နောက်တစ်မျိုးက ပိုးသတ်ဆေး။ ပိုးသတ်ဆေးဆိုတာမျိုးက ရောဂါသက်သာသာရုံ ခဏအပျော် သောက်လို့မရဘူးဗျ။ ဆရာဝန်တောင် ခင်ဗျားကို သေချာကြည့်ရှုစစ်ဆေးစမ်းသပ်ပြီးမှ “ သူကတော့ ဘာရောဂါပိုးရှိတာဖြစ်နိုင်တယ်….ဒါ့ကြောင့် ဘာပိုးသတ်ဆေး နဲ့ သင့်လျော်မယ်” ဆိုတာမျိုး မှန်းဆနိုင်တာ။ သေချာဖို့ဆိုရင် သွေးစစ် ဆီးစစ် စတာတွေ အများကြီးလုပ်ရသေးတယ်။ ခုတော့ စပ်ဆေးရောင်းတဲ့သူက ခင်ဗျားကို လက်နဲ့တောင် တစ်ချက်မထိဘဲ ဘာပိုးသတ်ဆေးမှန်းမသိ ထည့်ပေးလိုက်တာလေဗျာ။ “ ကံကောင်းရင် ပျောက်မှာပေါ့”လို့ ခင်ဗျား ခံငြင်းဉီးမလား။ ကံက ဘယ်တော့မှ မကောင်းဘူးဗျ။ ခင်ဗျားရောဂါပိုးနဲ့ကိုက်တဲ့ ပိုးသတ်ဆေးဖြစ်နေခဲ့ရင်တောင် ခင်ဗျားက တစ်ပွဲတိုး ၃ ခွက်စာပဲ ဝယ်ခဲ့တာမို့ ပိုးသတ်ဆေးက ဆေးပတ်မလည်ဘူးဗျာ။ ပိုးသတ်ဆေးက တိုက်စစ် ဆိုရင် ရောဂါပိုးက ခံစစ်ပဲဗျ။ ခံစစ် အသားကုန်ကောင်းနေတဲ့ အချိန်ကို တိုက်စစ် မစို့မပို့နဲ့ သွားစရင် ကိုယ့်ဘက် အသေအပျောက်များမှာ အရှင်းကြီးပဲလေဗျာ။ ဒါ့အပြင် ခံစစ်ကို သတိပေးလိုက်သလိုဖြစ်သွားပြီး နောက်တစ်ခါ ထပ်သွားတိုက်ရင် ကိုယ့်ဘက်က လက်နက်ဗိုလ်ပါ စုံရင်တောင် သူတို့က မဖြုံတော့ဘူးဗျ။ ဆေးယဉ်သွားတယ် ခေါ်တာပေါ့ဗျာ။ ဒီအရွယ် ဒီရောဂါမျိုးကို ဘယ်ပိုးသတ်ဆေးအမျိုးအစား ဘယ်လောက်အားနဲ့ တစ်နေ့ဘယ်နှကြိမ် ဘယ်နှရက် သောက်ရမယ်ဆိုတဲ့ ဗျူဟာကိုကျတော့ ဆရာဝန်မှပဲဆွဲတတ်တာ။ စပ်ဆေးဆိုင်က ကတုတ်ကျင်းတူးသမားလောက်က စစ်ဗျူဟာ မဆွဲနိုင်ဘူး။ ခင်ဗျား ခန္ဓာကိုယ်ကို ကတုတ်ကျင်းတူးသမားလက်ထဲ အပ်ရလောက်အောင်တော့ မမိုက်သင့်ပါဘူးဗျာ။
စပ်ဆေးထဲ အကိုက်အခဲပျောက်ဆေးလေးပါ ပါလာရင်တော့ စတီးရွိုက်( steroid ) လေးနဲ့ကွတ်တိဗျာ….. ၂ ခုပေါင်းပြီး ခင်ဗျား အစာအိမ်ကို ကောင်းကောင်း ဒုက္ခပေးတော့မှာပါပဲ။ အဖျားလေးကျလိုကျငြား လက်ကိုက်ကိုယ်ရောင်လေး သက်သာလိုသက်သာငြား အရက်လေးပါသောက်ထားရင်တော့ သာပြီးဆိုးမှာပါပဲ။ အကိုက်အခဲပျောက်ဆေးကလည်း အမျိုးအစားပေါင်း သောင်းခြောက်ထောင်ဗျာ။ သည်လူနာ သည်အကိုက်အခဲပျောက်ဆေးနဲ့ သင့်မသင့်ကလည်း ဆရာဝန်မှပဲ သေချာသိတာပါ။ နောက်ပြီး အကိုက်အခဲပျောက်ဆေး အများစုက သောက်တာများလာရင် အစာအိမ်တင်မက ကျောက်ကပ်ပါထိတယ်ဗျ။ စပ်ဆေးထဲ ပဲလှော်ထည့်သလို ထည့်နေတဲ့ PPI အမျိုးအစား အစာအိမ်ဆေးတစ်မျိုးကလည်း ကျောက်ကပ်ထိနိုင်တယ်ဗျာ။ တွဲပေးထားတော့ တကယ်များဖြစ်လာခဲ့ရင် မတွေးရဲစရာပါပဲဗျာ။ ၁၅၀၀ …၁၅၀၀ နဲ့စတဲ့ဇာတ်လမ်းက သိန်းချီကုန်ဖို့ လမ်းဆီ ဉီးတည်နေတာ မြင်ကြပါရဲ့နော်ဗျ။
“ဘယ်တတ်နိုင်မတုန်းဗျာ … ဆေးခန်းသွားဖို့ ပိုက်ဆံမှ မရှိတာလို့ “ ခင်ဗျား ဆင်ခြေကန်ဉီးမှာ ကျွန်တော် ကြိုသိနေတယ်ဗျ။ စပ်ဆေးဝယ်သောက်ရုံနဲ့ပျောက်မယ့် အဖျားမျိုးဆိုရင် ပါရာစီတမော အကောင်းစားတစ်ကဒ်သာ ဝယ်၊ တစ်နေ့လေးကြိမ်ထက် ပိုမသောက်နဲ့ဗျာ။ ဗမာကြက် အရိုး၊ခြေထောက်၊ခေါင်းတွေချည်းဝယ် ( ဘယ်လောက်မှ မပေးရပါဘူးဗျာ) နူးနေအောင်ပြုတ်ပြီး အရည်ကိုသောက်။ ထမင်းရည်ငှဲ့ချက် ထမင်းရည်သောက်။ ဓာတ်ဆားရည်သောက်။ ခင်ဗျားစပ်ဆေးထက် အပြန်တစ်ရာကောင်းပြီး အပြန်တစ်ရာ စိတ်ချရမယ်ဗျာ။ အဲ့ဒါမှ မပျောက်ဘူးဆိုရင်တော့ စပ်ဆေးသောက်လည်း ထူးပြီးမနိုင်ဘူးဗျ။ မုချ ဆေးခန်းပြေးရမယ့်ကိစ္စပဲ ဆိုတော့ နှစ်ခါအကုန်ခံပြီး စပ်ဆေးဝယ်သောက်မနေနဲ့တော့ဗျာ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။