backup og meta

သီတင်းကျွတ်ကာလကို ချစ်ခင်ရသူတွေနဲ့ ဘေးကင်းပျော်ရွှင်စွာ ဖြတ်သန်းပါ


Aye Thi Mon မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဟေး…….. သီတင်းကျွတ် ရောက်တော့မှာပဲ။ သီတင်းကျွတ်သီချင်းလေးတွေနားထောင်ရင်း သီတင်းကျွတ် အငွေ့အသက်တွေရပြီး တက်ကြွနေရောပဲ။ ပျော်နေတဲ့ စိတ်လေး မဆုံးခင် တွေးမိတာက ကိုဗစ်။ သူ့ကြောင့် Stay at Home နေရတာ တစ်လတောင် ကျော်ရောပေါ့။

    မိုးလင်း အိပ်ရာထ မျက်နှာသစ်၊ ကိုယ်ခံအား ကောင်းအောင်ဆိုပြီး လေ့ကျင့်ခန်း လုပ်၊ မနက်စာစား၊ အလုပ်ကို အိမ်ကနေလုပ်၊ နေ့လယ်စာစား၊ အလုပ်လုပ်၊ ညနေ ရေချိုး၊ ညနေစာစား၊ တီဗီကြည့်၊ အိပ်ရာဝင် နေ့စဉ် ပုံသေဖြစ်နေတဲ့ အချိန်ဇယားနဲ့ လှည့်ပတ်နေခဲ့ရတာ တော်တော်လေး ပျင်းစရာကောင်းတယ်။

    ရန်ကုန်လည်း တိတ်ဆိတ်လို့။ အရင်လို သီတင်းကျွတ်ကို မီးထွန်းပွဲတွေ လျှောက်၊ ကာတွန်း မီးပုံးလေးတွေ ကြည့်ဖို့ မလွယ်ဘူးပဲ။ ဒီနှစ်တော့ အိမ်က မိဘတွေနဲ့ ဘုရားတက်ပြီး ဆီးမီးပူဇော်မယ့် ကိစ္စလည်း အထမမြောက်လောက်တော့ဘူးလား ငဗစ်ရယ်။

    ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ်ပါ လကုန်ရင်တော့ သီတင်းကျွတ် အခါသမယက ကျရောက်မှာပဲလေ။ ကိုဗစ်ကြောင့် အပြင်မထွက်ရလည်း အိမ်က လူကြီးမိဘတွေနဲ့ သီတင်းကျွတ် ချိန်ခါကို ပျော်ရွှင်စရာ ဖြတ်သန်းလို့ ရပါသေးတယ်။

    ကိုဗစ်ကိုလည်း ကာကွယ်ရင်း ကျန်းမာရေးအတွက်ဘေးကင်းစိတ်ချရပြီး ပျော်ရွှင်စရာ ကောင်းတဲ့ သီတင်းကျွတ်ကို ချစ်ခင်ရသူတွေကို အလေးဂရုပြုကြောင်း ဖော်ပြရင်း အကောင်းဆုံး ဖြတ်သန်းမှာပေါ့။ မှုမနေဘူး ကိုဗစ်ရေ။ သီတင်းကျွတ်ကို အပျော်ဆုံး ဖန်တီးမယ်ဟေ့ ယူ့အန္တရာယ်ကနေလည်း ကာကွယ်ရင်းပေါ့။

    သီတင်းကျွတ်ဆိုတာ ရုံးပိတ်ရက် ဆိုတာထက် ပိုတဲ့ အဓိပ္ပါယ်ရှိတယ်

    သီတင်းကျွတ်ဆိုတာက မြန်မာလူမျိုးတွေအတွက် အလေးထားတဲ့ အချိန်အခါသမယ တစ်ခုပေါ့။ မီးထွန်းပွဲတွေ ကျင်းပတယ်။ ဘယ်နေရာရောက်ရောက် မိဘဆွေမျိုးတွေ ရှိရာဆီကို အရောက်ပြန်ပြီး အလေးဂရုပြုမှု နဲ့ မြတ်နိုးတန်ဖိုးထားမှုကို ဖော်ပြပေးတဲ့ အခိုက်အတန့်ပါ။ မိသားစုတွေ ဆုံကြတဲ့ အချိန်အခါလေးပေါ့။

    တပျော်တပါး မုန့်တွေလုပ်စားတယ်။ ကိုယ့်ထက် အသက်အရွယ်​ကြီးသူတွေ၊ မိဘဘိုးဘွားတွေ၊ ဆရာသမားတွေကို ကန်တော့ကြတယ်။ ဒါက သီတင်းကျွတ်ရဲ့ အနှစ်သာရပေါ့။

    ဒါဆို ဒီနှစ်ရော အဲ့လိုပျော်လို့ ရပါ့မလား

    ရတာပေါ့။ ဘာလို့ မရရမှာလဲ။ သီတင်းကျွတ်ကို ကိုဗစ် နှောင့်ယှက်မှု ကင်းကင်းနဲ့ ပျော်စရာကောင်းအောင် ဘယ်လို ဖန်တီးကြမယ် စိတ်ကူးထားလဲဆိုတော့

    အဝေးရောက်နေတဲ့ ဆွေမျိုးထဲက သက်ကြီးဝါကြီးတွေကို ဗီဒီယိုကော ခေါ်ပြီး ကန်တော့မယ်လေ။ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောရင်းပေါ့။ ဆုံးမစကားတွေ ဆုတောင်းသံတွေကိုလည်း နာယူမယ်လေ။ ကိုဗစ် ကာကွယ်ဖို့က အဝေးရောက်လေး ကန်တော့တာ အကောင်းဆုံးလေ။ သီတင်းကျွတ် ကန်တော့နည်း အသစ်လေး။

    တိုးတက်လာတဲ့ နည်းပညာတွေ ရှိနေတာကို ကျေးဇူးတင်ရမယ်။ ကျန်းမာရေးကိုလည်း စောင့်ရှောက်ပေးရင်း အလေးဂရုပြုမှုကိုလည်း ပြသခွင့်ရတယ်လေ။

    အိမ်မှာ ရှိနေတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ကိုတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဖြစ်အောင် ကိုယ်တိုင် ချက်ကျွေးမယ်။ မီးတွေ တူတူထွန်းပြီး အလှဆင်မယ်။ အမှတ်တရပစ္စည်းလေးတွေ ဝယ်ပြီး ကန်တော့မှာပေါ့။

    အိမ်မှာ မီးတွေ တူတူ အလှဆင်ပြိး မိသားစု ဓာတ်ပုံ အမှတ်တရ ရိုက်လို့ရပါသေးတယ်။ လာမယ့်နှစ်ကျ မနှစ်က ကိုဗစ်ကြောင့် သီတင်းကျွတ်ကို ဒီလိုလေး ဖြတ်သန်းခဲ့တယ်ဆိုပြီး အမှတ်တရတောင် ပြောလို့ ရသေးတယ်။ အပြင် မထွက်ရပေမယ့် သီတင်းကျွတ် မီးထွန်းပွဲဆိုတဲ့ ဓလေ့လေးရယ် ချစ်ခင်ရသူတွေကို အလေးဂရုပြုပေးတဲ့ အနှစ်သာရလေး မပျောက်သွားအောင် ထိန်းလို့ ရသေးတယ်။

    မနက်ဖြန်ကျ လိုတာတွေကို စာရင်းလုပ်ပြီး ကိုဗစ်ကို သေချာ ကာကွယ်လို့ ဈေးဝယ်ထွက်မယ်။ ဖိုးဖိုးဖွားဖွား၊ ဖေဖေမေမေတို့အတွက် အမှတ်တရ ပစ္စည်း၊ ကျန်းမာရေးနဲ့  ညီညွတ်အောင် ချက်ပြုတ် ကျွေးမွေးမယ့် ဟင်းချက်စရာတွေ၊ အချိုတည်းဖို့ ဗီတာမင် C၊ ဗီတာမင် E တို့လိုမျိုး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မယ့် အော်ဂဲနစ် သစ်သီး စစ်စစ်လေးတွေ၊ သီတင်းကျွတ် မီးထွန်းပွဲမှာ အလှဆင်မယ့် မီးပုံးလေးတွေ၊ ဖယောင်းတိုင်လေးတွေ ဝယ်ရမယ်။

    ကိုဗစ်ဖြစ်နေတော့ အိမ်ရောက်တာနဲ့ အားလုံးကို သေချာ ပိုးသတ်သန့်စင်ဖို့ကလည်း မေ့လို့ မဖြစ်ပြန်ဘူး။ ကိုယ်တိုင်ကာကွယ်မှ မိသားစုကို ကာကွယ်နိုင်မယ်လေ။

    ကိုဗစ် ဖြစ်လည်း သီတင်းကျွတ်ကတော့ ရောက်လာမှာပဲ အပြင်မထွက်ရလည်း ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ အကောင်းဆုံး ပျော်ရွှင်စရာ အချိန်လေးတွေကို ဖန်တီး ဖြတ်သန်းမှာမို့။ တွေးရင်းတောင် ပျော်နေပြီ။ ကဲ……….ဘယ်လိုလဲ ကိုဗစ်ကို ကာကွယ်ရင်း ပျော်ရွှင်စရာ သီတင်းကျွတ် ချိန်ခါကို ချစ်ခင်ရတဲ့ မိဘဘိုးဘွားတွေနဲ့ ဘေးကင်း ပျော်ရွှင်စွာဖြတ်သန်းဖို့ ready ပဲလား……………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 03/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement