backup og meta

ကလေးတွေကို COVID-19 ဘေးကနေကင်းဝေးအောင် ဘယ်လို စောင့်ရှောက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို COVID-19 ဘေးကနေကင်းဝေးအောင် ဘယ်လို စောင့်ရှောက်မလဲ

    အချိန်အတန်ကြာ ဘေးအန္တရာယ်ကင်း ရန်ကွာအခြေအနေမျိုးရှိနေခဲ့ပေမယ်လည်း တခြားကမ္ဘာ့နိုင်ငံတွေလိုပဲ COVID-19 ရောဂါကြီးဟာ မြန်မာနိုင်ငံထဲကို ရောက်ရှိလို့လာပြီဖြစ်ပါတယ်။

    နိုင်ငံပေါင်း ၁၉၀ ကျော်ဆီကို ပြန့်နှံ့နေပြီဖြစ်တဲ့ ဒီကူးစက်ရောဂါကြီးဟာ မြန်မာနိုင်ငံတွင်းကို ရောက်ရှိနေပြီဖြစ်ပြီးတော့ လူနာ ၁၀ ဦးအထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်သလို သံသယလူနာလည်း ရာနဲ့ချီပြီး စောင့်ကြည့်ခံနေရပါတယ်။

    ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် ကပ်ဘေးကြီး (Big Outbreak) ဖြစ်လာနိုင်တယ်လို့တောင်ဆိုထားပါတယ်။ ဒီလိုကာလမျိုးမှာ အပြင်ထွက်တာမျိုးကို တတ်နိုင်သမျှ ရှောင်ကျဉ်ဖို့၊ လက်ကို ပုံမှန်ဆေးကျောသန့်စင်ဖို့၊ ကိုယ်ခံအားကောင်းမွန်အောင် စားသောက်နေထိုင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    ဒီလိုကာလမျိုးမှာ လူကြီးတွေနဲ့ သန်သန်စွမ်းစွမ်းလူငယ်တွေအတွက် စိုးရိမ်ပူပန်နေကြရသလို လူမမယ် ကလေးတွေအတွက်လည်း ပူပန်ကြရပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရမှုဆိုင်ရာ အချက်အလက်တွေအရ ကလေးငယ်တွေ ကူးစက်ခံရမှုနှုန်းဟာ အလွန်နည်းပါးပြီး သေဆုံးနှုန်းကလည်း (ရောဂါကူးစက်ခံရသူ အရေအတွက်ရဲ့) ဝ.၂% အောက်သာရှိပါတယ်။

    ဒါပေမယ့် မိဘဆိုတာမျိုးကတော့ မိမိတို့ရဲ့ ရင်သွေးတွေကို ဒီလိုကပ်ဘေးကာလမျိုးမှာ စိုးရိမ်ပူပန်မှုရှိနေမှာ အသေအချာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ရင်သွေးတွေကို COVID-19 ရောဂါကူးစက်မှု မခံရစေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

    ရောဂါရဲ့ အန္တရာယ်ကို သေချာနားလည်အောင် ရှင်းပြပါ

    ရောဂါမကူးစက်အောင် ကာကွယ်ဖို့ဆိုရင် ကလေးတွေကို ဒီရောဂါအကြောင်း သေချာနားလည်အောင် ကြိုတင်ရှင်းပြထားဖို့ လိုအပ်ပါတယ်။ ဒီရောဂါဟာ တခြား ဖျားနာရောဂါတွေနဲ့မတူပဲ ကူးစက်မြန်သလို၊ ကုသနိုင်တဲ့ ဆေးဝါးလည်း အတိအကျ ထွက်ပေါ်လာခြင်းမရှိသေးတာမို့ အန္တရာယ်များတဲ့ ရောဂါတစ်မျိုးဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

    ရင်သွေးတွေ စိတ်ထဲမှာ သာမာန်အဖျားဝေဒနာတစ်ခုလို တွေးမြင်မနေအောင်၊ အကြောက်မလွန်အောင်၊ ကာကွယ်ရေးနည်းလမ်းတွေကို နားလည်အောင် ရောဂါအကြောင်း ကြိုတင်ရှင်းပြထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။

    ရင်သွေးတွေကို အောက်ပါနည်းလမ်းတွေအတိုင်း ရောဂါအကြောင်း ရှင်းလင်းပြောပြနိုင်ပါတယ်။

  • ၁။ သူတို့ ဘာသိထားလဲ အရင်မေးပါ။ ကျောင်းတွေ၊ ဆရာ ဆရာမတွေဆီကနေတဆင့် သိထားတာတွေ ရှိနိုင်ပါတယ်။
  • ၂။ သူတို့ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာကို နားလည်အောင် ရှင်းပြပါ။ ရောဂါဟာ ဆိုးရွားတာ မှန်ပေမယ့် မှန်ကန်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်မယ်၊ ပြုစုစောင့်ရှောက်မယ်ဆိုရင် အသက်သေနှုန်းနည်းပါးသလို ပျောက်ကင်းနိုင်ချေလည်းများပါတယ်။ ဒါကို သိအောင် ရှင်းပြဖို့ လိုအပ်ပါတယ်။
  • ၃။ ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ပြောပါ။ ရင်သွေးတွေကို ရောဂါအကြောင်း ရှင်းပြတဲ့အခါမျိုးမှာ မှန်ကန်တဲ့ အချက်အလက်တွေကိုသာ ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။ တမာရွက်ပြုတ်သောက်ခိုင်းတာလို၊ ငှက်ဖျားဆေးက ပျောက်တယ်ဆိုတာမျိုးလို Myths တွေကို မပြောပါနဲ့ ရှောင်ပါ။ ကလေးတွေရဲ့ ဦးနှောက်ထဲကို အချက်အလက်မှားတွေ မထည့်ပါနဲ့။
  • ၄။ အခြေအနေက ထိမ်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ခံစားရပါစေ။ ရင်သွေးရဲ့စိတ်ထဲမှာ မှန်မှန်ကန်ကန် ပြုမူနေထိုင်ရင် ဒီရောဂါက သူ့မိသားစုကို အန္တရာယ်မပေးနိုင်ဘူးဆိုတာကို နားလည်နေဖို့ လိုအပ်ပါတယ်။ လက်ဆေးရမယ်၊ အားရှိအောင် နေရမယ်ဆိုရင် သူနဲ့ သူ့မိသားစုကို ကာကွယ်နိုင်တယ်ဆိုတာမျိုး သူနားလည်နေရင် အဆင်ပြေပါပြီ။
  • ၅။ ရောဂါအကြောင်း၊ ပိုးအကြောင်းကို သူနဲ့ ပေါ့ပေါ့ပါးပါး ဆွေးနွေးကြည့်ပါ။ မိသားစုအတွက် ပျော်စရာ အချိန်တွေဖြစ်စေမှာဖြစ်သလို သူလည်း မကြောက်ပဲ အချက်အလက်တွေ၊ ရောဂါအကြောင်းတွေကို မှတ်မိသွားပါလိမ့်မယ်။
  • ၆။ ပြစ်တင်ဝေဖန်တဲ့ စကားမျိုးတွေ ကလေးရှေ့မှာ မပြောပါနဲ့။ ကလေးတွေဆီ မှားယွင်းတဲ့ အမူအကျင့်တွေ လက်ဆင့်မကမ်းမိဖို့ လိုအပ်ပါတယ်။ နေမကောင်းဖြစ်နေသူ၊ လူမျိုး၊ ဘာသာနဲ့ အခြေအနေတွေကို ပြစ်တင်ဝေဖန်တာမျိုး ရင်သွေးတွေရှေ့မှာ မလုပ်သင့်ပါဘူး။
  • ရင်သွေးဆီ ရောဂါကူးစက်မခံရအောင် ဒီနည်းလမ်းတွေနဲ့ ကာကွယ်ပါ

    ကိုယ့်ကလေးက ရောဂါအကြောင်း သိနားလည်နေပြီဆိုရင် ရောဂါ သူ့ဆီမရောက်အောင် ကာကွယ်နိုင်ဖို့ ပိုလွယ်ကူသွားပါပြီ။ ဘာကြောင့် လက်ဆေးရမယ်၊ ဘာကြောင့် အိပ်ရေးဝဝ အိပ်ရမယ်၊ ဘာကြောင့် အားရှိအောင် စားရမယ်ဆိုတာကို သူကနားလည်နေပြီမို့ သူလည်း လိုက်နာတော့မှာပါ။

    ဒါကြောင့် ရင်သွေးကို ရောဂါအကြောင်း သေချာရှင်းပြထားပြီးပြီဆိုရင် အောက်ပါနည်းလမ်းတွေကို လိုက်နာပြီး ရောဂါဘေးကနေ ကင်းဝေးအောင် ကာကွယ်နိုင်ပါတယ်။

    • ၁။ လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးကျောပေးပါ။ မကြာခန ဆေးကျောပေးပါ။ အနည်းဆုံး စက္ကန့် ၂၀ ကြာပါစေ။ အဆိုပါ အလေ့အကျင့်ကို စွဲမြဲနေအောင် သင်ကြားပေးပါ။
    • ၂။ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ကိုယ်တိုင်ပြောပြပါ။
    • ၃။ အိမ်နီးနားချင်း ကလေးတွေနဲ့ ဆော့ကစားတာမျိုးထက် နေအိမ်ထဲမှာ သီးခြားဆော့ကစားပါ။ အချိန်ရမယ်ဆိုရင် ကိုယ်တိုင်ပါဝင် ကစားပေးပါ။
    • ၄။ အမွှေးဆပ်ပြာမျိုးထက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ဆပ်ပြာမျိုးတွေ အသုံးပြုပြီး နေ့စဉ် ရေပုံမှန် ချိုးပေးပါ။
    • ၅။ ကိုယ် အပူချိန် ပုံမှန်စစ်ဆေးပေးပါ။
    • ၆။ အပြင်သွားချိန်မှာ Mask တပ်နိုင်ပါတယ်။ ဒါပေမယ့် အချိန်တိုင်း တပ်ပေးထားတာမျိုး ရှောင်ကျဉ်ပါ။
    • ၇။ ခန္တာကိုယ်ပေါ်က ဗိုင်းရပ်စ်တွေ၊ ပိုးမွှားတွေကို နေ့စဉ်သန့်ရှင်းဖယ်ရှားဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို သင်အထောက်အကူပြု ပစ္စည်းတွေနဲ့ပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် သေချာရှင်းပြပေးပါ။
    • ၈။ ဖျားနာနေသူ၊ ချောင်းဆိုးနေသူ၊ နှာချေနေသူတွေ မိမိ မိသားစုထဲမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ ရှိနေရင် ရင်သွေးကို သူတို့နဲ့ ဝေးဝေးမှာထားပါ။
    • ၉။ အဆိုပါ ပုဂ္ဂိုလ်တွေကို နှာချေချောင်းဆိုးဖြစ်ချိန်တွေမှာ အကာအကွယ် သုံးခိုင်းပါ။ အားမနာပါနဲ့။ ပြီးရင် လုံခြုံတဲ့အမှိုက်ပုံးထဲ ချက်ခြင်းထည့်ပါ။
    • ၁၀။ မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်တွေကို ကိုင်တွယ်တာမျိုး မလုပ်ခိုင်းပါနဲ့။ ဒီနည်းလမ်းဟာ ခန္တာကိုယ်ပေါ်မှာ ကပ်ညိနေတဲ့ ပိုးမွှားတွေ ကိုယ်တွင်းကို မရောက်အောင် အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။
    • ၁၁။ ကလေးကိုင်တွယ်လေ့ ကိုင်တွယ်ထရှိတဲ့ ထဲ အရာဝတ္တုတွေကို သန့်ရှင်းအောင် အမြဲ သန့်စင်ပေးပါ။
    • ၁၂။ ရောဂါနဲ့ ပတ်သက်တဲ့ သတင်းတွေကို ပုံမှန် နားစွင့်ထားပြီး ရင်သွေးကို လုံးဝ အိမ်ပြင်မထွက်ခိုင်းပါနဲ့။

    ဒါ့အပြင် မိမိကိုယ်တိုင်လည်း ရင်သွေးရှေ့မှာ ရုပ်မြင်သံကြား၊ တီဗီ၊ ရေဒီယိုနဲ့ ဖုန်းသုံးချိန်တွေ လျှော့ချဖို့လည်း တိုက်တွန်းလိုပါတယ်။ ခုချိန်မှာ COVID-19 နဲ့ ပတ်သက်တဲ့ အနိတ္ထာရုံသတင်းတွေ ကျယ်ကျယ်ပျံ့ပျံ့ ပြန့်နှံ့နေတာမို့ ရင်သွေးတွေကို ဒီသတင်းတွေနဲ့ ဝေးဝေးမှာ နေပါစေ။ စိတ်မချမ်းမြေ့ဖွယ်သတင်းတွေဟာ လူကြီးတွေကိုသာမက ကလေးတွေကိုလည်း စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေပါတယ်။

    နောက်ထပ် အသိပေးချင်တာက အကြောက်တရားဟာ ဘာကိုမှ မကာကွယ်နိုင်ပဲ ဖြစ်စေပါတယ်။ ရင်သွေးရှေ့မှာ မိမိကိုယ်တိုင်က ထိန်းမနိုင် သိမ်းမရ ကြောက်ရွံ့ပြနေတာက နုနယ်တဲ့ ရင်သွေးတွေအတွက် အထောက်အကူမဖြစ်စေပါဘူး။

    ရောဂါကလည်း ကလေးတွေကို ထိခိုက်နိုင်ခြေ နည်းပါးနေသေးတာမို့ အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးချပြီး ရင်သွေးကို ကာကွယ်ပေးထားပါ။ ကိုယ်တိုင်လည်း ကျန်းမာအောင်နေပါ။ ဒါဆိုရင် ဒီကပ်ဘေးကို ကောင်းကောင်းကျော်ဖြတ်နိုင်ပါလိမ့်မယ်။

    [covid_19]

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement