backup og meta

သောက်သုံးရေကပေးတဲ့ ကျန်းမာရေး

သောက်သုံးရေကပေးတဲ့ ကျန်းမာရေး

တစ်နေ့တာမှာ အာခြောက်လို့၊ မောလို့ဆိုပြီး သောက်မိနေတဲ့ရေက ရေဆာပြေရုံ၊ အမောပြေစေရုံပဲလား။ ဒီလိုမဟုတ်ပါဘူးနော်။ သင်သောက်လိုက်တဲ့ ရေတစ်ခွက်စီတိုင်းက သင့်ကျန်းမာရေးကိုရော သင့်ခန္ဓာကိုယ်ကိုပါ အများကြီးအထောက်အပံ့ပေးနေပါတယ်နော်။ ဘယ်လိုတွေများထောက်ပံ့ပေးနေလဲ။ သိချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကတဆင့် ပြောပြပေးမယ်နော်။

ခန္ဓာကိုယ်အတွက် ရေကဘယ်လောက်အတိုင်းအတာအထိအရေးပါလဲ……………

ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကိုရေနဲ့ဖွဲ့စည်းထားတာပါ။ ဒီလောက်တင်လားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မတို့နေထိုင်ရာ ကမ္ဘာမြေကြီးရဲ့ ၇၁ ရာခိုင်နှုန်းကိုလည်းရေတွေနဲ့ဖွဲ့စည်းထားတာပါ။ ထမင်းအသက် ၇ ရက် ရေအသက် တစ်မနက်ဆိုတဲ့စကားလေးကလည်း ရေက ဘယ်လောက်ထိအရေးပါကြောင်းကိုဖော်ပြနေပါတယ်နော်။

တစ်နေ့ကို ရေဘယ်နှခွက်သောက်သင့်လဲ……

သင်က ပကတိကျန်းမာနေသူတစ်ဦးဖြစ်မယ်။ ပြောချင်တာကတော့ ကျောက်ကပ်ရောဂါရှိမနေဘူးဆိုရင် တစ်နေ့ကိုအနည်းဆုံးရေ ၈ ခွက်သောက်သင့်ပါတယ်။ ဒီထက်ပိုသောက်လို့လည်းရပါတယ်။ တကယ်လို့ ကျောက်ကပ်ရောဂါရှိနေမယ်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ပေးပါ။

သောက်ရေကပေးတဲ့ ကျန်းမာရေး………….

ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တွေအကောင်းဆုံးလည်ပတ်နိုင်စေပြီး ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုပါမယ်။ ရေကခန္ဓာကိုယ်အတွက် ဘာတွေများလုပ်ပေးလဲချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

အဆစ်တွေလှုပ်ရှားရအဆင်ပြေစေတယ်

အရိုးနုလေးတွေ၊ အဆစ်တွေနဲ့ ကျောရိုးဆစ်လေးတွေထဲမှာ ရေ ၈၀ ရာခိုင်နှုန်းလောက်အထိရှိနေတာကိုတွေ့ရပါတယ်။ ဒီလိုရေတွေရှိနေတာကပဲ သင့်ကို လိုသလိုလှုပ်ရှားလို့ရအောင် အကောင်းဆုံးထောက်ပံ့ပေးနေတာပါ။ တကယ်လို့သင့်အနေနဲ့သာ ရေကိုလုံလောက်အောင်မသောက်လို့ ဒီအရိုးအဆစ်လေးတွေထဲမှာ ရေနည်းသွားမယ်ဆိုရင် အဆစ်တွေကတောင့်တင်းပြီး အဆစ်နာတာ၊ လှုပ်ရှားရအဆင်မပြေတာတွေဖြစ်လာနိုင်ပါတယ်။

တံထွေးနဲ့ အချွဲတွေကိုဖြစ်စေတယ်

တံထွေးက အစာကြေစေပြီး ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ တံထွေးထွက်လာအောင်ထောက်ပံ့ပေးတာက သောက်သုံးလိုက်တဲ့ရေကပါ။ ခံတွင်း၊နှာခေါင်း နဲ့ မျက်လုံးကို အစိုဓာတ်ရစေဖို့လည်း သောက်ရေကအကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ရေသောက်တာက ခံတွင်းကျန်းမာစေနိုင်သလို အချိုစာတွေစားတာသောက်တာကြောင့် သွားမပျက်စီးအောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်တွင်းမှာ အောက်ဆီဂျင်စီးဆင်းမှုကိုကောင်းမွန်စေနိုင်တယ်

သွေးရဲ့ ၉၀ ရာခိုင်နှုန်းကို ပါဝင်ဖွဲ့စည်းထားတဲ့အရာက ရေပါ။ သွေးကအောက်ဆီဂျင်ကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ကိုပို့ဆောင်ပေးတာပါ။ ဒါကြောင့် ရေသောက်ပေးတာက သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင်စီးဆင်းရောက်ရှိမှုကောင်းစေမှာပါ။

အသားအရေကိုကျန်းမာစေနိုင်တယ်

ရေဓာတ်မပြည့်ဝလို့ အသားတွေမွဲခြောက်တာက ပြောနေစရာမလိုအောင် သိထားပြီးဖြစ်မျာပါ။ ဒီတော့ အသားအရေကိုရေဓာတ်ဖြည့်ဖို့ဆိုရင် အစိုဓာတ်ထိန်းခရင်မ်လူးတာထက် ရေသောက်တာကပိုထိရောက်ပါတယ်။ အရေပြားပြဿနာကင်းပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေကိုကာကွယ်ဖို့ဆို ရေသောက်ပါ။

