brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Dengue Fever (သွေးလွန်တုပ်ကွေး)

အဓိပ္ပာယ်ဖွင့်ဆိုချက်

Dengue Fever (သွေးလွန်တုပ်ကွေး) ဆိုတာ ဘာလဲ။

သွေးလွန်တုပ်ကွေး ဆိုတာ ခြင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး လေးမျိုးကြောင့် ဖြစ်ပွားပါတယ်။ ဒီရောဂါက တခါတရံ ပြင်းထန်တဲ့ အဆစ်နဲ့ ကြွက်သားနာကျင်မှုတွေ ဖြစ်ပွားစေပြီး အရိုးကျိုးသလို ခံစားရတာမို့ break bone fever လို့လဲ ခေါ်ပါတယ်။

Dengue Fever (သွေးလွန်တုပ်ကွေး)

သွေးလွန်တုပ်ကွေး ရောဂါအပျော့စားတွေမှာ အဖျားတက်ခြင်း၊ အနီကွက်ထခြင်း၊ ကြွက်သားနဲ့ အဆစ်နာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုတော့ dengue hemorrhagic fever လို့ခေါ်ပြီး သူဟာ ခန္ဓာကိုယ်တွင်း သွေးထွက်ခြင်း၊ သွေးပေါင်ရုတ်တရက်ကျခြင်း (ရှော့ခ် ရခြင်း) နဲ့ အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

Dengue Fever (သွေးလွန်တုပ်ကွေး) က ဘယ်လောက်အဖြစ်များသလဲ

တစ်နှစ်တစ်နှစ်ကို သန်းပေါင်းများစွာသော သွေးလွန်တုပ်ကွေးရောဂါရှင်တွေဟာ ကမ္ဘာအနှံ့အပြားမှာ တည်ရှိပါတယ်။ သူဟာ အရွယ်မရွေးမှာ ဖြစ်ပွားနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါကို များသောအားဖြင့် မိုးရာသီပတ်ဝန်းကျင်မှာ တွေ့ရတတ်ပါတယ်။ အောက်ဖော်ပြပါ နေရာတွေရဲ့ အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသတွေမှာ တွေ့ရလေ့ရှိပါတယ်။

  • အာဖရိက
  • အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံ
  • အိန္ဒိယ
  • အရှေ့အလယ်ပိုင်း
  • Caribbean အလယ်ပိုင်းနဲ့ တောင်အမေရိက
  • သြစတေးလျ၊ တောင်နဲ့ အယ်ပိုင်း ပစိဖစ်ဒေသ
  • လက္ခဏာများ

    Dengue Fever (သွေးလွန်တုပ်ကွေး) ရဲ့ လက္ခဏာတွေက ဘာတွေလဲ

    သွေးလွန်တုပ်ကွေး ရောဂါ အမျိုးအစား သုံးခုရှိပါတယ်။ Classic dengue, Dengue hemorrhagic fever နဲ့ Dengue shock syndrome တို့ပဲ ဖြစ်ပါတယ်။

    Classic dengue

    ရောဂါလက္ခဏာတွေက ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး ၄ရက်ကနေ ၇ရက်အတွင်း စတင်ဖြစ်ပွားနိုင်ပါတယ်။

    • အဖျားတက်ခြင်း (105F)
    • ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
    • မျက်စိအောင့်ခြင်း
    • အဆစ်အမြစ်နဲ့ ကြွက်သား ပြင်းထန်စွာ နာကျင်ခြင်း
    • ပျို့အန်ခြင်း
    • အနီကွက်ထခြင်း
    • အနီကွက်တွေဟာ စဖျားပြီး ၃ ရက်ကနေ ၄ရက်အတွင်းမှာ ကိုယ်ခန္ဓာ အနှံ့အပြားမှာ ပေါ်လာနိုင်ပါတယ်။ နောက်တစ်ခေါက် အနီကွက် ထပ်ထွက်ခြင်းက ရက်အနည်းငယ်အကြာမှာ ထပ်မံဖြစ်ပွားနိုင်ပါတယ်။

    Dengue Haemorrhagic Fever

    Dengue Haemorrhagic Fever ရဲ့ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ လက္ခဏာတွေ အပြင်

    • သွေးနဲ့ ပြန်ရည်ကြောစနစ်ကို ပြင်းထန်စွာ ပျက်စီးစေခြင်း
    • နှာခေါင်း၊ သွားဖုံး၊ အရေပြားအောက်မှာ သွေးယိုပြီး ခရမ်းရောင် အညိုအမည်းစွဲခြင်း တို့ကို တွေ့ရတတ်ပါတယ်။

    Dengue Shock syndrome

    Dengue Shock syndrome ဟာ အပြင်းထန်ဆုံး သွေးလွန်တုပ်ကွေး ရောဂါတစ်ခုဖြစ်ပါတယ်။ အထက်ဖော်ပြပါ အမျိုးအစားနှစ်ခုရဲ့ ရောဂါလက္ခဏာတွေ အပြင်

    • သွေးကြောအပြင်ဘက်ကို အရည်တွေ စိမ့်ထွက်လာခြင်း
    • ကိုယ်တွင်းသွေးထွက်လွန်ခြင်း နဲ့
    • ရှော့ခ်ရခြင်း (သွေးပေါင်အလွန်ကျခြင်း) တို့ ဖြစ်ပွားနိုင်ပါတယ်။

    ဒီအမျိုးအစားဟာ အများအားဖြင့် ကလေးမှာဖြစ်ပွားတတ်ပြီး ဒုတိယအကြိမ် ထပ်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးမှာ ပိုဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေမှာ သေဆုံးနိုင်ခြေ မြင့်စေပါတယ်။

    အထက်မှာ ဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    ဘယ်ရာသီမှာပဲ ဖြစ်ဖြစ် အဖျားတက်တာ ၃ရက်နဲ့ အထက်ဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အထူးသဖြင့် ကလေးတွေပါ။ သွေးလွန်တုပ်ကွေးက မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ရာသီမရွေး ဖြစ်နိုင်ပါတယ်။

    သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် သွေးလွန်တုပ်ကွေးလို့ သံသယရှိမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုဟာ မတူညီတဲ့အတွက် ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။

    အကြောင်းရင်းများ

    Dengue Feverကို ဘာတွေကဖြစ်စေသလဲ

    သွေးလွန်တုပ်ကွေးရောဂါက ခြင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ် လေးမျိုးရှိပြီး DEN-1, DEN-2, DEN-3, နဲ့ DEN-4 တို့ဖြစ်ပါတယ်။

    ခြင်တွေကတော့ Aedes aegypti or Aedes albopictus အုပ်စုက ဖြစ်ပြီး ရောဂါရှိသူထံက သွေးကိုစုပ်ယူပြီး အခြားတစ်ယောက်ကို ထပ်ကိုက်ရာကနေ ကူးစက်စေနိုင်ပါတယ်။

    သွေးလွန်တုပ်ကွေး ရောဂါကနေ ပြန်ကောင်းလာပြီးရင် သွေးလွန်တုပ်ကွေး ရောဂါအတွက် ခုခံအားရရှိပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သင်ဖြစ်ဖူးတဲ့ အမျိုးအစားတစ်ခုအတွက်ပဲ ဖြစ်ပါတယ်။ အမျိုးအစားလေးခု ရှိတဲ့အတွက် သွေးလွန်တုပ်ကွေးက နောက်ထပ်ဖြစ်နိုင်ပါသေးတယ်။ ဒါ့ကြောင့် တစ်ခါဖြစ်ပြီးလည်း သတိထားနေသင့်ပါတယ်။

    ဖြစ်နိုင်ခြေများ

    Dengue Fever (သွေးလွန်တုပ်ကွေး) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် သွေးလွန်တုပ်ကွေး (သို့) ပိုမိုပြင်းထန်တဲ့ ရောဂါကို ဖြစ်စေတဲ့ အချက်တွေကတော့

    • ခြင်ပေါက်ဖွားမှု များတဲ့နေရာမှာ နေထိုင်ခြင်း
    • အရင်တုံးက သွေးလွန်တုပ်ကွေး ဖြစ်ဖူးခြင်း (အရင်တုံးက သွေးလွန်တုပ်ကွေးကူးစက်ခံရဖူးခြင်းက နောက်တစ်ခါ ထပ်မံဖြစ်ပွားရင် ပြင်းထန်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။)

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။

    Dengue Fever ကို ဘယ်လိုအတည်ပြုပါသလဲ

    သွေးလွန်တုပ်ကွေးရောဂါကို ရှာဖွေအမည်တပ်ဖို့က ခက်ခဲပါတယ်။ သူ့ရဲ့ ရောဂါလက္ခဏာတွေဟာ အခြားရောဂါတွေနဲ့ ဆင်တူနေပါတယ်။ ဒါကြောင့် လက္ခဏာတွေကို စစ်ဆေးတာ၊ သွေးစစ်တာတွေနဲ့ အတည်ပြုရပါတယ်။

    Dengue Feverကို ဘယ်လိုကုသပါသလဲ

    သွေးလွန်တုပ်ကွေးကို ကုသတော့ ဆေးဝါးမရှိပါဘူး။ ဗိုင်းရပ်စ်ဖြစ်နေတာကြောင့်ပါ။

    သာမန်အခြေအနေမှာဆိုရင်တော့ အများစုဟာ နှစ်ပတ်အတွင်း ပြန်ကောင်းတတ်ကြပါတယ်။ ဒါပေမယ့် ဆိုးဝါးတဲ့ အကျိုးဆက်တွေကို မဖြစ်စေဖို့ ရောဂါလက္ခဏာတွေကို ကုသဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် အောက်ပါတို့ကို ညွှန်ကြားလေ့ရှိပါတယ်။

    • အနားယူခြင်း
    • အရည်များများ သောက်ခြင်း
    • ပါရာစီတမောသောက်ခြင်း (နာကျင်မှုရော အဖျားကိုပါ ပျောက်စေပါတယ်။)
    • NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေကိုတော့ ရှောင်သင့်ပါတယ်။
    • သွေးလွန်တုပ်ကွေး ရှော့ခ်ဖြစ်တဲ့ သူတွေမှာတော့ ဆေးရုံတက်ပြီး အရေးပေါ် ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

    ရေးသားသူ- Dr Phyu Mon Latt

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/12/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။