၄။ ဆီးထဲ သွေးပါလာတာ
ဆီးသွားနေစဉ် သွေး သို့မဟုတ် အရောင်နက်နက် ဖြစ်နေတာ၊ ပုံမှန်မဟုတ်တဲ့ အနံ့တစ်မျိုးရနေတာတွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ဆီးကျိတ်ကြီးလာတဲ့အခါ ဆီးကျိတ်ပေါ်ကသွေးကြောတွေ ပိုကျယ်သွားတဲ့အတွက် ဆီးထဲ သွေးပါလာတတ်ပါတယ်။
၅။ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း
ဆီးသွားဖို့ အခက်အခဲဖြစ်တာမဟုတ်ဘဲ လုံးဝသွားမရအောင် ဆီးလမ်းကြောင်း ပိတ်သွားတဲ့အခြေအနေမျိုးမှာ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးမှုပြုလုပ်ပြီး ဆီးအိမ်ကနေ ဆီးစွန့်ထုတ်ဖို့ ဆီးပိုက်တစ်မျိုးထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆီးကျိတ်က ဘယ်လောက်ကြီးနေလဲဆိုတာပေါ် မူတည်ပြီး လိုအပ်ရင် ခွဲစိတ်ကုသမှု ခံယူရမှာပါ။
၆။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
ဆီးကို ကုန်စင်တဲ့အထိ သွားလို့မရဘူးဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါတယ်။ ဆီးအိမ်ထဲမှာ ဘက်တီးရီးယားပိုးတွေ ပွားလာတဲ့ အကြောင်းရင်းကြောင့် ဆီးလမ်းကြောင်း ပိုးဝင်သွားတဲ့အပြင် ဆီးမှ မကောင်းတဲ့အနံ့ဆိုးထွက်နေတာ၊ သွေးပါလာတတ်ပါတယ်။
၇။ ဆီးအိမ်အတွင်း ကျောက်တည်ခြင်း
ဆီးကျိတ်ကြီးတာကို သိနိုင်မယ့် နောက်ထပ် လက္ခဏာတစ်ခုကတော့ ဆီးအိမ်အတွင်း ကျောက်တည်နေတာပါပဲ။ ဆီးကျိတ်ကြီးတာကြောင့် ဆီးအိမ်အတွင်း ဆီးကျန်ပြီး ကြာလာတဲ့အခါ ကျောက်တည်လာပါတယ်။ ဆီးအိမ်အတွင်းမှာ ကျောက်တည်တဲ့အခါ ပိုးဝင်တာ၊ ဆီးထဲ သွေးပါလာတာ၊ ဆီးအိမ်က ယားယံသလို ခံစားရတာ၊ ဆီးသွားနေစဉ် တစ်ဆို့ဆို့ကြီး ဖြစ်တာ အစရှိတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
၈။ ဆီးအိမ်၊ ကျောက်ကပ်ပျက်စီးလာမယ်
ဆီးအိမ်အတွင်း ဆီးတွေ ကျန်နေတာကြာလာရင် တဖြည်းဖြည်း ကျုံ့ပြီးအားနည်းလာမယ်။ ဆီးအိမ်ရဲ့ ကြွက်သားနံရံတွေမှာ သဘာဝအတိုင်း ကျုံ့နိုင်၊ ဆန့်နိုင်ခြင်း နည်းသွားပြီး ဆီးသွားဖို့ ပိုပြီးအခက်အခဲဖြစ်လာမယ်။ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းကြောင့် ဆီးအိမ်မှာ ဖိအားတွေ သက်ရောက်ပြီး နောက်ဆက်တွဲ ကျောက်ကပ်ပါ ထိခိုက်ပျက်စီးလာမယ်။ ဆီးအိမ်ကနေ အစတည်လာခဲ့တဲ့ ရောဂါပိုးတွေဟာ ကျောက်ကပ်အထိပါ ဝင်ရောက်လာပြီး ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။
အပေါ်မှာ ပြထားတဲ့ ဆီးကျိတ်ကြီးခြင်း လက္ခဏာတွေ တွေ့နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ကျန်းမာရေးမှတ်တမ်းအပြင် တခြားလိုအပ်တဲ့ ဆေးစစ်ချက်တွေ ပြုလုပ်ပြီး ရောဂါရှိကြောင်း အတည်ပြုပြီးမှသာ ဆရာဝန်အနေနဲ့ ဘယ်လိုကုသမှုတွေ လုပ်ပေးနိုင်မလဲ၊ ခွဲစိတ်ဖို့ လိုအပ်လားဆိုတာကို အကြံပေးပါလိမ့်မယ်။
ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်း ဖြစ်တဲ့အတွက် ပျောက်ကင်းသက်သာဖို့ အခွင့်အလမ်းကတော့ ပိုပြီးများနိုင်ပါတယ်။ ဆရာဝန်နဲ့မပြခင်မှာ တစ်နေ့အတွင်း ကိုယ့်ရဲ့ ဆီးသွားတဲ့အကြိမ်ရေကို သေချာမှတ်ထားဖို့နဲ့ သောက်နေတဲ့ ဆေးဝါးတွေအကြောင်း အကုန်အစင် ပြောပြဖို့လည်း အရေးကြီးပါတယ်။ အပ်နဲ့ ထွင်းရမယ့်ပြဿနာ ပုဆိန်နဲ့ မပေါက်ရလေအောင် စောစီးစွာ ကုသမှုခံယူရင် အဆင်ပြေသွားပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။