သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

သွေးတိုး ရောဂါရှိတာ သေချာပြီလား

    သွေးတိုး ရောဂါရှိတာ သေချာပြီလား

    မြန်မာနိုင်ငံမှာ လူတွေကို အန္တရာယ်အပေးဆုံးနဲ့ အသေအပျောက် အများဆုံး ရောဂါတွေထဲမှာ သွေးတိုး ရောဂါက နံပါတ် ၄ ချိတ် ပါတယ်။ မြန်မာနိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပေမယ့် ကူးစက်ရောဂါရော မကူးစက်တဲ့ ရောဂါဒဏ် နှစ်မျိုးစလုံးကို ခံစားနေရတာပါ။ ဒါကို double burden လို့ ခေါ်ပါတယ်။ သွေးတိုးရောဂါက မကူးစက်တဲ့ ရောဂါထဲမှာ ပါပါတယ်။ အခု လူတွေက သွေးတိုးရောဂါနဲ့ ပတ်သတ်ပြီး အတော်အသင့်လည်း သိလာကြပါပြီ။ ဒါပေမယ့် ပြဿနာက သွေးပေါင်လေး တစ်ခါလောက် ချိန်ပြီး ကိုယ့်ကိုယ်ကို သွေးတိုးနေပြီလို့ ထင်တာပါပဲ။ ဒီပြဿနာကို ပြောပြပေးမှာပါ။ သွေးတိုးလို့ ဘယ်အခါမှာ သတ်မှတ်မှာလဲ။ ကိုယ့်မှ သွေးတိုးရောဂါ ရှိမရှိ ဘယ်လို သိနိုင်မလဲ ဆိုတာ ဆက်ကြည့်ရအောင်။

    သွေးတိုး လို့ဘယ်အခါ သတ်မှတ်မှာလဲ။

    တစ်ခါတစ်လေ နေလို့မကောင်းလို့၊ ခေါင်းမူးလို့ ဆေးခန်းသွားပြတယ်။ သွေးပေါင်ချိန်တယ်။ ဆိုပါစို့ ၁၃၀/၉၀ ရတယ်ပေါ့။ ချက်ချင်းပဲ အလန့်တကြားနဲ့ သူ့မှာ သွေးတိုးရောဂါ ရှိနေပါပြီပေါ့။ နောက်တစ်ခါ သွေးတိုးရောဂါ ရှိလားသိချင်လို့ သွေးပေါင်တိုင်းပေးပါဦး ဆိုတာလည်း ရှိပါသေးတယ်။

    ပြောချင်တာက သွေးတိုးရောဂါ ရှိမရှိကို ဒီလို တစ်ခါတည်း တိုင်းလို့မရပါဘူး။ စနစ်တကျ တိုင်းဖို့ဆိုရင်

    အိမ်မှာ ကိုယ့်စက်နဲ့ကိုယ် တိုင်းမယ့်သူတွေက

    • မနက်ကို ၁မိနစ်ခြားပြီး ၂ခါတိုင်း
    • ညမှာလည်း ၁မိနစ်ခြားပြီး ၂ခါတိုင်း
    • ဒီလိုမျိုး အနည်းဆုံး ၄ရက်ကနေ ၇ရက်တိုင်း ရပါမယ်။
    • ပြီးရင် ပထမဆုံးရက်အဖြေကို ထားပြီး ကျန်ရက်တွေရဲ့ အဖြေကို ပျှမ်းမျှ တွက်ပါ။
    • ၁၃၅/၈၅ mmHg နဲ့အထက် ရမှ သွေးတိုးရောဂါ ရှိတယ်လို့ သတ်မှတ်တာပါ။

    ပထမဆုံးနေ့ကို ဘာလို့ ထည့်မတွက်တာလဲ ဆိုတော့ လူတွေက သွေးတိုးနေမှာစိုးလို့ ပထမဆုံးနေ့မှာ အစားရှောင်တာတို့ လေ့ကျင့်ခန်းလုပ်တာတို့ လုပ်တတ်ကြတာကြောင့် အဖြေမမှန်တတ်ပါဘူး။ နောက်ရက်တွေ ဆက်တိုင်းမှ အမှန်အတိုင်း သိရတာပါ။ ဒါကြောင့် တစ်ခါလောက်လေး တိုင်းပြီး ၁၂၀/၈၀ မရတာနဲ့ သွေးတိုးနေပြီလို့ စိတ်မပူပါနဲ့တော့။

    ဆေးခန်းမှာ တိုင်းမယ်ဆိုရင်တော့

    • ပထမတစ်ခါ တိုင်းလို့ ၁၄၀/၉၀နဲ့ အထက်ဆိုရင် ခဏနေရင် နောက်တစ်ခါ ထပ်တိုင်းပါမယ်။
    • နောက်တစ်ခါတိုင်းလို့လည်း ဒီလိုပဲ တက်မယ်ဆိုရင် ဒီတစ်ပတ်ထဲ တစ်ရက်ရက်မှာ ပြန်တိုင်းပါမယ်။
    • ဒီလိုပဲ တက်နေသေးတယ်ဆိုရင် သွေးတိုးရောဂါလို့ သတ်မှတ်ပြီး ဆေးကုရပါမယ်။

    သွေးပေါင်ချိန် ဘယ်လို တိုင်းမှာလဲ။

    နောက်တစ်ခုက သွေးတိုးလို့ သွားတိုင်းတာ ဖြစ်ဖြစ်၊ ဒီတိုင်း သွေးပေါင်ချိန် သိချင်လို့ တိုင်းတာဖြစ်ဖြစ် လုပ်တတ်တဲ့ အမှားတွေ ရှိပါတယ်။ အထူးသဖြင့် ဆေးဆိုင်မှာ သွားတိုင်းရင်၊ အိမ်မှာ ကိုယ့်စက်နဲ့ ကိုယ်တိုင်းရင်ပါ။ တွေ့ရတတ်တဲ့ အမှားတွေကတော့

    • မတ်တပ်ရပ် တိုင်းတာ

    သွေးပေါင်ကို မတ်တပ်ရပ်ပြီး မတိုင်းရပါဘူး။ မတ်တပ်ရပ်ရင် သွေးတွေ အကုန်လုံး ခြေထောက်မှာ စုသွားလို့ အဖြေမမှန်နိုင်ပါဘူး။ အကောင်းဆုံးက အမှီပါတဲ့ ခုံမှာ ထိုင်ပြီး စားပွဲခုံပေါ် လက်တင်ပြီး တိုင်းတာပါ။

    • ချက်ချင်း တိုင်းတာ

    သွေးပေါင်တိုင်းမယ်ဆိုရင် ခဏနားပြီး တိုင်းရပါမယ်။ အပြင်က ပြန်လာလာချင်း၊ ရေချိုးပြီးပြီးချင်း၊ ထမင်းစားပြီးပြီးချင်း ဗိုက်အင့်နေတဲ့အချိန်၊ ဆီးအိမ်တင်းပြီး ဆီးသွားချင်တဲ့ အချိန်တွေ မတိုင်းရပါဘူး။ ခဏနား အမောပြေမှတိုင်းတာ ပိုမှန်ပါတယ်။

    • အဖြေ ကွာတာ

    ခုတိုင်း ၊ တော်ကြာ တစ်မိနစ်နေရင်တိုင်း အဖြေမတူနိုင်ပါဘူး။ နောက်ပြီး မာကျူရီနဲ့ တိုင်းတာနဲ့ အိမ်သုံးစက်နဲ့ တိုင်းတာ အဖြေအနည်းငယ် ကွာနိုင်တယ်ဆိုတာ သိထားရပါမယ်။ ဒါဖြစ်တတ်ပါတယ်။

    သွေးတိုး ရင်ဘာလက္ခဏာ ပြမှာလဲ။

    သွေးတိုးရှိတဲ့သူတွေကို မေးကြည့်ပါ။ သွေးတက်ရင် ဘာလက္ခဏာ ခံစားရသလဲလို့။ အများစုက ဘာမှ မခံစားရပါဘူး။ ခေါင်းမူး၊ ဇက်ကြောတက်လေးတောင် မဖြစ်ပါဘူး။ သွေးပေါင်ချိန် ၂၀၀လောက် တက်နေတာတောင် လေဖြတ်ခါမှ ဖြတ်ရော လူကောင်းအတိုင်း သွားလာနေတဲ့ သူတွေ ရှိပါတယ်။

    သွေးတိုးရှိမှန်း စသိတာတောင်မှ ခေါင်းနောက်လို့ သွေးပေါင်ချိန်ကြည့်ပြီး သွေးတိုးမှန်း သိသူက နည်းနည်း၊ ဒီတိုင်း တခြား ရောဂါ တစ်ခုခု ကုရင်းနဲ့ အမှတ်မထင်သိသူက များများပါ။ ပြောချင်တာက သွေးတိုးက လက္ခဏာမပြတတ်ပါဘူး။ သွေးတက်နေရင်တောင် အကောင်းအတိုင်း သွားနေနိုင်ကြပါတယ်။

    ဒါကြောင့် သူ့ကို silent killer အသံတိတ်လူသတ်သမားလို့ ခေါ်တာပါ။ မကောင်းတဲ့ အချက်က ဒီလို ဘာလက္ခဏာမှ မပြတဲ့ အတွက် ကြောက်ရမှန်း မသိပါဘူး။ ဆေးလည်း ပုံမှန်မသောက်တော့ပါဘူး။ ခေါင်းမူးမှ သောက်မယ်။ အငန်စားတဲ့ နေ့မှ သောက်မယ်။ အုန်းနို့ခေါက်ဆွဲ စားတဲ့ နေ့မှ သောက်မယ်တွေ ဖြစ်လာပါတယ်။

    သွေးတိုးကို ဘာလို့ ကုတာလဲ။

    လူတိုင်းသိတာ သွေးတိုးက ကုလို့ မပျောက်ပါဘူး။ ဒါဆို ဘာလို့ ဆရာဝန်တွေ ဆေးပေးနေတာလဲ။ ရက်ချိန်းတွေ ပြန်ခေါ်ပြီး ကြည့်နေတာလဲ။ လူနာကလည်း အကောင်းတိုင်းရှိနေတာကိုလေ။ ဆရာဝန်တွေ သွေးတိုးလူနာကို ကုနေရတာ ရည်ရွယ်ချက်နှစ်ခုတည်းပါ။

    • သွေးတိုးကို ထိန်းချင်တာကြောင့်ရယ်
    • နောက်ဆက်တွဲရောဂါတွေ ဖြစ်မှာ ကြောက်တာရယ် ကြောင့်ပါ။

    သွေးတိုးကို မထိန်းနိုင်လို့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တဲ့ နှလုံးပျက်စီးတာ၊ မျက်လုံးထိခိုက်တာ၊ ကျောက်ကပ်ပျက်တာ၊ လေဖြတ်တာတွေ ဖြစ်တော့မှ ကုရင် မမီတော့ပါဘူး။ ဒါကြောင့် သွေးတိုးကို ကုနေတာပါ။

    သွေးတိုးကို ဘယ်လို ကုကြမလဲ။

    သွေးတိုးကို ထိန်းတဲ့ နည်းက ၂နည်း ရှိပါတယ်။ စားသောက်နေထိုင်တဲ့ ပုံစံပြောင်းတာနဲ့ ဆေးသောက်တာပါ။ ၂ခုလုံးက အရေးကြီးပါတယ်။

    • စားသောက်နေထိုင်မှု ပုံစံပြောင်းလဲပါ။

    (၁) ကိုယ်အလေးချိန်ထိန်းပါ။ ၁၀ကီလို (ပေါင် ၂၀) ကျတိုင်းမှာ သွေးပေါင်က ၅-၂၀ mmHg ကျပါတယ်။

    (၂) အသီးအရွက်များများစားပါ။ အဆီအဆိမ့် လျှော့စားပါ။

    (၃) ဆားကို တစ်နေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက် မပိုပါစေနဲ့။

    (၄) လေ့ကျင့်ခန်း လုပ်ပါ။ တစ်နေ့ကို မိနစ် ၃၀နဲ့ တစ်ပတ် ၅ရက်လောက် လုပ်ပါ။

    (၅) အရက်လျှော့သောက်ပါ။

    • ဆေးသောက်ပါ။

    ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း ပုံမှန်သောက်ပါ။ ခေါင်းမူးမှ သောက်မယ် ဆိုတာမျိုး မလုပ်ပါနဲ့။ ဒီနေ့တော့ ငါးပိစားမိလို့ ဆိုပြီး ဆေးပိုသောက်တာမျိုး မလုပ်ပါနဲ့။

    နောက်ပြီး သွေးတိုးတဲ့ လူတိုင်းကို ပေးတဲ့ ဆေးက မတူပါဘူး။ ဒါကြောင့် ကိုယ်သွေးတိုးတိုင်း ဘေးအိမ်က သွေးတိုးနေတဲ့သူဆီက ဆေးကို ယူသောက်မယ်လို့ မတွေးပါနဲ့။ ဆေးဆိုင်ကလည်း အလွယ်ဝယ်မသောက်ပါနဲ့။ လူနာရဲ့ ရောဂါရာဇဝင်ပေါ် မူတည်ပြီး ဆေးပေးရတာကြောင့် သွေးတိုးကို ဆရာဝန်နဲ့ သေချာပြဖို့ လိုပါတယ်။

    ပြန်ချုပ်ရမယ်ဆိုရင် သွေးတိုးရောဂါရှိမရှိ သိဖို့က သွေးပေါင်ချိန် တိုင်းရုံနဲ့ ရပါတယ်။ တိုင်းတဲ့ နေရာမှာ မှန်မှန်ကန်ကန် တိုင်းဖို့လိုပါတယ်။ ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက တစ်ခါတည်း တိုင်းရုံနဲ့ သွေးတိုးတယ်လို့ ပြောလို့ မရဘူးဆိုတာပါ။ သွေးတိုးရှိပြီဆိုရင်လည်း စားသောက်နေထိုင်မှု ပုံစံပြောင်းလဲတာရော ဆေးသောက်တာရော ပုံမှန်လုပ်ရမယ်ဆိုတာ သိဖို့လိုပါတယ်။ ဒါမှ သွေးတိုးကို ထိန်းနိုင်ပြီး နောက်ဆက်တွဲ ရောဂါတွေ မဝင်မှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    health-tool-icon

    ရှိသင့်သည့် နှလုံးခုန်နှုန်း တွက်ချက်ကိရိယာ

    သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။

    အမျိုးသား

    အမျိုးသမီး

    မည်သူ့အတွက် စစ်ဆေးမည်နည်း။

    နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)

    60

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Myanmar GP Guidelines 2018

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 17/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: