backup og meta

ရုရှားသိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ Covid-19 ကာကွယ်ဆေး


Ye Zon Aung မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုရှားသိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့  Covid-19 ကာကွယ်ဆေး

    ကမ္ဘာတစ်ဝန်းမှာ ကပ်ဘေးအသွင်နဲ့ ဒုက္ခပေးနေတဲ့ Covid-19 ရောဂါပိုးဟာ ကူးစက်ခံရသူပေါင်း ၁၃ သန်းကျော်အထိရှိလာနေပြီဖြစ်ပြီး သေဆုံးသူပေါင်းလည်း ၆ သိန်းနီးပါးရှိနေပါပြီ။

    ပထမဆုံး ကူးစက်လူနာစတင်တွေ့ရှိတဲ့ ဒီဇင်ဘာလကနေ ရေတွက်မယ်ဆိုရင် ၇ လာကြာမြင့်လာနေပြီဖြစ်ပေမယ့် ရောဂါကို ပျောက်ကင်းနိုင်အောင် ကုသပေးနိုင်တဲ့ ဆေးဝါးကတော့ ခုချိန်အထိ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

    ရောဂါပျောက်ကင်းသူ လူနာ ၇ သန်းကျော်ရှိလာနေပြီဆိုပေမယ့် အများစုဟာ ကိုယ်ခံအားစနစ်ကောင်းမွန်မှုနဲ့ တစ်ကျောင်းတစ်ဂါထာဖြစ်နေတဲ့ စမ်းသပ်ဆေးဝါးအမျိုးမျိုးကြောင့်သာ သက်သာလာကြတာဖြစ်ပြီး ဒီရောဂါကို အမှန်တကယ်တိုက်ထုတ်ပေးနိုင်တဲ့ သီးသန့်ဆေးဝါးမျိုးကိုတော့ ရှာဖွေနေကြဆဲလို့သာ ဆိုရမှာပါ။

    ကုသဆေးမပေါ်သေးပေမယ့် ကာကွယ်ဆေးတော့တွေ့ပြီ

    အထက်မှာပြောခဲ့သလို ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပေမယ့် ကာကွယ်ပေးနိုင်တဲ့ ဆေးဝါးထုတ်လုပ်နိုင်ဖို့ကတော့ အလွန်နီးစပ်တဲ့ အခြေအနေဖြစ်လာခဲ့ပါပြီ။

    Covid-19 ကို ကြိုတင်ကာကွယ်ပေးနိုင်မယ့် ဆေးဝါးကို ရောဂါဖြစ်ပွားမှု စတုတ္ထအများဆုံးတိုင်းပြည်ဖြစ်နေတဲ့ ရုရှားနိုင်ငံက ဖန်တီးနိုင်ခဲ့တာပါ။ ရုရှားနိုင်ငံမှာ လူနာ ၈ သိန်းနီးပါးရှိနေပြီး သေဆုံးသူ ၁ သောင်းကျော်ရှိနေတာဖြစ်ပါတယ်။

    သူတို့ဟာ ကာကွယ်ဆေး အမျိုးအစား ၂ မျိုးကို စမ်းသပ်ခွင့်ပြုခဲ့ပြီးတော့ ပထမဆုံးစမ်းသပ်ထားတဲ့ အမျိုးအစား တစ်မျိုးဟာ အောင်မြင်နေပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

    ရုရှားနိုင်ငံ ဆေချီနော့ဗ်တက္ကသိုလ်က Russian Center for Clinical Research on Medications ဌာနဟာ Covid-19 ရောဂါကို ကာကွယ်တားဆီးပေးနိုင်မယ့် ဆေးဝါးတစ်မျိုးကို စမ်းသပ်အောင်မြင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

    သုတေသနဌာနမှူး အယ်လီနာ ဆမိုလျာချော့ခ်ရဲ့ အဆိုအရ လူသားတွေမှာစမ်းသပ်မှုပြီးစီးအောင်မြင်ခဲ့ပြီလို့ ဆိုခဲ့ပြီး စမ်းသပ်ခံခဲ့တဲ့ စေတနာ့ဝန်ထမ်းလူနာတွေကိုလည်း မကြာခင်မှာ ဆေးရုံကနေ ဆင်းခွင်ပြုတော့မှာဖြစ်ပါတယ်တဲ့။

    “သုတေသနက ပြီးစီးခဲ့ပါပြီ။ ကာကွယ်ဆေးကလည်း စိတ်ချရပါပြီ။ စေတနာ့ဝန်ထမ်းတွေကတော့ ဇူလိုင် ၁၅ နဲ့ ၂၀ ကြားမှာ ဆေးရုံကနေ ဆင်းခွင့်ရကြတော့မှာပါ” လို့ ဆမိုလျာချော့ခ်က ပြောဆိုခဲ့ပါတယ်။

    လူနာတွေဟာ စိတ်ချရတဲ့ အခြေအနေမှာရှိနေပြီး လတ်တလောမှာတော့ Quarantine ၂၈ ရက် ဝင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် တချို့သော အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ကြေညာဖို့ ဇူလိုင် ၂၀ နောက်ပိုင်းအထိ စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။

    ဒါ့အပြင် စီးပွားဖြစ်ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှုနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုတော့ တိကျစွာထုတ်ပြန်ခြင်းမရှိသေးပါဘူး။ လူနာတွေ ဆေးရုံကဆင်းပြီးတော့မှသာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ဖွယ်ရှိနေပါတယ်။

    တစ်ဆက်စပ်တည်းမှာပဲ ဆေးဝါးတွေ့ရှိမှုနဲ့ တိုက်ဆိုင်စွာ ရုရှားနိုင်ငံဟာ အပြင်ထွက်ချိန်မှာ Mask မဖြစ်မနေ တပ်ဖို့လမ်းညွှန်ထားတဲ့ ကြေညာချက်ကိုလည်း ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

    တစ်ကမ္ဘာလုံး မျှော်လင့်နေတဲ့အရာ

    Covid-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ နာမည်ကျော် အောက်စ်ဖို့ဒ်တက္ကသိုလ်ကလည်း ကြိုးပမ်းနေပြီး အောင်မြင်ခဲ့ရင် ဘရာဇီးလ်ဈေးကွက်ကို အရင်ဆုံးတင်ပို့ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုထားပါတယ်။

    တစ်ကမ္ဘာလုံးမှာတော့ Covid-19 ရောဂါကို ကာကွယ်ပေးနိုင်မယ့် ကာကွယ်ဆေးအမျိုးအစား ၂၁ မျိုးကို စမ်းသပ်မှုပြုလုပ်နေကြတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းက ပြီးခဲ့တဲ့လတွေတုန်းက ကြေညာထားပါတယ်။

    နိုင်ငံအလိုက် ချဉ်းကပ်ပုံနဲ့ နည်းလမ်းမတူညီကြပေမယ့် ကောင်းမွန်တဲ့ရလဒ်လျင်မြန်စွာ ထွက်ပေါ်လာဖို့တော့ တစ်ကမ္ဘာလုံးက မျှော်လင့်နေကြပါတယ်။ ရုရှားမှာတွေ့ရှိတဲ့ ဆေးဝါးသစ်ကတော့ လူတိုင်းအတွက် မျှော်လင့်ချက် ရောင်ခြည်သစ်ဖြစ်လို့လာခဲ့ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement