backup og meta

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

    ပုံမှန် ကျန်းမာနေတဲ့ အမျိုးသားတစ်ယောက် လက်နဲ့ အာသာဖြေပြီး၊ လိင်ဆက်ဆံပြီးနောက် ဆန္ဒအထွတ်အထိပ်ကို ရောက်သွားတဲ့အခါ (Orgasm) ခေါင်းမူးသလို၊ မိုက်ကနဲ လဲချင်သလို ဖြစ်တာမျိုး ကြုံရတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်တတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ အကြောင်းရင်းကို ရှာဖွေနိုင်ခြင်း မရှိသေးပေမယ့် ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင်းတွေကိုတော့ ဒီဆောင်းပါးမှာ ဖော်ပြပေးချင်ပါတယ်။ တစ်ခုခုဆို သုက်လွှတ်ပြီးမှ ခေါင်းမူးလာလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ပုရိသတွေလည်း အဖြေရှာရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း က ဘာကြောင့်လဲဆိုတာ အဖြေထုတ်ကြည့်လိုက်နော်။

    အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

    အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း ကို ဒါတွေက ဖြစ်စေတာပါ။

    ၁။ ဆီးကျိတ်ကြီးဆေး သောက်နေရခြင်း

    BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ အမျိုးသားတွေမှာ ဆီးသွားရလွယ်ကူအောင် သောက်ရတဲ့ ဆေးတွေ ရှိပါတယ်။ ဒီဆေးဟာ ရောဂါအတွက် သောက်ဆေးဆိုတာ မှန်ပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ သုက်လွှတ်ဖို့ အချိန်ကြန့်ကြာခြင်း၊ သုက်မလွှတ်နိုင်တာ၊ သုက်လွှတ်ပြီးသွားတဲ့အခါ ခေါင်းမူးသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုး ခံစားနေရတယ်ဆိုရင်တော့ ကိုယ်ပြနေကျဆရာဝန်နဲ့ သေချာပြန်ပြပြီး ဆေးပြောင်းတာ၊ ဆေးရပ်တာမျိုး အကြံတောင်းကြည့်လို့ ရပါတယ်။

    ၂။ ခွန်အားတွေ အလွန်အကျွံ အသုံးပြုရခြင်း

    ဒါကတော့ အာသာဖြေတာထက် လိင်ဆက်ဆံတာနဲ့ ပိုဆိုင်မှာပါ။ လိင်ဆက်ဆံတဲ့အခါမှာ ထိုးသွင်းမှုပြုရတဲ့ အမျိုးသားတွေက ပိုမိုအားစိုက်ထုတ်ရပါတယ်။ ဒီအတွက်ကြောင့် အားအင်ပြည့်ဖြိုးနေမှ လိင်ဆက်ဆံဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိရင် လူတွေက အားမရှိတတ်တဲ့အတွက် အားအင်ကုန်ခမ်းလောက်စရာ လိင်မှုကိစ္စ ပြုလုပ်တဲ့အခါ ဦးနှောက်က အောက်စီဂျင်ပြတ်သွားသလို ဖြစ်တတ်ပြီး မူးတတ်ပါတယ်။

    ဒါကို ကာကွယ်ဖို့အတွက် လိင်မှုကိစ္စ မစတင်ခင် အနည်းဆုံး ၂နာရီ အလိုမှာ ဝဝလင်လင် အစာစားထားဖို့ လိုပါတယ်။ အစာရှိမှ အားရှိမှာ ဖြစ်လို့ ကိုယ့်လူတွေလည်း ဗိုက်ဟောင်းလောင်းနဲ့ လိင်ဆက်ဆံတာမျိုးတော့ တတ်နိုင်သလောက် ရှောင်ပေးပါနော်။

    ၃။ ရေဓာတ် မလုံလောက်ခြင်း

    အားကစားလုပ်တဲ့အခါ ရေဓာတ် လုံလောက်ဖို့လိုတယ်ဆိုတာ အမျိုးသားတော်တော်များများ သိထားပြီးသားဖြစ်မှာပါ။ ရေဓာတ်ဟာ သွေးတွင်း အောက်စီဂျင်လည်ပတ်စီးဆင်းနှုန်းကို မြန်ဆန်စေသလို အားအင်တွေကို ဖြစ်စေပြီး ဦးနှောက်အာရုံကြောစနစ်ကို လန်းဆန်းတက်ကြွစေတယ်။ ရေဓာတ်မလုံလောက်ဘဲ လိင်ဆက်ဆံမှု ပြုတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးမှုဖြစ်ပြီး ခေါင်းမူးတာ၊ မျက်စိက ပြာကနဲ ဖြစ်သွားတာ၊ လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် လိင်ဆက်ဆံတဲ့အခါ ကိုယ့်အနားမှာ ရေဆောင်ထားဖို့ လိုပြီး အများကြီးသောက်တာထက် အာစွတ်ရုံလောက် သောက်ပေးနိုင်ရင် ရပါတယ်။

    ၄။ ကြာဆေးများ သောက်ခြင်း

    လိင်တံထောင်မတ်နိုင်ဖို့၊ သုက်လွှတ်ရန် အချိန်ကြာဖို့ ကြာဆေးအကူအညီ ယူတဲ့အခါ လိင်အင်္ဂါအတွင်းသာမက ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ သွေးကြောများဟာ ကျယ်သွားပါတယ်။ သွေးစီးဆင်းမှုဟာလည်း ပိုမြန်ဆန်လာသလို သုက်လွှတ်လိုက်တဲ့အခါ စုစည်းနေတဲ့သွေးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးစီသို့ လျင်မြန်စွာ ပြန့်သွားတဲ့အတွက် အောက်စီဂျင် ခေတ္တခဏ ပြတ်လပ်မှုဖြစ်ပြီး မူးသွားတတ်ပါတယ်။

    အထူးသဖြင့် ကြာဆေးကို စွဲသောက်နေသူတွေ၊ သွေးတိုး၊ နှလုံးရောဂါရှိသူတွေ၊ အာရုံကြော အားနည်းသူများ ကြာဆေးသောက်ပြီး လိင်ဆက်ဆံတဲ့အခါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကြာဆေး အားပမာဏကို လျှော့သောက်တာ၊ ကြာဆေးအကူမယူဘဲ လိင်ဆက်ဆံခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

    ၅။ ရောဂါအခံ တစ်ခုခုရှိခြင်း

    ကိုယ်မသိသေးတဲ့ ရောဂါအခံ တစ်ခုခုရှိနေတဲ့အခါ သို့မဟုတ် ကိုယ့်မှာရှိတဲ့ ရောဂါအတွက် ဆေးတွေ သောက်နေရတဲ့အခါ ဒီပြဿနာတွေက ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒနဲ့ လိင်မှုရေးရာကို သွားပြီး သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ကိုယ့်မှာ လိင်ဆက်ဆံတဲ့အချိန်တိုင်း မူးပြီး မောနေတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူမဝတာ၊ မျက်လုံးထဲ ပြာပြီး ဘာမှမမြင်ရတာ၊ နားထဲ စူးကနဲ အသံတွေကြားနေရတာတွေ မကြာခဏ ဖြစ်နေတတ်ရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ကျန်းမာရေးအခြေအနေကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

    ဒီလိုမျိုး သုက်လွှတ်ပြီးနောက် အမျိုးသားများ ခေါင်းမူးသလို အဖြစ်များ ကြုံတွေ့ရခြင်းဟာ အဖြစ်နည်းတဲ့ ကိစ္စဆိုပေမယ့် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မကြာခဏဆိုသလို ဖြစ်နေရင်တော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသားဆရာဝန်နဲ့ ပြသပြီး ကိုယ့်ကျန်းမာရေးကို စစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 06/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement