ဝှေးစေ့တစ်လုံးချင်းစီရဲ့ အရှေ့ဘက်နဲ့ ဘေးပတ်ပတ်လည်မှာ ပုံမှန်မဟုတ်တဲ့ အလုံးအကျိတ်၊ အဖုအထုံးတွေ ရှိမရှိ သေချာစွာစမ်းသပ်ပါ။ အလုံးအကျိတ်တွေဟာ ဆန်စေ့၊ ပဲစေ့ ပမာဏလောက်အထိ သေးငယ်နေနိုင်ပါတယ်။
အလုံးအကျိတ်တစ်ခုခု စမ်းမိရင်ဖြစ်စေ၊ ဝှေးစေ့အရွယ်အစားနဲ့ အရောင်ပြောင်းလဲနေကြောင်း သတိထားမိရင်ဖြစ်စေ၊ ပေါင်ခြံတဝိုက် နာကျင်ကိုက်ခဲမှုဝေဒနာ ခံစားရရင်ဖြစ်စေ သင့်ဆရာဝန်ကို အမြန်ဆုံးအသိပေးပါ။
အလုံးအကျိတ်တိုင်းဟာ ကင်ဆာမဟုတ်ပေမယ့် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုပြုလုပ်တာက အကောင်းဆုံးပါပဲ။ ဝှေးစေ့ကင်ဆာဟာ စောစောသိ စောစောကုသမှုခံယူရင် ပျောက်ကင်းအောင်ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။
ထူးခြားမှုတစ်ခုခု သတိထားမိရင် ဘာလုပ်သင့်သလဲ
မိမိဝှေးစေ့ကို ကိုယ်တိုင်စမ်းသပ်စဉ်မှာဖြစ်ဖြစ် အခြားတစ်ချိန်ချိန်မှာဖြစ်ဖြစ် ပုံမှန်မဟုတ်တဲ့အရာတစ်ခုခု သတိထားမိမယ် ဒါမှမဟုတ် သင့်ကိုယ်သင် မသေချာမရေရာ ဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။
ဆရာဝန်က သင့်ကို ထူးခြားတဲ့လက္ခဏာတစ်စုံတစ်ရာ (ဥပမာ နာကျင်ကိုက်ခဲမှုဝေဒနာ) ခံစားနေရခြင်းရှိမရှိ၊ ရှိခဲ့ရင်လည်း ဘယ်လောက်ကြာအောင် ခံစားနေရတယ်ဆိုတာ မေးမြန်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သင့်ဝှေးစေ့တွေရဲ့ အရွယ်အစား၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အလုံးအကျိတ်ဖြစ်ပေါ်ခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး ကင်ဆာရောဂါပျံ့နှံ့နေခြင်းရှိမရှိ သိနိုင်ဖို့ ဝမ်းဗိုက်၊ ပေါင်ခြံနဲ့ အခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုပါ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
အကယ်၍ ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးမှုမှာ မူမမှန်တဲ့လက္ခဏာတစ်ခုခု တွေ့ရှိခဲ့တယ်ဆိုရင် အာလ်ထရာဆောင်း အသုံးပြုပြီး ဝှေးစေ့နဲ့ ကပ်ပယ်အိတ်အတွင်းပိုင်းကို ပုံဖော်စစ်ဆေးမှု ပြုလုပ်ရနိုင်ပါတယ်။ ဒီစစ်ဆေးမှုကတဆင့် ဝှေးစေ့မှာ ကင်ဆာအကျိတ် ဒါမှမဟုတ် အခြားပြဿနာများ ရှိမရှိ မနာမကျင်ဘဲ လွယ်ကူစွာ သိရှိနိုင်ပါတယ်။ အာလ်ထရာဆောင်းအပြင် အခြားစစ်ဆေးမှုများလည်း ပြုလုပ်ရနိုင်ချေ ရှိပါတယ်။