရရှိတာမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ ဇင့်ဓာတ် ဖြည့်စွက်အားဆေးတွေ အသုံးပြုမယ်ဆိုရင် တနေ့ကို ၃၀ မီလီဂရမ်ထက် ပိုပြီး သုံးစွဲခြင်း မပြုဖို့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေက အကြံပြုပါလိမ့်မယ်။ ဒါ့အပြင် ကော့ပါးဓာတ်ဖြည့်စွက်ဆေးနဲ့လည်း တွဲဖက်ပြီး သုံးစွဲသင့်ပါတယ် (တနေ့ကို ၁.၅ မီလီဂရမ်လောက် သုံးစွဲရလေ့ရှိပါတယ်)။ တချို့ ဇင့်ဓာတ် ဆေးပြားတွေမှာ ကော့ပါးဓာတ်ပါ တခါတည်း ပါဝင်ပြီးသားဖြစ်တဲ့အတွက် သုံးစွဲဖို့ အင်မတန်လွယ်ကူအဆင်ပြေပါလိမ့်မယ်။
[embed-health-tool-bmi]