၁။ အဆုံးစီရင်သွားတဲ့ဆရာဝန်။
ဒေါက်တာဇော်ဇော်ဟာ နယ်ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ အထူးကုဆရာဝန်တစ်ယောက်ပါ။ လူပျိုလူလွတ်ဆရာဝန်ဖြစ်တယ်။ မိဘတွေချောင်ချောင်လည်လည်ရှိတယ်။ ပညာတတ်တဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်တယ်။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတတ်တယ်။ လူနာတွေအပေါ်မှာ ကြင်ကြင်နာနာဆက်ဆံတတ်တယ်။ ပညာတော်တယ်။ တစ်ရက်ကျတော့ ဒေါက်တာဇော်ဇော် ဆေးရုံကိုမလာဘူး။ သူ့ဖုန်းကိုခေါ်တော့လည်း မကိုင်ဘူး။ အိမ်လိုက်သွားကြည့်တဲ့အခါမှာတော့ အိမ်မှာရှိတဲ့ တန်းတစ်ခုမှာ ဆွဲကြိုးချပြီး ကိုယ့်ကိုကိုယ် သတ်သေထားတဲ့ ဒေါက်တာဇော်ဇော်ကိုတွေ့လိုက်ရတယ်။ လူနာတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ နောက်ဆုံး မိသားစုအတွက်တောင် ဒီကိစ္စက အထူးအဆန်းတစ်ခုလိုပဲ။ အဆင်မပြေတာရယ်လို့ ထူးထူးထွေထွေမရှိတဲ့သူတစ်ယောက်အဖို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်ဆိုတဲ့ကိစ္စအပေါ် ဘယ်လိုမှ နားလည်နိုင်စွမ်းမရှိကြဘူး။
၂။ အဖေရုတ်တရက်ဆုံးပါးသွားတဲ့ တက္ကသိုလ်ကျောင်းသား။
ကျော်ကျော်ဟာ စိတ်ရင်းသဘောထားကောင်းပြီး သိမ်မွေ့တဲ့ အဝေးသင် တတိယနှစ်ကျောင်းသားတစ်ယောက်ပါ။ တစ်ရက်မှာ သူ့အဖေဟာ နှလုံးအမောဖောက်ပြီး ရုတ်တရက်ကွယ်လွန်သွားတယ်။ ရက်လည်လောက်ထိ ကျော်ကျော့်ကို လူတွေနှစ်သိမ့်ကြတယ်။ နွေးထွေးပေးကြတယ်။ နောက်ပိုင်းကျတော့ ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်သွားပြီလေ။ ဘယ်သူမှ လူတစ်ယောက်ကို ကြာရှည်ဂရုစိုက်ပေးနိုင်ပါ့မလဲ။ နောက်ပိုင်းမှာ ကျော်ကျော်ဟာ အမူအရာတွေပြောင်းလဲသွားတယ်။ ကြမ်းတမ်းတဲ့ဘက်ကိုရောက်လာတယ်။ လူတွေနဲ့ အဆင်မပြေဘူး။ ဒေါသကြီးလာတယ်။ သူ့ကိုပြောရင်လည်း ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်တတ်လာတယ်။ ရိုင်းစိုင်းလာတယ်။ ဘယ်သူကမှ သူနဲ့ အဆက်အဆံမလုပ်ချင်ကြတော့ဘူး။ ဒီကောင်လေးက သိပ်ရိုင်းတာပဲ။ ငဆိုးကောင်ပေါ့။ တစ်ရက်ကျ ကျော်ကျော်အိမ်ပြန်မလာတော့ဘူး။ ဘယ်ကိုရောက်လို့ ဘယ်ကိုပေါက်သွားမှန်းလည်း ဘယ်သူမှ မသိကြတော့ဘူး။
၃။ စိတ်ပြဿနာက ပြဿနာမဟုတ်ဘူး။
ကျွန်တော်တို့တွေရဲ့ ကံဆိုးမှုတွေထဲက တစ်ခုကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ အရေးတကြီးကိစ္စလို့ မယူဆကြတဲ့ လူနေမှုအဖွဲ့အစည်းထဲမှာ နေထိုင်ကြရတာပါပဲ။ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့သူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ အပြုအမူဟာ အဖြေရှာလို့မရအောင် ထူးဆန်းတယ်ဆိုတာမျိုးမရှိပါဘူး။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ သူ့ရဲ့ လိုအပ်နေတဲ့အကူအညီတွေကို သတိမမူမိကြတာပဲရှိတာပါ။ ဘာမှ အပူအပင်ရှိစရာမရှိတဲ့သူတစ်ယောက်အဖို့ စိတ်ဓါတ်ကျတယ် နေရတာမပျော်ဘူးလို့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောရင် ပျော်ပျော်နေပါ ဘာစိတ်ညစ်စရာရှိလို့လဲလို့ပြောခံရမယ်။ သူငယ်ချင်းတွေကို ပြောရင် ရယ်သွမ်းသွေးခံရမယ်။ အစအနောက်ခံရမယ်။ မျက်ရည်ကျတဲ့အခါ စိတ်သိပ်ပျော့တာပဲ ယောက်ျားမဟုတ်ဘူးလားလို့ ပြောခံရမယ်။ နောက်ဆုံးမိဘဆွေမျိုးတွေကိုတောင် ပြောပြလို့မရနိုင်ဘူး။ ဘယ်သူ့ဆီကမှ အကူအညီမရနိုင်ဘူး၊ ဘယ်သူ့ဆီကမှ နားလည်စာနာပေးမှုနဲ့ နှစ်သိမ့်မှုတွေမခံစားရဘူး။ နွေးထွေးကြင်နာမှုတွေကို မခံစားရဘူး။ ကိုယ့်ရဲ့ပြဿနာတွေကို ကိုယ်ချင်းစာမပေးနိုင်ဘူး။ နောက်ဆုံးမှာ သတ်သေသွားကြတဲ့အခါကျတော့ အစစအရာရာ အဆင်ပြေနေတဲ့ဘဝမှာ ဘာကြောင့်များ ကိုယ့်ကိုကိုယ် သတ်သေသွားရတာလဲလို့ ပဟေဠိဖြစ်ပြီး ကျန်ရစ်ခဲ့ကြတယ်။ အသက်ရှင်နေတုန်းက လိုအပ်နေတဲ့အချိန်မှာတော့ ဘယ်သူမှ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ လိုအပ်ချက်တွေကို အရေးတယူနဲ့ သတိထား မမြင်ခဲ့ကြဘူး။ သေသွားပြီးတဲ့အချိန်မှတောင်မှ “ဒီလိုကိုယ့်ကိုယ်သတ်သေတာမျိုးတော့ ငါတို့က မသနားဘူး” လို့ အပြောခံရရင် ခံနေရဦးမှာ။ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့သူတစ်ယောက်ကို ဘယ်သူကမှ အမြင်မကြည်ဘူးလေ။
လူတစ်ယောက်မှာ ကင်ဆာရောဂါရှိတယ်လို့ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေသိကြတဲ့အခါ ဝိုင်းဝန်းကူညီအားပေးတာ၊ သနားကြင်နာစွာ ဆက်ဆံကြတာတွေ လုပ်ကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်သိမ့်အားပေးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က သူစိတ်ဓါတ်ကျနေတယ် နေရထိုင်ရတာ မပျော်တော့ဘူးလို့ပြောမယ်ဆိုရင်တော့ ပထမဆုံးပြောလေ့ရှိကြတဲ့စကားက “စိတ်ဓါတ်မကျနဲ့။ ပျော်ပျော်နေ” ဆိုတာပါ။ စိတ်ထဲမှာ အလေးအနက်မထားသလို နှစ်သိမ့်ဖို့ ကူညီဖေးမဖို့ဆိုတာလည်း မရှိပါဘူး။ စိတ်ဓါတ်ကျတာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရတာကို ပြဿနာတစ်ခုလို မမြင်ကြပါဘူး။ အချိန်နှောင်းသွားမှသာ ဘာကြောင့်များလဲဆိုပြီး အံ့သြတကြီးဖြစ်ကြရတယ်။
၄။ အသေးအဖွဲတစ်ခုမဟုတ်ပါဘူး။
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အသေးအဖွဲတစ်ခုလို့ မထင်ပါနဲ့။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေလိုမျိုး မြင်သာထင်သာမရှိတဲ့အတွက် တကယ့်ပြဿနာမဟုတ်ဘူးလို့ ထင်ကြတာ၊ နားလည်မပေးနိုင်ကြတာ အင်မတန်မှားယွင်းတဲ့ စံနှုန်းတစ်ခုပါ။ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ကို စိတ်ဓါတ်မကျနဲ့ ပျော်ပျော်နေလို့ ပြောလိုက်တာနဲ့ အဲဒီလူက ပြန်မကောင်းသွားပါဘူး။ “အလကားနေရင်း စိတ်ဓါတ်ကျမနေနဲ့” “ဘာတွေစိတ်ညစ်စရာရှိလို့ စိတ်ညစ်နေရတာတုန်း” “ပျော့ညံ့လိုက်တာ ယောက်ျားမဟုတ်ဘူးလား” အစရှိတဲ့စကားသံတွေ။ စိတ်ဓါတ်ကျနေတဲ့သူတစ်ယောက်ရဲ့ မှားယွင်းတဲ့ အပြုအမူတွေ ပြောဆိုတာတွေကို နားလည်မှုမပေးနိုင်ဘဲ ဒေါသတကြီးတုံ့ပြန်တာတွေက ပိုလို့တောင် ဝေဒနာကို ဆိုးရွားစေဖို့ဖြစ်နိုင်တယ်။ ပြီးရင် နောက်တစ်ခေါက်ဒီလူတွေကို ကိုယ့်ရဲ့ခံစားနေရတာတွေကို ရင်ဖွင့်ဖို့ပြောပြအကူအညီတောင်းခံဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကိုယ်ခံစားနေရတာတွေက သူတို့အတွက် အရေးတယူလုပ်စရာတစ်ခုလို့ မသတ်မှတ်ခံရဘူးလေ။ ဒီတော့ အဲဒီစိတ်တွေကို သိမ်းဆည်းပြီး မျိုသိပ်ထိန်းချုပ်ထားရတာက နောက်ထပ် ပြဿနာတစ်ခုဖြစ်လာတယ်။
၅။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် စိတ်ပြဿနာရှိနေနိုင်ပါတယ်။
ကျွန်တော်တို့တွေဟာ ချမ်းသာနေရင်၊ အောင်မြင်နေရင် စိတ်ကျေနပ်မယ်၊ ပျော်ရွှင်မယ်လို့ ထင်ထားတတ်ကြပါတယ်။ စိတ်ဓါတ်ကျခြင်း၊ မကျခြင်းဟာ အောင်မြင်တာ၊ချမ်းသာတာ၊ပညာတတ်တာ မတတ်တာတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်း အခါအားလျော်စွာ စိတ်ဓါတ်ကျနေတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိနေတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ အမြဲတမ်းရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတာမဟုတ်ပါဘူး။ အောင်မြင်ချမ်းသာနေပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့သူတွေ အများကြီးပါ။ ဒါဟာ ဟန်ဆောင်နေတာမဟုတ်ဘူး။ တမင်လုပ်ယူနေတာမဟုတ်ဘူး။ စိတ်ဝင်စားမှုလိုချင်လို့ လုပ်ပြနေတာမဟုတ်ဘူး။ ဒီလူတွေဟာ ကိုယ့်ကိုနာကျင်အောင်၊ စိတ်တိုအောင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမဟုတ်ဘူး။ တမင်ဖယ်ခွာနေတာမဟုတ်ဘူး။ ဒါဟာပြင်းထန်တဲ့ဝေဒနာတစ်ခုကို ခံစားနေရတာပါ။ ဒါကို နားလည်ပေးပါ။ ဒေါသတကြီးနဲ့ ကိုယ့်ကိုအပြစ်တင်နေတာ၊ ကိုယ့်ကိုဘယ်တုန်းကမှ မပြောခဲ့ဖူးတဲ့ နစ်နစ်နာနာတွေကို အကြောင်းအရင်းမရှိပြောနေတာ၊ မထင်မှတ်ထားတဲ့လုပ်ရပ်တွေကိုလုပ်နေသူဟာ ကိုယ်ချစ်ခင်ရတဲ့သူတစ်ယောက်ရဲ့ ပုံမှန်ရှိတဲ့စိတ်နဲ့လုပ်နေတာမဟုတ်ပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရတယ်ဆိုတာကို နားလည်ပေးပါ။
၆။ အကူအညီပေးကြပါ။
စိတ်ဓါတ်ကျဆင်းမှုခံစားနေရတဲ့သူတွေဟာ အကူအညီလိုကြပါတယ်။ အားပေးကူညီမှုနဲ့ နွေးထွေးစွာ ဖေးမမှုတွေကို လိုအပ်ကြပါတယ်။ ဒါပေမယ့် လူတော်တော်များများက စိတ်ဓါတ်ကျနေတဲ့သူတွေကို သတိမပြုမိကြပါဘူး။ သူတို့အောင်မြင်နေတာပဲ သူတို့ချမ်းသာနေတာပဲ။ ဒီလူတွေစိတ်ဓါတ်ကျမှာမဟုတ်ပါဘူးလို့ ထင်မြင်ယူဆတတ်ကြတယ်။ ဒါ့အပြင် စိတ်ဓါတ်ကျဆင်းမှု အပြုအမူနဲ့ အမူအရာတွေကိုလည်း ပေါ့ပေါ့ဆဆနဲ့ သတိမမူမိတတ်ကြပါဘူး။ လူနာတွေကိုကြင်ကြင်နာနာဆက်ဆံတတ်တဲ့ဆရာဝန်၊ သူငယ်ချင်းတွေ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါးနေတဲ့ဆရာဝန်။ သူ့မှာပျော်ရွှင်စရာအပြည့်ပဲလို့မြင်ကြပေမယ့် သူ့ရဲ့ စိတ်ဝေဒနာတွေကို မျိုသိပ်နေရတယ်ဆိုတာကို သူအဆုံးစီရင်သွားတဲ့အခါကျတော့မှ သိရပါတော့တယ်။ ဒါက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်ဓါတ်ကျဆင်းပြီး အကူအညီလိုအပ်နေတဲ့သူတွေ ဘယ်လောက်တောင် များနေလဲဆိုတာကို အသိသာဆုံးထင်ဟပ်စေပါတယ်။ အားပေးပါ။ အကူအညီပေးပါ။ ဖေးမပါ။ နွေးထွေးမှုနဲ့ အကြင်နာတရားကို တစ်ဦးကိုတဦး ပြသကြပါ။ စိတ်ဝေဒနာကို၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို၊ စိတ်ဓါတ်ကျဆင်းမှုတွေကို ရယ်ပွဲမဖွဲ့ပါနဲ့။ လျစ်လျူမရှုထားပါနဲ့။ စာနာပေးပါ။ ကူညီပေးပါ။ တိတ်ဆိတ်ငြိမ်သက်တဲ့ အမှောင်ထောင့်လေးထဲက ငိုရှိုက်သံသဲ့သဲ့လေးတွေအတွက် နေရာပေးကြပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]