
ဗိုက်ကတော့မချောင်သေးဘူး စားစရာနောက်တစ်ခုခုက ပါးစပ်ထဲရောက်နေပြီ၊ တစွတ်စွတ်နဲ့စားမိနေတာ ဗိုက်လည်းမဆာဘဲနဲ့လေ။ စားမိနေတုန်းတော့မသိသေးဘူး၊ပြန်စဉ်းစားကြည့်လိုက်ရင် တစ်နေ့တာမှာစားခဲ့မိတာ စုံလို့။ ဒီလိုစားမိတာ အစာအိမ်အတွက်ရော ခန္ဓါကိုယ်ကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ ဝိတ်တွေတက်လာမယ်၊ အစာမကြေဖြစ်မယ်၊ အစာအိမ်ကျယ်လာနိုင်တယ် စတဲ့ အကျိုးဆက်တွေရှိလာနိုင်တာပေါ့။ ဒါကို ထိန်းချုပ်ဖို့ အတွက် ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းခံတော့ သိထားဖို့လိုပါတယ်။ ဘာကြောင့် မဆာဘဲစားမိနေတာလဲဆိုတာဖြစ်နိုင်ခြေကတော့ –
စိတ်ဖိစီးမှု
စိတ်ဖိစီးတာ ကြာရှည်လာရင် ခန္ဓါကိုယ်မှာထွက်လာတတ်တဲ့cortisolဟော်မုန်းကြောင့် အစားတွေပိုစားမိတတ်တယ်။ စိတ်ဖိစီးမှုက အမြဲလက်တကမ်းမှာရှိနေတယ်ဆိုရင် အဲ့ဟော်မုန်းကမြင့်တက်နေပြီး သရေစာတွေပဲဖြစ်ဖြစ်တောက်လျှောက်စားနေမိမှာပဲ။
အားမရှိလို့
ကိုယ်က လုံလုံလောက်လောက်အနားမယူတဲ့အခါ ဆာလောင်မှုကိုဖြစ်စေတဲ့ghrelinဟော်မုန်းပမာဏကိုမြင့်တက်စေပါတယ်။ တချိန်တည်းမှာပဲ ဆာလောင်မှုနဲ့အစားစားချင်စိတ်ကိုလျော့စေတဲ့leptinဟော်မုန်းပမာဏက ကျဆင်းသွားပါတယ်။ ဒီဟော်မုန်းနှစ်မျိုးက ဆာလောင်စိတ်ကို ထိန်းချုပ်ပေးတာပါ။ အနားယူချိန်မလုံလောက်လို့ အားမရှိ၊ နွမ်းနယ်တဲ့အခါ အစာကိုပိုတောင့်တစေပါတယ်။ ဒါ့ကြောင့် ခုလေးတင်စားပြီးတယ် ထပ်စားချင်နေပြန်ပြီဆိုတာမျိုးဖြစ်လာပါတယ်။
စိုးရိမ်ပူပန်မှု
စိုးရိမ်ပူပန်စိတ်တွေက အစားအသောက်မူမမှန်ခြင်းတွေနဲ့ အရမ်းကိုသက်ဆိုင်ပါတယ်။ အများကြီးစားတာက စိုးရိမ်စိတ်တွေနဲ့ စိတ်ဖိစီးမှုတွေကိုဖြေလျှော့ဖို့ ကိုယ်ရွေးချယ်တဲ့နည်းလမ်းတစ်ခုဖြစ်နေနိုင်ပါတယ်။ မျိုးဗီဇ၊ စိတ်ကျခြင်း၊စိတ်အပြောင်းအလဲနဲ့ဆိုင်တဲ့ဝေဒနာကအစ စိတ်ဒဏ်ရာ၊ စွဲလမ်းမှုနဲ့ မူးယစ်ဆေးသုံးတာတွေအထိ တခြားအရာတွေကြောင့်လည်း စိတ်ကိုပြောင်းလဲစေပြီး အစားအသောက်မူမမှန်ဖြစ်စေနိုင်တယ်။
အပေါင်းအသင်း
တစ်ခါတလေ အဖော်ကောင်းလို့လည်း ခဏခဏစားနေမိတတ်ပါတယ်။ လူစုံတာနဲ့ ဆာလည်းစား မဆာလည်းစား၊ စားရင်းစကားပြောရင်းနဲ့ အချိန်ကုန်တတ်ကြတယ်။
အရက်
အရက်သောက်တတ်တဲ့သူတွေမှာ အစားအသောက်နဲ့ပတ်သက်တဲ့ဆင်ခြင်ချင့်ချိနိုင်စွမ်းကို ကျဆင်းစေပါတယ်။ အရက်သောက်သူတွေဟာ အဆီနဲ့အချိုများတဲ့အစားအသောက်တွေလိုမျိုး ကျန်းမာရေးနဲ့မညီတာတွေကို ပိုစားမိလေ့ရှိပါတယ်။လေ့လာမှုတွေအရတော့ အရက်သောက်ခြင်းက ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်စွမ်းနဲ့ဆိုင်တဲ့ဦးနှောက်အပိုင်းကို ထိခိုက်စေလို့ အရသာရှိတဲ့သရေစာတွေကိုငြင်းဆန်နိုင်ဖို့ခက်ခဲစေပါတယ်တဲ့။
အစားအသောက်ပုံတွေ
ဖေ့စ်ဘုတ်မှာတွေ့နေရတဲ့အစားအသောက်ပုံတွေက စားချင်စိတ်မဖြစ်ဖြစ်လာအောင် ဆွဲဆောင်နေပါတယ်။ ဒီလိုပုံတွေကြောင့်လည်း စားချင်စိတ်တွေတဖွားဖွားပေါ်လာပြီး မဆာလည်း အိမ်မှာရှိသမျှရှာစားရတဲ့အထိဖြစ်လာစေပါတယ်။
တကယ်ရောဆာလို့လား…
တကယ်ဆာလောင်မှုဆိုတာဖြည်းဖြည်းချင်းဖြစ်လာပြီး ခဏအောင့်ထားလို့လည်းရပါတယ်။ အဆာပြေအောင်စားလိုက်ရတယ်ဆိုလည်း စိတ်ကျေနပ်သွားဖို့လွယ်ပါတယ်။ စိတ်က စားချင်လာပြီး မဆင်မခြင်စားတာမျိုးက ရုတ်တရက်ဖြစ်လာတတ်ပြီး အစားအစာအမျိုးအစားတချို့ကို မက်မက်မောမောတောင့်တနေတတ်ပါတယ်။ ဗိုက်မဆာဘဲ စားမိပြီးကာမှ အပြစ်လုပ်မိသလိုလိုနောင်တရသလိုလိုဖြစ်လာရော။
မဆင်မခြင်မစားမိအောင် ဘယ်လိုလုပ်ရမလဲ
စိတ်ကိုဖြေသိမ့်နိုင်မယ့် တခြားနည်းလမ်းတွေကိုရှာပါ။ ဥပမာ အားကစားလုပ်တာ၊ တရားထိုင်တာ၊ မဖြစ်မနေစားရမယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ညီတာတွေကိုရွေးချယ်ပါ။ သူငယ်ချင်းတွေနဲ့တွေ့မယ်ဆို အစားအသောက်တွေကြားမှာမဆုံပါနဲ့။ အပြင်စာတွေ ခဏခဏဝယ်စားတဲ့အကျင့်ကိုလျှော့ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။