သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်


Aye Thi Mon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့နည်းလမ်း ၅ သွယ်

    သွေးတိုးတယ်ဆိုတာက နှလုံးကိုထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ သွေးတိုးရောဂါခံစားနေရသူဦးရေက ၁ ဘီလျံလောက်ရှိနေပြီး သွေးတိုးရောဂါကို ဂရုတစိုက်ထိန်းသိမ်းမှုမရှိဘူး ဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

    သွေးပေါင်ချိန်က ရက်သတ္တပတ်တော်တော်ကြာတဲ့အထိ အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀ မှာတန့် နေမယ်ဆိုရင် သွေးတိုးရောဂါဖြစ်နေပြီဆိုရပါမယ်။

    ဘဝနေထိုင်မှုပုံစံက သွေးတိုးရောဂါကိုကုသရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ သွေးတိုးတာကို ကျန်းမာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင် ဆေးကုသမှုခံယူရမယ့် အနေအထားကို ရှောင်ရှားလျှော့ချနိုင်မှာဖြစ်ပါတယ်။

    သွေးတိုးစေနိုင်တဲ့အကြောင်းရင်းခံများ

    • ဆားအစားများတာ
    • သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေ စားသုံးမှုနည်းတာ
    • လုံလောက်တဲ့ကိုယ်လက်လှုပ်ရှားမှုမရှိတာ
    • အဝလွန်တာ
    • အရက်အလွန်အကျွံသောက်သုံးတာ၊

    သွေးတိုးကျစေနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်း ၅မျိုးကိုဖော်ပြပေးလိုပါတယ်။

    (၁) လမ်းလျှောက်ပါ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

    ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက သွေးတိုးကျစေမယ့် အကောင်းဆုံးသောနည်းလမ်းတွေထဲက တစ်ခုပါ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးမှုက နှလုံးကျန်းမာသန်စွမ်းစေဖို့ အထောက်အကူပြုပေးနိုင်သလို သွေးကြောတွေထဲက သွေးဖိအားကို ကျဆင်းစေနိုင်ဖို့အတွက် နှလုံးသွေးညှစ်ထုတ်မှုကိုပိုမိုကောင်းမွန်စေပါတယ်။ သွေးတိုးကျစေဖို့နဲ့ နှလုံးကျန်းမာသန်စွမ်းစေဖို့အတွက် တစ်ပတ်ကို မိနစ် ၁၅၀ လောက်လမ်းလျှောက်ပေးတာနဲ့ ၇၅ မိနစ် လောက် ပြေးတာမျိုးလုပ်ဆောင်ပေးပါ။

    (၂) ကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးပေးပါ။

    ကောက်နှံတွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေကြွယ်ဝစွာ ပါဝင်ပြီး ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှုနည်းတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပေးတာက သွေးတိုးကျအောင်အထောက်အကူပြုပါတယ်။ ပိုတက်ဆီယမ်ကလည်း သွေးတိုးကျစေနိုင်တာကြောင့် နေ့စဉ် စားသုံးတဲ့အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင်ထည့်သွင်းစားသုံးပေးပါ။ ချောကလက်အနက်ရောင်စားသုံးပေးတာကလည်း သွေးတိုးကျစေနိုင်ပါတယ်။

    (၃) ဆိုဒီယမ်(ဆား) စားသုံးမှုလျှော့ပါ။

    ဆား စားသုံးမှုက သွေးတိုးတာ၊ နှလုံးရောဂါနဲ့ လေဖြတ်တာလိုမျိုး ဝေဒနာတွေနဲ့ ဆက်စပ်နေပါတယ်။ သွေးတိုးရှိနေတယ်ဆိုရင် ဆားလျှော့စားပါ။ သိသာတဲ့တိုးတက်မှုတွေ့ရှိရပါလိမ့်မယ်။

    (၄) ကိုယ်အလေးချိန်လျှော့ပါ။

    အရမ်းဝနေရင် ကိုယ်အလေးချိန်ကျသွားအောင်လုပ်ဆောင်ကြည့်လိုက်ပါ။ ကိုယ်အလေးချိန်ကျသွားတဲ့အခါ နှလုံးကျန်းမာရေးက သိသိသာသာတိုးတက်ကောင်းမွန်လာတာကိုတွေ့ရှိ ရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချမှုက သွေးကြောတွေရဲ့ကျုံ့မှုဆန့်မှုကို ပိုမိုကောင်းမွန်စေမှာဖြစ်ပြီး သွေးတိုးတာကိုလည်း သိသိသာသာ ကျဆင်းစေမှာဖြစ်ပါတယ်။

    (၅) စိတ်ဖိစီးမှုကို ထိန်းချုပ်ဖြေရှင်းနိုင်ဖို့လုပ်ဆောင်ပါ။

    စိတ်ဖိစီးတာက သွေးတိုးစေတဲ့ အဓိကအကြောင်းရင်းခံတစ်ရပ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို တာရှည်ခံစားလာရတဲ့အခါ နှလုံးခုန်နှုန်းကမြန်လာပြီး သွေးကြောတွေ တင်းကျပ်လာပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ အရက် အလွန်အကျွံသောက်သုံးတာ၊ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ အစားအသောက်တွေကိုစားသုံးတာလိုမျိုး သွေးတိုးစေနိုင်တဲ့ အပြုအမူတွေကို ပိုမိုလုပ်ဆောင်မိလာနိုင်ပါတယ်။

    လေ့လာမှုတော်တော်များများမှာ စိတ်ဖိစီးမှုကိုဖြေလျော့တာက သွေးတိုးကျစေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ သွေးတိုးကျစေဖို့အတွက် စိတ်ဖိစီးမှုပြေလျော့သွားအောင်လုပ်ဆောင်နိုင်မယ့် အခြေခံကျတဲ့ အချက် ၂ ချက် ကတော့ သီချင်းအေးအေးလေးတွေ နားထောင်ပေးတာ၊နဲ့ အလုပ်လုပ်ရာမှာ မနိုင်ဝန်ထမ်းတာမျိုး မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။

    အထက်ပါအချက်တွေကို လုပ်ဆောင်ကြည့်ပြီး သွေးတိုးကျအောင်လုပ်ဆောင်နိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement