backup og meta

ရင်တုန် နေတာ ဘာကြောင့်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်တုန် နေတာ ဘာကြောင့်လဲ။

    ရင်တုန် နေတယ်ဆိုတာ ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ကြားနေရတာ ဒါမှမဟုတ် ပြန်သတိထားမိနေတာမျိုးပါ။ အချိန်နဲ့အမျှ နှလုံးခုန်နေပေမယ့် ဘယ်သူမှ ဒါကို သတိမထားမိပါဘူး။ သာမန်ပြင်းပြင်းထန်ထန် လှုပ်ရှားလို့ ရင်တုန်ပြီး မောလာတာ ရှိသလို အလိုလိုနေရင်း ရင်တုန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ နှလုံးရောဂါအခံရှိရင်လည်း ရင်တုန်တတ်ပါသေးတယ်။ ဒါဆို ဘယ်လိုရင်တုန်တာမျိုးက မစိုးရိမ်ရဘူးလဲ။ ဘယ်လိုအခြေအနေဆိုရင်တော့ ဆေးရုံသွားသင့်လဲဆိုတာ ပြောပြပေးပါ့မယ်။

    ဆေးပညာအရတော့ ရင်တုန်တာကို Tachycardia လို့ ခေါ်ပါတယ်။ နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၀၀ကျော်သွားရင် Tachycardia လို့ သတ်မှတ်ပါတယ်။

    ဘာတွေကြောင့် ရင်တုန် တတ်သလဲ။

    သာမန် အခြေအနေတွေမှာ ရင်တုန်စေတဲ့ အကြောင်းတွေကတော့

    • ကဖင်းဓာတ်များတဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေ သောက်တာ
    • အရက်အသောက်များတာ
    • ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ
    • ဆေးလိပ်သောက်တာ
    • စိတ်လှုပ်ရှားစရာ အခြေအနေတွေနဲ့ ကြုံလို့ တုန်တာပဲ ဖြစ်ပါတယ်။ ဒါတွေက စိုးရိမ်စရာ မရှိပါဘူး။

    ရောဂါအခံတစ်ခုခုကြောင့်၊ ဆေးတွေ ကြောင့်လည်း တုန်တတ်ပါသေးတယ်။ ဥပမာ

    • သွေးအားနည်းတာ
    • ဖျားတာ
    • သွေးပေါင်တက်တာ ဒါမှမဟုတ် ကျတာ
    • ကိုယ်တွင်း ဓာတ်တွေ ချို့တဲ့တာ (နှလုံးခုန်ဖို့ လိုအပ်တဲ့ သတ္တုဓာတ်တွေ ချို့တဲ့တာ)
    • ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
    • သိုင်းရွိုက်ဟော်မုန်း များနေတာ
    • စိတ်ကြွဆေးတွေ သုံးထားတာ စတာတွေပဲ ဖြစ်ပါတယ်။

    တစ်ခါတစ်လေတော့လည်း အကြောင်းရင်းမရှိဘဲ ရင်တုန်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

    ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။

    အသက်ကြီးတဲ့သူတွေ၊ မိသားစုထဲမှာ ရင်တုန်တတ်တဲ့ ဒါမှမဟုတ် နှလုံးခုန်မမှန်တဲ့ ရောဂါရှိတဲ့သူတွေက ပိုဖြစ်နိုင်ပါတယ်။ နှလုံးကို ဝန်ပိစေနိုင်တဲ့ အနေအထားတွေ၊ နှလုံးကို ပျက်စီးစေနိုင်တဲ့ အနေအထားတွေကလည်း ရင်တုန်စေနိုင်ပါတယ်။ ဒါတွေကတော့

    • နဂိုတည်းက သွေးအားနည်းသူတွေ
    • ဆီးချိုရောဂါရှိတဲ့သူတွေ
    • နှလုံးရောဂါအခံရှိတဲ့သူတွေ
    • ကဖင်းသောက်သုံးမှု များတဲ့သူတွေ
    • အရက်အလွန်အကျွံ သောက်တဲ့သူတွေ
    • သွေးတိုးရောဂါရှိတဲ့သူတွေ
    • သိုင်းရွိုက်ဟော်မုန်း ပုံမှန် မဟုတ်တဲ့သူတွေ
    • စိတ်လှုပ်ရှားတတ်တဲ့ ရောဂါရှိသူတွေ
    • အိပ်နေရင်း အသက်ရှူရပ်တတ်တဲ့သူတွေ
    • ဆေးလိပ်သောက်တဲ့သူတွေ
    • စိတ်ကြွဆေးသုံးတဲ့သူတွေက ဖြစ်ဖို့ အလားအလာ ပိုများပါတယ်။

    ရင်တုန်တာအပြင် တခြား ဘာတွေ ခံစားရနိုင်သေးလဲ။

    နှလုံးခုန်တာ သိပ်မြန်လာရင် နှလုံးက အားနဲ့ ကောင်းကောင်း ညှစ်ဖို့ အချိန်မရတော့တဲ့အတွက် ကိုယ်တွင်း အင်္ဂါတွေ သွေးငတ်လာပါတယ်။ ဒါကြောင့်

  • မောတာ
  • ခေါင်းမူးတာ
  • သွေးခုန်နှုန်းတွေ မြန်လာတာ
  • ရင်ထဲမှာ တဒိတ်ဒိတ်နဲ့ ခုန်နေတာ
  • ရင်ဘတ်အောင့်တာ
  • သတိလစ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
  • တချို့သူတွေကျတော့လည်း ဘာမှ မခံစားရဘဲ ဆေးစစ်လို့ ဖြစ်ဖြစ်၊ ECGဆွဲလို့ဖြစ်ဖြစ် သိရတာတွေလည်း ရှိပါတယ်။

    ဘာပဲဖြစ်ဖြစ် ရင်ခဏခဏတုန်တတ်လို့ ကိုယ့်ကိုယ်ကို မသင်္ကာရင် ဆေးရုံသွားပြဖို့ အကြံပြုလိုပါတယ်။ ရင်တုန်တာအပြင် ရင်ဘတ်အောင့်တာ၊ မောတာ၊ သတိလစ်တာတွေပါ ဖြစ်လာပြီဆိုရင်တော့ ဆေးရုံအမြန်ဆုံး သွားဖို့ လိုနေပါပြီ။

    ရင်တုန် ‌တာကြောင့် နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။

    နောက်ဆက်တွဲက ရင်တုန်တဲ့ ရောဂါအမျိုးအစား၊ ဘယ်လောက်မြန်မြန် ခုန်နေတာလဲ၊ ရင်တုန်တာ ဘယ်လောက်ကြာပြီလဲ၊ တခြား နှလုံးရောဂါအခံတွေ ဘာရှိလဲ စတဲ့ အချက်တွေ အပေါ်မူတည်ပါတယ်။ ဖြစ်နိုင်တာတွေကတော့

    • သွေးခဲပြုတ်ထွက်ပြီး ဦးနှောက်သွေးကြောမှာ သွားပိတ်ရင် လေဖြတ်တာ၊ နှလုံးသွေးကြောမှာ သွားပိတ်ရင် နှလုံးပုပ်တာ
    • နှလုံးက သွေးမညှစ်နိုင်ဘဲ နှလုံးပျက်စီးတာ
    • ခဏခဏ သတိလစ်တာ
    • ရုတ်တရက်သေဆုံးတာ (အထူးသဖြင့် နှလုံးအောက်ခန်း အခုန်မြန်တဲ့ ရောဂါမှာ) စတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်လို ကာကွယ်ကြမလဲ။

    ရင်တုန်တာကို ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ နှလုံးရောဂါမဖြစ်အောင် နေဖို့ပါပဲ။ နှလုံးရောဂါအခံ ရှိတယ်ဆိုလည်း ထိထိရောက်ရောက် ကုသနေဖို့ လိုပါတယ်။

    နှလုံးရောဂါ ကာကွယ်ဖို့အတွက်

    • လေ့ကျင့်ခန်း လုပ်ပါ။
    • အဆီလျှော့ပြီး အသီးအရွက် များများ စားပါ။ အာဟာရမျှတအောင် စားပါ။
    • ကိုယ်အလေးချိန်ထိန်းပါ။
    • သွေးပေါင်ချိန်ထိန်းပါ။
    • သွေးတွင်း ကိုလက်စထရောကို မတက်ပါစေနဲ့။
    • ဆေးလိပ်ဖြတ်ပါ။
    • အရက်လျှော့သောက်ပါ။
    • မူးယစ်ဆေး မသုံးပါနဲ့။
    • အပြင်က စပ်ဆေး ဝယ်သောက်ရင် သတိထားပါ။ တချို့သော ချောင်းဆိုးပျောက်ဆေးတွေ၊ အအေးမိပျောက်ဆေးတွေက ရင်တုန်တတ်ပါတယ်။ နဂိုရင်တုန်တတ်သူဆို ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
    • ကဖင်းလျှော့ပါ။
    • စိတ်ဖိစီးမှုလျှော့ပါ။

    နဂိုတည်းက နှလုံးရောဂါအခံရှိရင်

    • သေသေချာချာ ကုသပါ။
    • သင့်ရောဂါနဲ့ ပတ်သတ်ပြီး တိုးတက်မှု၊ ဆိုးယုတ်မှုတွေကို ဆရာဝန်နဲ့ ပုံမှန်ဆွေးနွေးပါ။
    • တစ်ခုခုပိုဆိုးလာရင် ဆေးရုံအမြန်သွားပါ။

    ရင်တုန် တာက သာမန်ဆို ပြဿနာ မရှိပေမယ့် နှလုံးရောဂါနဲ့ ဆက်နွယ်နေရင်တော့ သတိထားရပါမယ်။ ရုတ်တရက် သေဆုံးနိုင်သည်အထိ ပြင်းထန်တာကြောင့် ကိုယ့်မှာ ရောဂါအခံရှိရင် ထိထိရောက်ရောက် ကုသဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement