သင့်ဟာ စိတ်ထောင်ချောက်ထဲမှာ ပိတ်မိနေပြီလား။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သင်ဟာ အရေးကြီး အစည်းအဝေးတစ်ခုသွားရမယ့်ချိန်မှာ ကားလမ်းကြောထဲမှာ ပိတ်မိနေတယ်ဆိုပါတော့။ နာရီကိုကြည့်လိုက်၊ ဒေါသတွေထွက်လိုက်၊ မရွေ့တဲ့ကားလမ်းကြောကြီးကို အပြစ်တင်လိုက် နဲ့နောက်ဆုံး ငါတော့ အလုပ်ပြုတ်တော့မှာပဲဆိုတဲ့ စိတ်ပါဖြစ်လာတယ်။ ဒီလိုဆိုရင်တော့ သင်ဟာ သင့်ရဲ့စိတ်ထောင်ချောက် တစ်ခုထဲကို ရောက်သွားပါပြီ။ ဘာလို့လဲဆိုတော့ ကားလမ်းပိတ်လို့ နောက်ကျရုံလောက်နဲ့ မဖြစ်နိုင်တဲ့ အဆိုးရွားဆုံး အခြေအနေတစ်ခုကို စတင်တွေးမိလိုက်ပြီမို့လို့ပါ။ တကယ်တော့ ကားလမ်းပိတ်ခြင်းက သင့်ကိုစိတ်ပူပန်စေတာမဟုတ်ဘဲ ကားလမ်းပိတ်လို့ ဖြစ်လာတဲ့သင့်ရဲ့စိတ်တွေက သင့်ကို မနက်စောစောစီးစီး စိတ်ဒုက္ခဖြစ်စေတာပါ။

လူအများစုဟာ စိတ်ဖိစီးမှုတွေကို ကြုံလာရတိုင်း အကောင်းဘက်ကို လှည့်မတွေးကြဘဲ အဆိုးဘက်ကိုပဲ ပိုပြီးတွေးတတ်ကြပါတယ်။ တကယ် ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိက အကြောင်းအရာထက် ကိုယ့်ရဲ့ ဒီအဖြစ်အပျက်အပေါ်ထားတဲ့ ထင်မြင်ချက်တွေ၊ မဖြစ်လာသေးတဲ့နောက်ဆက်တွဲတွေကို ကြိုတင်ပြီးတွေးပူတာတွေဟာ ရှိရင်းစွဲ ပြဿနာထက် ပိုပြီး ဆိုးရွားနေသယောင်ထင်ရစေပါတယ်။ မကောင်းတာတစ်ခုကြုံလာပြီဆိုတိုင်း လူတွေဟာ အဆိုးဆုံးအခြေအနေတွေကို ကြိုတင်ပြီး စဉ်းစားတတ်ကြပါတယ်။ ဒါဟာ ကိုယ့်စိတ်ကိုသတ် ကိုယ့်စိတ်ကို ပျော်ရွှင်မှုကနေဝေးကွာစေတဲ့ စိတ်ထောင်ချောက်တွေပါပဲ။

ကိုယ့်ရဲ့ စိတ်ထောင်ချောက်တွေကို သိအောင်လုပ်ကြမယ်။

၁။ အစွန်းနှစ်ဖက်ကိုပဲတွေးနေတတ်ပြီလား။

အရမ်းကောင်းရင်းကောင်း၊ မကောင်းရင် လုံးဝမကောင်းဘူးဆိုတဲ့အတွေးမျိုးပေါ့။ ကိုယ့်ဘဝကို အဖြူရယ် အမည်းရယ် နှစ်မျိုးထဲရှိတယ်ဆိုပြီး သတ်မှတ်ထားတတ်ကြပါတယ်။ အမှန်တော့ ကိစ္စတော်တော်များများဟာ အလယ်အလတ် မီးခိုးရောင်နေရာမှာပဲဖြစ်နေတယ်ဆိုတာ လူတွေ မေ့နေတတ်ကြတယ်။

ဒီလိုတွေးနေပြီဆိုတာကို သိနိုင်မယ့်အချက်တွေ။

ကိုယ်စကားပြောနေတဲ့ချိန်မှာ သတိထားကြည့်ပါ။ “အားလုံး၊ အမြဲတမ်း၊ ဘယ်သူမှ၊ ဘယ်တော့မှ၊ ဘာမှမရှိဘူး” စသဖြင့် အစွန်းနှစ်ဖက်ရောက်တဲ့စကားလုံးတွေကို ထပ်ခါထပ်ခါ မာန်ပါပါနဲ့ ပြောနေမိပြီဆိုရင် စိတ်ထောင်ချောက်တစ်ခု ရောက်နေပြီဆိုတာကို ကိုယ့်ကိုယ်ကို သတိပြုမိနိုင်ပါတယ်။

၂။ သူများစိတ်ကိုဖတ်နိုင်တယ်ဆိုပြီးထင်နေတတ်သလား။

အင်တာဗျူးတစ်ခုသွားတယ်ဆိုပါတော့။ အင်တာဗျူးတဲ့သူတွေက မပြုံးမရယ် ဆက်ဆံလိုက်တယ်။ ဒါနဲ့ပတ်သက်ပြီး ကိုယ်တော့ အဲ့အလုပ်ကို မရတော့ဘူးဆိုပြီးထင်ပြီး အလုပ်ခန့်ခံရလား မခန့်ခံရလား မသိသေးဘူး ကြိုပြီး စိတ်ညစ်နေတာတွေဖြစ်တယ်။

တစ်ဖက်သူဘာတွေ တွေးနေလဲ၊ ထင်နေလဲဆိုတာကို ကိုယ်ကသိနေတယ်ဆိုပြီး ကိုယ့်ဘာကို ဖျောင်းဖျတယ်။ တကယ့်အချက်အလက်တွေကို မစဉ်းစားဘဲ ကိုယ်ယုံကြည်တဲ့၊ ကိုယ့်စိတ်ခံစားချက်ကနေဖြစ်ပေါ်လာတဲ့ ယုံကြည်မှုတွေကို တကယ့်အဖြစ်မှန်လို့ထင်လာတယ်။

သူများစိတ်ကိုဖတ်ဖို့ကြိုးစားနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။

ကိုယ့်ထင်တာ မြင်တာတွေကို အမှန်လို့ထင်လာတဲ့သူတိုင်းက ဒါမဟုတ်တဲ့ အမှန်တရားစစ်စစ်ကို လက်ခံဖို့ဝန်လေးလာကြပါတယ်။ အရှင်းဆုံးကတော့ ကိုယ့်ထင်မြင်ချက်တွေဟာ အမြဲမှန်မနေပါဘူး။ အကြောင်းအရာတစ်ခုကို ကောက်ချက်မချခင်မှာ ခိုင်လုံတဲ့ အချက်အလက်တွေကို ကြည့်ပြီး ဆုံးဖြတ်တာလား၊ ကိုယ့်ခံစားချက်ကို ကြည့်ပြီးဆုံးဖြတ်တာလားဆိုတာကို ကွဲပြားလာရင်တော့ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ပူပန်တာတွေ လျော့နည်းလာမှာဖြစ်ပါတယ်။

၃။ အဆိုးဆုံးကို ကြိုတွေးထားတယ်နေပြီလား။

စကားပုံတစ်ခုရှိပါတယ်။ “အကောင်းဆုံးကို မျှော်လင့်ထားပါ။ အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ။” ဒီစကားက အမြဲတော့မမှန်ပါဘူးနော်။ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ အဆိုးဆုံးအခြေအနေတစ်ခုကို မျှော်မှန်းထားတာဟာ မလိုအပ်တဲ့ မကောင်းသောစိတ်ခံစားချက်တွေကို ဖြစ်စေရုံမှတစ်ပါး တခြားဘာကောင်းကျိုးမှရှိနိုင်မှာ မဟုတ်ပါဘူး။

ဒီလိုတွေးနေပြီဆိုရင် ဘယ်လိုရုန်းထွက်မလဲ။

မဖြစ်သေးတဲ့အရာတစ်ခုကို ကြိုတင်တွေးပြီး ပူပန်နေမိပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ၊ ဒီလိုအဆိုးဆုံးအခြေအနေဖြစ်လာလောက်တဲ့ အဓိက အကြောင်းအရင်းကဘာလဲဆိုပြီး။ ဒီလိုမေးလိုက်ရင် ကိုယ့်ပူပန်နေတဲ့အရာတွေဟာ အခြေအမြစ်မရှိတဲ့ ပူပန်မှုတွေဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။

၄။ တစ်ကြိမ်ကျရှုံးခြင်းကို တစ်ဘဝစာလို့ထင်တာမျိုးရော ဖြစ်ဖူးပြီလား။

“ငါစာမေးပွဲကျတယ်။ ငါတော်တော်အသုံးမကျတာပဲ။” ကျရှုံးမှုတစ်ခုကိုအခြေခံပြီး ကိုယ့်ရဲ့ကျန်တဲ့ အရည်အချင်းတွေကိုပါ သုံးမရတော့ဘူးဆိုပြီး ကိုယ့်ဘာကိုယ်ကောက်ချက်ချလိုက်တာမျိုးပေါ့။

ဒါကို ဘယ်လိုလှည့်တွေးမလဲ။

မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် ကိုယ်ကိုယ့်ကို တစ်သက်လုံး အရှုံးသမားလို့ ခံယူနေပြီဆိုရင် ဒီလို ခံယူရလောက်မယ့် ကျရှုံးမှုတွေ၊ လိုအပ်ချက်တွေရှိနေပြီလားလို့ သုံးသပ်ပါ။ တစ်ကြိမ်တစ်ခါ ကျရှုံးမှုကို အကျယ်ချဲ့ပြီး ခံစားနေမိတာကို တွေ့ရပါလိမ့်မယ်။

၅။ ကိုယ့်ရဲ့အောင်မြင်မှုတွေကို အောင်မြင်မှုလို့ မခံယူနိုင်တာတွေဖြစ်နေလား။

အဖြစ်အပျက်တွေအားလုံးကို ရေစစ်နဲ့ စစ်ချမယ်ဆိုပါစို့။ ဒီလိုအတွေးရှိတဲ့လူမျိုးတွေအတွက်က ကောင်းတဲ့အတွေးတွေဟာ ရေဖြစ်ပြီးတော့ မကောင်းတဲ့အတွေးတွေဟာ အနယ်တွေဖြစ်ပြီးတော့ ရေစစ်ပေါ်မှာကျန်ခဲ့တယ်။ ဥပမာပြောရရင် ငါဒီလအတွက် အကောင်းဆုံးဝန်ထမ်းဆုရတယ်။ ဒါပေမဲ့ ဒါငါတော်လို့မဟုတ်ပါဘူး ဆိုတဲ့အတွေးမျိုးပေါ့။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ အောင်မြင်မှုတွေကို မကောင်းတဲ့အတွေးတွေ၊ ကျရှုံးမှုတွေနဲ့ ဖုံးလွှမ်းလိုက်တယ်။ ဒါဟာ မျှော်လင့်ချက်မဲ့ခြင်းကို ဖြစ်စေတယ်။

ကောင်းတဲ့ဘက်ကနေ ဘယ်လိုတွေးမလဲ။

ကိုယ့်ရဲ့အောင်မြင်မှုတွေဟာ အရေးမကြီးပါဘူးလို့ တွေးမိတိုင်း ကျရှုံးမှုတွေကရော ဘယ်လောက်အရေးပါနေလို့လဲလို့တွေးကြည့်ပါ။ ကောင်းတဲ့အတွေးတွေနဲ့ မကောင်းတဲ့အတွေးတွေနဲ့ အားပြိုင်လာရင် ကိုယ့်ကို စိတ်ချမ်းသာစေမယ့် အတွေးမျိုးကို အနိုင်ပေးလိုက်ပါ။

၆။ အပြစ်တင်တာ။

“ငါမှ ကားကိုဝပ်ရှော့ပ်ကို အချိန်မီမပို့တာ၊ ကားကပျက်မှာပေါ့။” တစ်ခါတလေကျရင် လူတွေက အရာရာကို တာဝန်ယူချင်စိတ်ပြင်းထန်တတ်ကြတယ်။ ဘယ်သူမှထိန်းချုပ်လို့်မရဘဲ ဖြစ်လာတဲ့ အခြေအနေတွေအတွက် တာဝန်ယူပြီး ကိုယ့်ဘာကို အသုံးမကျလို့ဆိုပြီးအပြစ်တင်ကြတယ်။ တချို့ကျတော့ သူများကို အပြစ်တင်တယ်။ ဒါဟာ ပျော်ရွှင်မှုကို အကြီးအကျယ် ဟန့်တားနိုင်တဲ့ စိတ်ထောင်ချောက်ပဲ။

ဒီလိုစိတ်ကို ဘယ်လိုပြင်ကြမလဲ။

ကိုယ်လုပ်ထားတဲ့ အမှားတွေအတွက် သူများကို အပြစ်တင်မိနေပြီလားစဉ်းစားပါ။ အပြစ်တင်တယ်ဆိုတာ တစ်ဖက်ကို တာဝန်ယူစေချင်တဲ့သဘောသက်ရောက်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ဘာကို အပြစ်တင်မိနေပြီဆိုရင်လည်း ဒီကိစ္စတစ်ခုအတွက် ကိုယ့်မှာ တကယ် တာဝန်ဘယ်လောက်ရှိနေလဲဆိုတာ ပြန်ဆန်းစစ်ပါ။ ကိုယ့်မတတ်နိုင်တဲ့ကိစ္စတွေကို အလွန်အကျွံတာဝန်ယူမိတာမျိုးလည်း မလုပ်မိပါစေနဲ့။

၇။ စိတ်ခံစားချက်ကနေ အခြေခံတဲ့ ကောက်ချက်ချမှုတွေလုပ်နေမိပြီလား။

“ငါ့အိမ်ထောင်ရေးက မျှော်လင့်ချက်မရှိတော့ဘူး၊ လမ်းခွဲချိန်တန်ပြီးထင်ပါရဲ့” ဒီဆက်ဆံရေးတစ်ခုက မျှော်လင့်ချက်ရှိသေးလား၊ မရှိသေးလားဆိုတာ ကိုယ့်ခံစားမှုတစ်ခုတည်းနဲ့ ဆုံးဖြတ်ရတဲ့ အရာမဟုတ်ပါဘူး။ ခံစားချက်တွေပြင်းထန်နေတဲ့အချိန်၊ ဝမ်းနည်းနေတဲ့အချိန်မှာ ကိုယ့်ခံစားရတဲ့ အရာတစ်ခုဟာ ခေါင်းထဲမှာ အမှန်လို့ထင်တတ်တယ်။

ဒီလိုအချိန်မှာ အရင်ဆုံး ကိုယ့်ခံစားချက်ကို အသိအမှတ်ပြုပါ။ “ဟုတ်တယ် ဒီအိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေရတယ်။ ဒါပေမဲ့ ဒါဟာ တကယ် အဖတ်ဆယ်လို့မရတော့တာမဟုတ်ဘူး။ ပြန်ကောင်းလာအောင် ကြိုးစားလို့ရနိုင်သေးတယ်” ဒါကသာ မှန်ကန်တဲ့ စဉ်းစားခြင်းမျိုးဖြစ်တယ်။

၈။ ကိုယ့်ဘာကိုယ် နာမည်ဆိုးတွေခေါ်တတ်နေပြီလား။

အလုပ်မှာ ဘော့စ်နဲ့ အဆင်မပြေတာတွေဖြစ်တယ်။ ဒါကို အမှားတစ်ခုလုပ်မိလိုက်တယ်လို့မစဉ်းစားပဲ ကိုယ့်ရဲ့ဖြစ်တည်မှုကပဲ မှားယွင်းနေသလိုမျိုး တွေးမြင်လာတယ်။ I did the mistake, ငါအမှားကြီးကျူးလွန်မိပြီ မဟုတ်ဘဲနဲ့ I’m the mistake ငါဟာ အမှားကြီးဆိုပြီး စဉ်းစားတယ်။ အခြေအနေတစ်ခုလုံးကို ခြုံငုံကြည့်ရမယ့်အစား မကောင်းတဲ့အပိုင်းလေးကိုပဲ အာရုံစိုက်ပြီး ဒီလူဟာ မကောင်းဘူး၊ ဒါမှမဟုတ် ကိုယ်ကိုယ့်ကို အသုံးမကျတဲ့သူလို့သတ်မှတ်လိုက်တယ်။
ဒါဟာဘာနဲ့တူလဲဆိုတော့ ဒီရုပ်ရှင်မကောင်းလို့ ဒီရုပ်ရှင်ရုံကို မသွားတော့ဘူးဆိုတဲ့ အတွေးမျိုးနဲ့တူတယ်။ တကယ်ဖြစ်သင့်တာက ခုကြည့်လိုက်တဲ့ရုပ်ရှင်မကောင်းပေမယ့် ရုပ်ရှင်ရုံကပြတဲ့ အရင်ကားတွေကတော့ ကောင်းပါတယ်ဆိုတဲ့ အတွေးမျိုးဖြစ်တယ်။

စိတ်ထောင်ချောက်တွေထဲကနေ ရုန်းထွက်နိုင်ဖို့

ဒီလိုမျိုး ကိုယ့်ကို ပျော်ရွှင်မှုနဲ့ ဝေးကွာစေနိုင်တဲ့ စိတ်ထောင်ချောက်တွေအကြောင်းကို သိရင် ကိုယ်တကယ်ဖြစ်နေတဲ့ချိန်ရောက်ရင် သတိပြုမိလာနိုင်တယ်။ နောက်တစ်ကြိမ် စိတ်ထောင်ချောက်ထဲကို ဝင်မိဖို့ဖြစ်လာတိုင်း ကိုယ်ထင်နေတာတွေမှန်ရဲ့လား၊ ကိုယ့်ကောက်ချက်ချမှုတွေဟာ ခံစားချက်ကို ဦးစားပေးလွန်းနေလားစသဖြင့် ဆန်းစစ်သုံးသပ်လာနိုင်ရင် ဘဝမှာ မလိုအပ်တဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာ လျှော့ချသွားပြီး ပျော်ရွှင်မှုနဲ့ပိုပြီးနီးစပ်လာမှာပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဒီဇင်ဘာ 4, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 5, 2019