backup og meta

စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ

ဒီတစ်ခါ စိတ်မလုံခြုံမှု ရှိတဲ့သူတွေအကြောင်း ပြောမယ်။

အလုပ်ထဲမှာဖြစ်ဖြစ် လူစုံစုံရှိရင်ပဲဖြစ်ဖြစ် အသံကျယ်ကျယ် စကားပြော၊ လူတော်တော်များများနဲ့ မတည့်၊ လူတိုင်းကို ဟိန်းလိုက်ဟောက်လိုက်လုပ်ပြီး သူဘယ်လောက်တော်ကြောင်း တတ်ကြောင်း ချမ်းသာကြွယ်ဝကြောင်း ပြောပြောနေတတ်တဲ့သူကို မြင်ဖူးလား။ အဲဒါက စိတ်မလုံခြုံမှု (insecurity) ရဲ့ လက္ခဏာပါ။

စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ

လူတိုင်းမှာ စိတ်မလုံခြုံမှုတွေ ရှိတယ်။ အကြောင်းအရင်း မျိုးစုံနဲ့ စိတ်ရဲ့ မလုံခြုံမှုကို ခံစားရတယ်။ တချို့မှာတော့ ပိုဆိုးတယ်။ စိတ်မလုံခြုံတဲ့သူတွေ တော်တော်များများမှာ ဆင်တူတဲ့ လက္ခဏာတွေ ရှိတတ်တယ်။ ဒီတော့ စိတ်မလုံခြုံတဲ့သူတွေရဲ့ စရိုက်လက္ခဏာများ က ဘာတွေလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား ……

၁။ ကြွားဝါတယ်

စိတ်မလုံခြုံသူတွေမှာ ရှိတဲ့ ခံစားချက်တစ်ခုက သူတို့ဟာ သူများထက် အောက်ကျမနေဘူး ပိုမို သာလွန်တယ်ဆိုတာကို တခြားသူတွေ သိစေချင်တယ်။ တန်းတူမဟုတ်ဘူးနော်။ သူက တခြားသူတွေထက် သာတယ်လို့ အထင်ခံရချင်တာ။ ဒီတော့ သူ့မှာရှိတာတွေရော မရှိတာတွေရော ကြွားတော့တာပဲ။ ကြွားတာကတော့ လူတိုင်းကြွားတာပဲ။ ဒါပေမယ့် သာမန်ထက် ပိုထူးပြီး ကြွားနေပြီဆိုရင်တော့ အဲဒါသေချာတယ်။

၂။ ပါဝါပြတယ်

ကိုယ့်မှာရှိတဲ့ အငုံ့စိတ်ကို ပယ်ဖျက်ဖို့အတွက် အကောင်းဆုံး နည်းလမ်းက ကိုယ်က အရေးပါအရာရောက်တဲ့သူဆိုတာ သိစေတာပဲလို့ သူတို့က ယူဆပါတယ်။ ဒီတော့ ဟိန်းလိုက်ဟောက်လိုက် မရှိရှိတဲ့ အာဏာပါဝါလေးကို ပြလိုက်နဲ့ သူတို့ကိုယ်သူတို့ တန်းမြှင့်ဖို့ ကြိုးစားရတယ်။ မြင်ဖူးတယ်မဟုတ်လား ခွင်ထဲရောက်တာနဲ့ လုပ်ပိုင်ခွင့်ကို အစွမ်းကုန် အသုံးချ ပြတော့တာလေ။ ရပ်ကွက်ထဲက တချို့ဆယ်အိမ်မှူး ရာအိမ်မှူး တာဝန်ယူထားရတဲ့သူတွေ။ လက်ပတ်လေး ပတ်ထားကြတဲ့သူတွေ။ ဓာတ်လှေကား မောင်းတဲ့သူမှာတောင် ဒီလိုမျိုးရှိတယ်။ သူတို့ရဲ့ ပါဝါပြမှုက သူတို့ကိုယ်သူတို့ ပြန်ဖြေသိမ့်ခြင်း နည်းလမ်းတစ်ခုပဲ။ ငါအရေးပါပါတယ်ပေါ့။

၃။ တခြားသူတွေကိုနှိမ့်ချပြောဆိုတယ်

စိတ်မလုံခြုံသူတွေ ရဲ့ စဉ်းစားပုံနဲ့ သူတို့ကိုယ်သူတို့ ရှုမြင်ပုံက တခြားသူတွေနဲ့ အမြဲ နှိုင်းယှဉ်နေလေ့ရှိတယ်။ သူတို့ကိုယ်သူတို့ မြင့်တယ်လို့ ခံစားရဖို့အတွက် တခြားသူတွေကို နှိမ့်ချထားမှ ဖြစ်မယ်လို့ တွေးတယ်။ ဒီတော့ တခြားသူတွေဟာ သူတို့လောက် မတော်တဲ့ မတတ်တဲ့သူတွေအဖြစ် ပြောဆိုနှိမ့်ချတယ်။ လူတစ်ယောက်ချင်းစီရဲ့ နောက်မှာ အတင်းအဖျင်း ပြောတယ်။ သူတို့သာ အတော်ဆုံး အကောင်းဆုံး ကျန်တဲ့သူတွေကတော့ မကောင်းတဲ့ အရာတွေနဲ့ ပြည့်နှက်နေတဲ့သူတွေပေါ့။

၄။ အငြင်းသန်တယ်

သူတို့ဆီမှာ ငြင်းစရာအပြည့်ပဲ။ ဘယ်လို အကြောင်းအရာမျိုးအတွက်မဆို သူတို့မှာ ငြင်းခုန်စရာ ရှိတယ်။ သူတို့ရဲ့လုပ်ရပ်တွေ အပြောအဆိုတွေကို တခြားသူတွေက ဝေဖန်တာ အကြံပေးတာမျိုး လုပ်မယ်ဆိုရင်တော့ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့မယ်၊ ဒါမှမဟုတ် အဲဒီလို မဟုတ်ကြောင်း အပြင်းအထန် ကာကွယ် ပြောဆိုတော့တာပဲ။ သူတို့က အမြဲမှန်တယ်လို့ ထင်နေကြတဲ့သူတွေပါ။

၅။ စိတ်ညစ်ညူးစရာတွေပဲ ဖြန့်ဝေတယ်

တချို့တွေဟာ အနားမှာနေရတာ၊ စကား လေးငါးမိနစ်လောက် ပြောတာ နောက်ဆုံး သူတို့ကို ကြည့်ရတာကိုက စိတ်ညစ်ညူးစရာကြီးလို့ ခံစားရတာမျိုး ကြုံဖူးလား။ တကယ်လည်း သူတို့တွေဟာ စိတ်ညစ်ညူးစရာတွေပဲ ဖြန့်ဝေလေ့ရှိပါတယ်။

သူတို့ဆီက ထွက်သမျှ အကြောင်းအရာတိုင်းက မကောင်းတာတွေ၊ သူများအတင်းအဖျင်းတွေ၊ မကျေနပ်ချက်တွေ၊ အကြောင်းပြချက်တွေ၊ ငြင်းခုန် တိုင်တောသံတွေချည်းပဲ။ သူတို့ရဲ့ အမြင်မှာကိုက ပျော်စရာ ဝမ်းသာစရာတွေထက် မကောင်းတာတွေကိုပဲ အရင်မြင်နေတာ။

ဒီအချက်တွေရှိနေပြီဆိုရင် insecurity သိပ်များတဲ့သူဆိုတာကို သိနိုင်ပါတယ်။ ကိုယ်တိုင်လည်း အဲဒီထဲက တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ စိတ်မလုံခြုံမှုက ကိုယ်တိုင်တောင်မသိဘဲ ဖြစ်နေတာမျိုး ရှိပါတယ်။

စိတ်မလုံခြုံမှုတွေကို ဖြေဖျောက်ဖို့ဆိုရင် ကိုယ်ဟာ ဘယ်လိုလူလဲ ဘာတွေ အားသာချက်ရှိပြီး အားနည်းချက်က ဘာတွေရှိနေလဲ အစရှိတဲ့ ကိုယ့်ကိုကိုယ် သိဖို့က အရေးကြီး ပါတယ်။

ကိုယ့်ကိုကိုယ် သိတဲ့သူက တခြားသူတွေနဲ့ နှိုင်းယှဉ်ဖို့အတွက် မကြိုးစားတော့ဘူး။ နှိုင်းယှဉ်ပြီး သူကတော့ သာတယ် ငါကတော့ညံ့တယ်ဆိုတာတွေ မတွေးရင် အငုံ့စိတ်တွေလည်း ဖြစ်မလာနိုင်တော့ဘူး။

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တူညီနေစရာမလိုဘူး။ ပေးထားချက်တွေမတူသလို အားနည်းချက် အားသာချက်တွေလည်း တစ်ယောက်နဲ့တစ်ယောက်မတူဘူး။ ဘာမှ မတူညီတဲ့သူနဲ့ကိုယ် နှိုင်းယှဉ်တာကအငုံ့စိတ်တွေ ဖြစ်ပေါ်လာဖို့ အားပေးသလို ဖြစ်စေပါတယ်။ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုရှိရင် တော်ပြီပေါ့။

Dr.Thin Yadanar

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

4 Signs That Someone Is Probably Insecure https://www.psychologytoday.com/us/blog/fulfillment-any-age/201511/4-signs-someone-is-probably-insecure Accessed Date 29 May 2020

10 Things Insecure People Do That Slowly Destroy Their Lives https://www.lifehack.org/articles/communication/10-things-insecure-people-that-slowly-destroy-their-lives.html Accessed Date 29 May 2020

http://geniustypes.com/signs_of_insecurity/#.XtDdcRMzZQI Accessed Date 29 May 2020

 

ယခုပုံစံ

31/05/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက်ဆုံးနေပြီလား

စိတ်ညစ်ရင် အပျင်းပြေရုပ်ရှင်ကြည့်ပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/05/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement