backup og meta

မိမိကိုယ်ကို ဂရုစိုက်ခြင်းမှတဆင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းဖြင့် ဘာကောင်းကျိုးတွေရနိုင်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိမိကိုယ်ကို ဂရုစိုက်ခြင်းမှတဆင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းဖြင့် ဘာကောင်းကျိုးတွေရနိုင်မလဲ

    မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self Care) လို့ပြောလိုက်တာနဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်တာရယ်၊ ကိုယ်ကျန်းမာရေးကို ဂရုစိုက်တာရယ်ဆိုပြီး အလွယ်တကူ ခွဲခြားလိုက်နိုင်ပါတယ်။

    လူအများစုဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုပဲ အဓိက အလေးထား ဂရုစိုက်တတ်ကြပြီး စိတ်ကျန်းမာရေးကိုတော့ စနစ်တကျဂရုစိုက်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။ သို့သော် စိတ်ထောင်းရင် ကိုယ်ကြေတယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ ဒါကြောင့် ဒီစာလေးကနေပြီးတော့ မိမိ စိတ်ကျန်းမာရေးကို ဘယ်လိုမျိုး အလွယ်တကူ ဂရုစိုက်လို့ရလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

    လူတိုင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြုံရတာကတော့ စိတ်ဖိစီးမှုဆိုတဲ့ stress ပါပဲ။ stress ပိပြီဆိုတာနဲ့

  • အာရုံစူးစိုက်လို့မရတာ၊ အလွယ်တကူ မေ့တတ်တာ၊ စိတ်အပြောင်းအလဲမြန်တာ
  • ဆံပင်ကျွတ်တာ၊ အသားအရေ အိုမင်းရင့်ရော်လာတာ၊ ဝက်ခြံတွေထွက်တာ၊ ဘယ်လောက်ပဲ လေ့ကျင့်ခန်းတွေလုပ်ပြီး ဝိတ်ချနေပါစေ ဝိတ်တက်လာတာ
  • ညအိပ်မပျော်တာ၊ အစာ အလွယ်တကူ မကြေတာ၊ ခေါင်းကိုက်တာ၊ မောပန်းနွမ်းလျနေတာ၊ လိင်စိတ်ဆန္ဒ နည်းနေတာ… စတာတွေ ခံစားလာရတတ်ပါတယ်။
  • ဒါကြောင့် စိတ်ဖိစီးမှုကိုသာ လျှော့ချနိုင်မယ်ဆိုရင် အချိန် နဲ့ ငွေကိုလည်း ချွေတာနိုင်မယ်၊ ကျန်းမာရေးလည်း ပိုကောင်းလာမယ်၊ ပေါင်းသင်းဆက်ဆံရေးမှာလည်း ပိုအဆင်ပြေလာမယ်လို့ ပြောလို့ရပါတယ်။

    သူများအပေါ် မှီခိုခြင်းမရှိ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်ဖိစီးမှုကို အလွယ်တကူ လျှော့ချနိုင်တဲ့ နည်းလမ်းလေးတွေကတော့

    (၁) Me Time ကို အသုံးပြုပြီး မိမိကို ပျော်ရွှင်စေတဲ့အရာလေးတွေကို လုပ်ဆောင်ပါ

    Me Time ဆိုတာကတော့ ဘယ်သူမှ ဝင်မစွက်ဖက်တဲ့ ကိုယ်ပိုင်အချိန်လေးကို ကိုယ့်တစ်ယောက်တည်းအတွက် အသုံးပြုခြင်းကိုပြောတာပါ။ အလွယ်တကူပြောရရင်တော့ အချိန်တစ်ခုပေးပြီး ကိုယ့်စိတ်ကြိုက်အလုပ်တွေကို လုပ်တယ်ပေါ့။ လူတစ်ယောက် – အကြိုက်တစ်မျိုး – ကုသနည်းတစ်ခုဖြစ်နိုင်တာကြောင့် ကိုယ်ဘာလုပ်ရတာကို နှစ်သက်လဲ၊ ဘာဝါသနာပါလဲဆိုတာပေါ်မူတည်ပြီး Me Time ကို အသုံးပြုပုံခြင်း မတူနိုင်ပါဘူး။ ပန်းခြံထဲ တစ်ယောက်တည်း လမ်းလျှောက်ထွက်တာ ကြိုက်တဲ့သူရှိမယ်၊ ပန်းချီဆွဲတာ ကြိုက်တဲ့သူရှိမယ်၊ စာရေးရတာ ကြိုက်တဲ့သူရှိမယ်၊ စာဖတ်ရတာ ကြိုက်တဲ့သူရှိမယ်… ဒါမျိုးပေါ့။

    နေ့စဉ် ၁၅ မိနစ်မှ ၃၀မိနစ်ခန့်ကို Me Time အတွက်အသုံးပြုသင့်ပါတယ်။ ဒီအရာဟာဆိုရင် စိတ်ရှုပ်နေတာတွေရှိရင်လည်း ပြေပျောက်စေတယ်၊ ကောင်းမွန်တဲ့ စိတ်ခံစားမှုကိုလည်း ရရှိစေနိုင်ပါတယ်။

    (၂) မိမိကို ပြုံးရယ်စေမယ့်အရာများကို လုပ်ဆောင်ပါ

    ဟာသ ဗီဒီယိုလေးတွေကြည့်တာ၊ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားစမြည်ပြောကြတာမျိုးလေးတွေ မကြာမကြာ လုပ်ဆောင်ပေးသင့်ပါတယ်။

    လေ့လာတွေ့ရှိချက်တစ်ခုအရ ရယ်မောခြင်းဟာဆိုရင် နာကျင်မှုကို သက်သာစေတယ်၊ နှလုံးနှင့် အဆုတ်ကိုလည်း အားကောင်းစေတယ်၊ ကြွက်သားတွေကိုလည်း ဖြေလျှော့စေတယ်၊ စိုးရိမ်ပူပန်မှုတွေကိုလည်း လျှော့ချနိုင်ပါတယ်တဲ့။

    (၃) စိတ်ကိုတည်ငြိမ်စေတဲ့ အရာတွေကိုလုပ်ပါ

    ဝင်လေ ထွက်လေ မှတ်ပြီး တရားထိုင်တာမျိုး၊ deep breathing exercises တွေဖြစ်တဲ့ ခန္ဓာကိုယ်ကို လှဲနေပြီး ၄ စက္ကန့်ကြာ လေကို ရှူသွင်း၊ ၄ စက္ကန့်ကြာ လေကိုပြန်ရှူထုတ်တဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်တာမျိုး၊ မျက်လုံးကိုမှိတ်ထားပြီး စိတ်ကူးထဲမှာ အရမ်းကိုသာယာတဲ့ နေရာတစ်ခုကို ခရီးထွက်တာမျိူး၊ စိတ်ကိုအေးချမ်းစေတဲ့ သီချင်း၊ သံစဉ်တစ်မျိုးမျိုးကို ထပ်ခါထပ်ခါ နားထောင်ပေးတာမျိုး၊ yoga ကဲ့သို့ စိတ်ငြိမ်စေတဲ့ အားကစားနည်း တစ်ခုခုကို လုပ်ဆောင်တာမျိုးတွေကို ပြုလုပ်သင့်ပါတယ်။

    ဒီလုပ်ဆောင်ချက်တွေဟာ ကောင်းမွန်တဲ့ စိတ်ခံစားမှုတွေကို ပေးစွမ်းနိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကိုလည်း ဖြစ်စေပါတယ်။

    (၄) စိတ်အပန်းပြေစေမယ့် လှုပ်ရှားမှုတွေ လုပ်ဆောင်ပါ

    အားလပ်ရက်မှာ အပန်းဖြေခရီးသွားတာ၊ ဒီခေတ်လူငယ်တွေအကြား ခေတ်စားနေတဲ့ hiking / trekking သွားတာ၊ leisure activities တွေဖြစ်တဲ့ ဘောလုံးကန်တာ၊ တန်းနစ်ရိုက်တာ၊ ရေကူးတာတို့လို့ အားကစားတွေ ပြုလုပ်တာတွေကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။

    လေ့လာတွေ့ရှိချက်များအရ ဒီအရာတွေဟာဆိုရင် ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲကနေ အာရုံပြောင်းစေနိုင်လို့ စိတ်ကျန်းမာရေးအတွက် အရမ်းကို အကျိုးရှိစေပါတယ်။

    အပေါ်မှာ ဖော်ပြခဲ့တဲ့အရာတွေဟာဆိုရင် လွယ်လင့်တကူ လုပ်ဆောင်နိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာဆိုရင် စိတ်ရော ကိုယ်ရောပါ ကျန်းမာစေဖို့ အားပေးပါတယ်။ ဒါ့အပြင် ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဘဝ၊ ပိုပြီး ငြိမ်းချမ်းတဲ့ အချိန်၊ ပိုပြီး ကောင်းမွန်တဲ့ ကျန်းမာရေး၊ ပိုပြီးခိုင်မာတဲ့ ဆက်ဆံရေးတွေကိုလည်း ယူဆောင်လာပေးနိုင်မှာသေချာလို့ မိမိကိုယ်ကို ဂရုစိုက်တတ်တဲ့ အလေ့အကျင့်လေးကို လိုက်နာကျင့်သုံးဖို့ ဒီစာလေးကတစ်ဆင့် တိုက်တွန်းလိုက်ရပါတယ်။

    ကျေးဇူးတင်ပါတယ်။

    ရေးသားသူ – May Kham Eain

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement