home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ခုချိန်က ရုံးပြန်တက်သင့်တဲ့ အချိန်ရောက်နေပြီလား

ခုချိန်က ရုံးပြန်တက်သင့်တဲ့ အချိန်ရောက်နေပြီလား

ဘာလိုလိုနဲ့ မေလလယ်တောင် ရောက်ပြီနော်။ တစ်ကမ္ဘာလုံးမှာ ၂၀၁၉ ဒီဇင်ဘာလောက်ကနေ စဖြစ်ခဲ့တဲ့ Covid-19 ရဲ့ ရန်ဟာ မတ်လရဲ့ နောက်ဆုံးအပတ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံအထိ အဖျားခတ်ခဲ့ပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း လူတွေ ဒုက္ခရောက်တယ်၊ ရောဂါကူးတယ်၊ စိတ်ဖိစီးမှုတွေ၊ စိတ်ကျန်းမာရေး ပြဿနာတွေ ပိုဆိုးလာတယ်၊ မိသားစုတွေလည်း ငါတို့ရော ကူးခံရတော့မလားဆိုပြီး စိုးရိမ်သောက ရောက်ရတယ်။

စီးပွားရေးဘက်မှာလည်း အထက်တန်း၊ အလယ်တန်း၊ အခြေခံ လူတန်းစားမရွေး အလုပ်တွေ ပိတ်ထားရတဲ့အတွက် ဝင်ငွေပိုင်းဆိုင်ရာမှာ အများကြီး ဆုံးရှုံးနစ်နာမှုတွေ ဖြစ်တယ်၊ တချို့အလုပ်တွေဆိုရင် ဝန်ထမ်းကို လစာအပြည့်၊ ဒါမှမဟုတ် တစ်စိတ်တစ်ဒေသနဲ့ နားရက်ရှည် သဘောမျိုး ပိတ်ပေးလိုက်ရတယ်၊ တချို့ကျတော့လည်း မပိတ်ဘူး၊ အဲ့တော့ ရွေးချယ်စရာ မရှိတဲ့ ဝန်ထမ်းတွေက အလုပ်ကို အသက်အန္တရာယ်ကြားထဲက ရုန်းကန်ပြီး လာလုပ်နေကြရတယ်။ ဘယ်ဘက်ကပဲ ကြည့်ကြည့် အဆင်ကို မပြေဘူးနော်။

အခု မေလ ရောက်ပြီ။ မေလရဲ့ အခြေအနေအရဆိုရင်တော့ အလုပ်အများစုက ပြန်ပြီး ဖွင့်ကြတော့မယ်လို့ သတင်းကြားပါတယ်။ တချို့အလုပ်တွေဆိုရင် ဒီလဆန်းပိုင်းလောက်ကတည်းက ဖွင့်နေပြီလို့လည်း ကြားရတယ်။ ကျောင်းတွေဆိုရင်လည်း မဖြစ်မနေ ပြန်ဖွင့်ရတော့မှာဆိုတော့ ကျောင်းသားတွေရော မိဘတွေပါ စိုးရိမ်နေကြပါတယ်။

ဒီတော့ ရုံးပြန်တက်ဖို့ ဘေးကင်းပြီလား။

အမှန်အတိုင်း ပြောရမယ်ဆိုရင် လုံးဝတော့ ဘေးမကင်းဘူးပေါ့ဗျာ။ ကျွန်တော်တို့ နိုင်ငံက တခြား အိမ်နီးချင်းနိုင်ငံ အများစုနဲ့ ယှဉ်လိုက်ရင် ပိုးကူးစက်သူရော သေဆုံးသူပါ နည်းနေသေးတော့ ထိန်းချုပ်နိုင်သေးတဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ တစ်နေ့ထဲမှာ ပြောင်းလဲသွားနိုင်ပါတယ်။

ဥပမာဆိုရင် တောင်ကိုရီးယားနိုင်ငံနဲ့ စင်္ကာပူနိုင်ငံလိုမျိုးပေါ့။ စစချင်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့တဲ့အချိန်မှာ တစ်ကမ္ဘာလုံးက လူတွေသည် တရုတ်နိုင်ငံကို အရမ်း အာရုံစိုက်ခဲ့တာပါ။ ပြည်ဝင်၊ ပြည်ထွက်ခွင့်တွေ အားလုံး ပိတ်ခံရသလို တရုတ်နိုင်ငံနဲ့လည်း စီးပွားရေး၊ ကုန်သွယ် ဆက်ဆံမှုတွေ မလုပ်ကြတော့တဲ့အတွက် အကုန် ဒုက္ခရောက်ကြတယ်။ ဒီလိုအချိန်မျိုးမှာပဲ ဘာရယ်မဟုတ်တဲ့ ဘုရားကျောင်းမှာ သွားပြီး စုဝေးမှုက တောင်ကိုရီးယားနိုင်ငံအတွက် ရာနဲ့ ချီအောင် ရောဂါကူးစက်ခံရမှုတွေ ဖြစ်စေတယ်။

စင်္ကာပူဆိုရင်လည်း ကျန်းမာရေးအရ တော်တော်လေးကို ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံပါ။ အစပိုင်းမှာ ကူးစက်ခံရသူ အရမ်းနည်းသလို ကူးပြီးတော့မှ ပြန်ကောင်း သက်သာသွားတဲ့သူလည်း အများကြီးပါပဲ။ ဟိုတစ်လောကမှ တစ်ရက်တည်းနဲ့ ပိုး ကူးစက်ခံရသူဟာ တစ်ရက်တည်းနဲ့ ထောင်ကျော်ပြီး ကျန်တဲ့ နိုင်ငံတွေကို ကျော်တက်သွားတယ်။ ဘာကြောင့် ဖြစ်သလဲဆိုရင်တော့ လူစုလူဝေး နေထိုင်တာ၊ အလုပ်လုပ်တာ၊ နမော်နမဲ့ နိုင်သွားတာတွေကြောင့်လို့ပဲ ဆိုရမှာပါ။ အခုဆိုရင်တော့ စင်္ကာပူနိုင်ငံလည်း ပိုးကူးစက်ခံရသူ သောင်းနဲ့ ချီပြီး ရှိနေပါပြီ။

ဒီတော့ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုအခြေအနေမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူမှ အာမခံလို့ မရပါဘူး။ ဒါပေမယ့်လည်း အလုပ်မသွားလို့ မရတော့တဲ့ အချိန် ရောက်နေပြီဆိုရင်တော့ မသွားချင်လည်း သွားရတော့မှာပါ။ မြန်မာနိုင်ငံဟာ တခြားနိုင်ငံနဲ့ ယှဉ်ရင် ဆင်းရဲတယ်။ အခြေခံ ဝန်ထမ်းတွေ၊ လက်လုပ်လက်စားတွေ အရမ်းများတယ်။ အဲ့အတွက် တခြားနိုင်ငံတွေက အိမ်မှာ အေးဆေးနေလို့ ရနေရင်တောင် ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံ လူတန်းစားတွေက အဲ့လို အေးဆေးနေလို့ ရမယ့် အနေအထားမှာ ရှိမနေပါဘူး။ ဒီအတွက် ဘေးအန္တရာယ် မကင်းသေးဘူးဆိုရင်တောင် အလုပ်ကတော့ မဖြစ်မနေ သွားရမှာပါ။ မသွားဘူးဆိုရင်လည်း ရုံးဝန်ထမ်းတွေဆိုရင် အလုပ်ထွက်ရုံပဲ ရှိတော့မှာပေါ့။

ဘယ်လို ကာကွယ်ကြမလဲ။ ဘာတွေ ပြင်ဆင်မလဲ။

အဓိကက ကိုယ်တစ်ယောက်က စလို့ ပြည်သူအားလုံးက ကာကွယ်ရမယ့် နည်းလမ်းတွေကို သိထား၊ နားလည်ထားပြီး ကိုယ်တိုင် လိုက်လုပ်ဖို့ လိုပါတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး အရင်တုန်းကလို စည်းမဲ့ကမ်းမဲ့ အမူအကျင့်တွေ (ပါးစပ်မအုပ်ဘဲ ချောင်းဆိုးတာ၊ လမ်းဘေးမှာ ကွမ်းတံတွေး ထွေးတာ) လုပ်လို့တော့ မရပါဘူး။ အပြင်သွားရမယ့် သူတွေကလွဲပြီး ကျန်တဲ့ မိသားစုဝင်တွေ အနေနဲ့လည်း အိမ်မှာပဲ နေနေသင့်ပါတယ်။

အလုပ်ပဲ သွားသွား၊ ကျောင်းပဲ သွားသွား၊ အပြင်ထွက် ဈေးဝယ်တာပဲ ဖြစ်ဖြစ် ကိုယ့်ဘက်က ကာကွယ်ထားနိုင်မှ အိမ်မှာပဲ နေနေတဲ့ ကိုယ့်မိသားစုတွေပါ အန္တရာယ်ကင်းနိုင်မှာပါ။ ဒီအတွက် ဘာလုပ်ရမလဲဆိုရင်

၁။ ဘယ်သွားသွား နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ပါ။ နှာခေါင်းဖော်ပြီး တပ်တာ၊ မေးစေ့မှာ ချိတ်ထားပြီး အလှတပ်နေတာတွေ မလုပ်ပါနဲ့တော့။

၂။ ဘာပဲ ကိုင်ပြီးပြီး လက်ဆေးပါ။ ကိုယ့်ကိုယ်ကိုယ် ကိုင်မိလည်း လက်ဆေးပါ။ ကိုယ့်ချစ်သူ ဖြစ်နေရင်လည်း ဆေးပါ။ ဘယ်သူမှ စိတ်မချရဘူးဆိုတာ သိထားပါ။

၃။ လက်မဆေးဘဲ မျက်လုံး၊ ပါးစပ်၊ နှာခေါင်း ပွတ်တာတွေ လုံးဝမလုပ်ပါနဲ့။

၄။ Mask ရဲ့ အပြင်ဘက်ခြမ်းဟာ ပိုးကပ်နေမှာ ဖြစ်တဲ့အတွက် လက်နဲ့ သွားသွား မကိုင်ပါနဲ့။

၅။ ရေမလို လက်သန့်စင်ဆေးရည် အနည်းဆုံး တစ်ဘူး ကိုယ်နဲ့ မကွာ ဆောင်ထားပါ။ ရေဆေးမရတဲ့ နေရာရောက်နေရင် လက်သန့်စင်ဆေးရည် သုံးပါ။

၆။ လက်ဆေးတဲ့အခါ ရေစွတ်ရုံလောက် အာသာပြေ မဆေးပါနဲ့။ ရေ၊ ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀လောက် ကြာအောင် သေချာပွတ်ပြီး ဆေးကြောပါ။

၇။ တတ်နိုင်သလောက် လူတွေနဲ့ ခပ်ခွာခွာ နေပါ။ စကားပြောရင်လည်း အရမ်းကြီး ကပ်မနေပါနဲ့။

၈။ အရင်ကလို လူစုလူဝေးနဲ့ နေတာ (ဘားတွေ၊ အရက်ဆိုင်တွေ ပြန်ဖွင့်ပြီဆိုလည်း သွားဖို့ စိတ်မကူးပါနဲ့၊ အချိန်တန် ရောဂါပျောက်ပြီး ကိုယ်က ကျန်းမာနေရင် အချိန်မရွေး သွားလို့ ရပါတယ်၊ ဒီအချိန်မှာ ကိုယ်နဲ့ ကိုယ့်မိသားစု ကျန်းမာရေးကလွဲပြီး ဘယ်အရာမှ အရေးမကြီးပါဘူး) ထမင်းစုစားတာမျိုး၊ ဘော်ဒါတွေ အိမ်မှာစုပြီး အရက်သောက်တာမျိုးလည်း မလုပ်ပါနဲ့။

၉။ ကိုယ့်ရဲ့ ကိစ္စ (အလုပ်၊ ကျောင်း၊ ဈေးဝယ်တာ) ပြီးရင် အိမ်တန်းပြန်ပါ။ အိမ်ပြန်ရောက်တာနဲ့ ပါလာတဲ့ ပစ္စည်းတွေကို မိသားစုနဲ့ ဝေးရာမှာ ထားပြီး အဝတ်အစားတွေ ချွတ်ပါ၊ ရေတန်းချိုးပါ။

ကဲ ဒီတော့ မဖြစ်မနေ အလုပ်သွားရတော့မယ့် ဘော်ဒါတွေလည်း ကိုယ့်ဘက်က ပြင်ဆင်ဖို့ လိုအပ်တာတွေ အခုကတည်းက စပြီး ပြင်ဆင်ထားကြဖို့နဲ့ အရမ်းကြီး စိတ်ညစ်မနေဖို့ အကြံပေးချင်ပါတယ်။ ညဘက်တွေလို အရင်လို စောစောပြန်အိပ်ဖို့လည်း မမေ့နဲ့ဦးနော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 26/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။