home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

Covid-19ကာလမှာ ကိုယ်အလေးချိန် တိုးခြင်းကို ကာကွယ်ဖို့

Covid-19ကာလမှာ ကိုယ်အလေးချိန် တိုးခြင်းကို ကာကွယ်ဖို့

COVID-19 မြန်မာပြည်ကို ရောက်လာကတည်းက လူတိုင်းနီးပါးဟာ အိမ်တွင်းအောင်း နေကြရပါတယ်။ဒီကာလမှာ အားလုံးတူတူကြုံတွေ့ရတဲ့ ပြဿနာကတော့ အိမ်မှာအောင်းနေပြီး အစားတွေ တစ်ဇွတ်ဇွတ်စားရာကနေ ကျန်းမာသောဝက်ကြီးတွေ ဖြစ်လာကြတာပါပဲ။
လူငယ်တွေ တော်တော်များများ နေ့နှင့်ညမှားရာကနေ အစားအသောက်ပုံစံမမှန်ဖြစ်ခြင်း၊ညနက်ထိ တီဗီကြည့်ရင်း အစားမျိူးစုံ စားသောက်ကြခြင်းတိုကြောင့် တဖြည်းဖြည်းဝလာလို့ ကိုယ့်ကိုယ်ကို စိတ်ပျက်နေကြသူတွေ ရှိနေပါပြီ။ဒါတင်မကသေးပဲ COVID-19ကြောင့် ဖြစ်ပေါ်တဲ့ စိတ်ဖိစီးမှုအမျိူးမျိူးကလည်း သင့်ကို တစ်ချိန်လုံး အစားတွေ စားစေတာ ဖြစ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာတဲ့ ကော်တီဇောဟော်မုန်းကြောင့် အချိူတွေ၊သရေစားတွေ၊အချိူရည်နဲ့ဘီယာတွေကို ပိုမိုစားသောက်လိုစိတ် ဖြစ်ပေါ်ကြပါတယ်။ COVID-19လည်းအပြီး လူလည်း နှစ်ဆလောက် ဝတုတ်နေတာမျိူး မဖြစ်ချင်ကြဘူးဆိုရင်တော့ လိုက်နာရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

စားသောက်မှုပုံစံကို အလေးထားပါ။

သရေစာ ကြိုက်သူတွေကတော့ သရေစာတွေ ဆက်စားနေကြမှာပါပဲ။ဒါပေမယ့် ယခင်စားနေကျထက်တော့ လျှော့စားနိုင်ပါတယ်။ ကယ်လိုရီများပြီး ဝဖြိုးစေတဲ့ ရေခဲမုန့်၊ အာလူးကြော်၊ ဟမ်ဘာဂါ၊ မာလာရှမ်းကောစတာတွေကို သရေစာအဖြစ် နေ့စဉ်စားနေမယ့်အစား သစ်သီးတွေကို အစားထိုးစားပေးတာမျိူး၊ အိုမီဂါ 3ပါဝင်တဲ့ အစေ့အဆန်တွေစားပေးတာမျိူး၊ တူနာငါးကို ဆလပ်ရွက်၊ ခရမ်းချဉ်သီးတို့နှင့် သုပ်စားတာမျိူး ပြုလုပ်နိုင်ပါတယ်။

ပေါက်ပေါက်၊အာလူးကြော်စတဲ့ အထုပ်ထဲက နှိုက်စားရတဲ့အစားအစာတွေကို ပန်းကန်ပြားထဲ ထည့်စားခြင်းဖြင့် အများကြီးစားမိခြင်းမှ ရှောင်ရှားနိုင်ပါတယ်။အလားတူပဲ သကြားပါဝင်မှုမြင့်မားတဲ့ ကိုကာကိုလာလို အချိူရည်တွေ နေ့စဉ်သောက်မယ့်အစား သစ်သီးဖျော်ရည်များသောက်ခြင်း၊ အသီးအရွက် smoothieလုပ်သောက်ခြင်းတို့ကို အစားထိုးပြုလုပ်ကြည့်ပါ။ဟင်းချက်တဲ့အခါမှာလည်း ဆီနဲ့အငန်ကို သင့်တော်ရုံသာ အသုံးပြုပြီး ချက်ပြုတ်သင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။

အိမ်မှာ တစ်နေကုန် အောင်းနေရချိန်မှာ လေ့ကျင့်ခန်း ကြီးကြီးမားမားတွေ ပြုလုပ်လိုကြသူ ရှိတော့ရှိပေမယ့် နည်းပါးပါလိမ့်မယ်။ အနည်းဆုံးတော့ အခန်းသန့်ရှင်းရေးပြုလုပ်တာမျိူး၊ ရေမချိူးခင် သီချင်းမြူးမြူးလေးတွေ ၁၅မိနစ်စာလောက် ဖွင့်ကတာမျိူး၊ လှေကားအတက်အဆင်း ပြုလုပ်တာမျိူးတွေ ပြုလုပ်နိုင်ပါတယ်။ စိတ်လိုလက်ရရှိတယ်ဆိုရင်တော့ ခုန်ပေါက်ရတဲ့ joggingလို အားကစားမျိူး၊ အိပ်ထမတင်လုပ်တာ၊ squatထိုင်တာမျိူးအပြင် tik tok dance videosတွေကို သူငယ်ချင်းတွေနှင့် challengeခေါ်တာမျိူး လုပ်နိုင်တယ်နော်။

အိပ်စက်ပါ။

ဟုတ်ပါတယ်။ အိပ်စက်ပါ။ ညဘက် အိပ်ရေးဝအောင် အိပ်စက်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။ ဒါ့ပြင် အိပ်ရေးပျက်ပါက ကော်တီဇောဟော်မုန်းတွေကို ပိုမိုထွက်စေပြီး အစားတွေ များများစားချင်စိတ် ဖြစ်ပေါ်ပါလိမ့်မယ်။ အိပ်ရေး၀၀ အိပ်စက်ခြင်းဟာ ကိုယ်ခံအားကိုလည်း တက်စေနိုင်ပါတယ်။

ရေသောက်ပါ။

တစ်နေ့ကို ရေ၈ဖန်ခွက်လောက် အနည်းဆုံးသောက်သုံးခြင်းဟာ ကိုယ်ခံအားကောင်းစေမယ့်အပြင် ဝိတ်ကျစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ဗိုက်ပြည့်နေစေဖို့ ကူညီပေးပြီး အစားတွေ တရစပ် စားလိုစိတ်ကို လျော့ကျစေနိုင်ပါတယ်။ Detox waterကိုနှစ်သက်သူဖြစ်ပါက မိမိစိတ်ကြိုက် အသီးအနှံများနှင့် Detox water လုပ်သောက်နိုင်ပါတယ်။

အချူပ်ပြောရမယ်ဆိုရင်တော့ လူတိုင်းလိုလိုဟာ ခုလိုချိန်မျိူးမှာ အိမ်မှာနားနေရခြင်း၊ စိတ်ဖိစီးမှုများနေခြင်းတို့ကြောင့် ကျန်းမာရေးနှင့်မညီညွတ်တဲ့အစားအစာတွေကို အလွယ်တကူစားသောက်နေကြပါတယ်။ကိုယ်လက်လှုပ်ရှားမှုနည်းပါးပြီး အလွန်အကျွံစားသောက်မိပါက ပုံပျက်ပန်းပျက်ဖြစ်လာစေမယ့်အပြင် မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေကိုပါ ဖိတ်ခေါ်သလို ဖြစ်စေမှာမို့ နားတာလည်းနားပါ။ စားတာလည်းစားပါ။ ဒါပေမယ့် Covid-19ပြီးသွားရင်လည်း ဘော်ဒီလှလှလေးတွေနဲ့ ခရီးတွေထွက်ကြနိုင်ဖို့ အပေါ်ကနည်းလေးတွေအတိုင်း လိုက်နာပြီး ခုကတည်းက ပြင်ဆင်ကြဖို့ အကြံပြုလိုက်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရေးသားသူ-Dr Rose

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။