ဦးနှောက်ကိုကျန်းမာစေနိုင်တယ်

ရေဓာတ်ခမ်းခြောက်မှုက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ကောင်းမွန်ပြီး အတွေးစိတ်ကူးတွေဆန်းသစ်စေဖို့ရေသောက်ပေးပါ။ တွေးရကြပ်လာရင် ရေသောက်လိုက်ပါ။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်တယ်

ရေကို အရေပြားရဲ့အတွင်းလွှာမှာ သိမ်းဆည်းထားပါတယ်။ ခန္ဓာကိုယ်က ပူလာတဲ့အခါ ဒီသိမ်းဆည်းထားတဲ့ ရေတွေက ချွေးအဖြစ်နဲ့ထွက်လာပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးပါတယ်။ အပူရှပ်တာတွေမဖြစ်စေဖို့ဆိုရင်လည်း ရေကိုလုံလောက်အောင်သောက်သုံးဖို့လိုပါမယ်။

အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

အူမကြီးကောင်းကောင်းလုပ်ဆောင်နိုင်စေဖို့ ကရေဓာတ်လုံလောက်စွာရရှိဖို့လိုပါမယ်။ တကယ်လို့ရေဓာတ်ပြည့်ဝမှုမရှိတဲ့အခါ အစာအိမ်အက်ဆစ်တွေက ပြင်းနေတာမျိုး၊ အူတွေက အာဟာရစုပ်ယူနိုင်စွမ်းကျတာနဲ့ ဝမ်းချုပ်တာတွေခံစားရနိုင်ပါတယ်။  ရေသောက်နည်းတာက အစာမ​ကြေတာ၊ ရင်ပူတာတွေကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

ကိုယ်တွင်းကအဆိပ်အတောက်တွေဖယ်ရှားပေးတယ်

ရေက ချွေး၊ ဆီး၊ ဝမ်းတို့ကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။

သွေးပေါင်ထိန်းညှိပေးတယ်

ကိုယ်တွင်းမှာ ရေဓာတ်နည်းတာက သွေးကိုပျစ်စေပြီး သွေးပေါင်ချိန်ကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးတာကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ထိ်းညှိချင်တယ်ဆိုရင် ရေကို လုံလောက်တဲ့ပမာဏရအောင် သောက်ပါ။

အသက်ရှုလမ်းကြောင်းကျန်းမာစေနိုင်တယ်

ရေဓာတ်ခမ်းခြောက်တဲ့အခါ  အသက်ရှုလမ်းကြောင်းတလျှောက်ခြောက်သွေ့မှုတွေဖြစ်ပြီး ဓာတ်မတည့်တာနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကိုပိုဖြစ်စေနိုင်ပါတယ်။

ကိုယ်တွင်းမှာ အာဟာရဓာတ်တွေပြန့်နှံ့ရောက်ရှိမှုကိုကောင်းစေတယ်

ရေကအာဟာရဓာတ်တွေကို ပျော်ဝင်စေပြီး ခန္ဓာကိုယ်အနှံ့စီးဆင်းရောက်ရှိမှုကိုကောင်းစေပါတယ်။

ကျောက်ကပ်မပျက်စီးအောင် ကာကွယ်ပေးတယ်

ကျောက်ကပ်က ကိုယ်တွင်းအရည်ဓာတ်ကို ထိန်းညှိပေးဖို့ အဓိကတာဝန်ယူထားတဲ့ အစိတ်အပိုင်းလေးတွေပါ။ ရေသောက်နည်းတာက ကျောက်ကပ်မှာကျောက်တည်တာအပါအဝင် အမျိုးမျိုးသော ကျောက်ကပ်ပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။

ဝိတ်ကျစေနိုင်တယ်

သင်က ဝိတ်ချနေတာဆိုရင်တော့ ရေသာက်ပါလို့ပြောပါရစေ။ အကြောင်းကတော့ ရေသောက်တာက ကိုယ်အလေးချိန်ကျဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်လို့ပါ။ အစားမစားခင်ရေသောက်ခြင်းက အများကြီးမစားမိအောင်ကာကွယ်ပေးနိုင်သလို ဗိုက်ပြည့်တယ်လို့လည်း ခံစားရစေနိုင်ပါတယ်။

ကဲ..အဖိုးအခမများတဲ့ရေက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုနိုင်တယ်ဆိုတော့ ဘာမှမစဉ်းစားနဲ့တော့ အခုကစပြီး သတိလေးထားလို့ ရေကို တစ်နေ့ အနည်းဆုံး ၈ ခွက်တော့ သောက်ဖြစ်အောင်သောက်ဖို့ တိုက်တွန်းပါရစေနော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fifteen benefits of drinking water https://www.medicalnewstoday.com/articles/290814.php Accessed Date 9 December 2019

Slideshow: Foods for Healthy, Supple Skin https://www.webmd.com/beauty/ss/slideshow-skin-foods Accessed Date 9 December 2019

6 Reasons to Drink Water https://www.webmd.com/diet/features/6-reasons-to-drink-water#3 Accessed Date 9 December 2019

ယခုပုံစံ

12/09/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိုတာထက်ပိုပြီး ရေသောက်ရင်လည်း ဆိုးကျိုးဖြစ်စေနိုင်တာသိရဲ့လား

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်



Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement