ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ဆေးရုံသွားဖို့လိုမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အသေးစားထိခိုက်ဒဏ်ရာတွေကနေအိမ်မှာဂရုစိုက်ပေးရုံနဲ့တင် သက်သာပျောက်ကင်းနိုင်တယ်ဆိုပေမယ့် အကြီးစားထိခိုက်ဒဏ်ရာတွေ ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းတွေမှာသွားရောက်ကုသတာက အကောင်းဆုံးနည်းလမ်းပါ။ ဘယ်လိုထိခိုက်ဒဏ်ရာတွေရရင်ဆေးရုံဆေးခန်းသွားဖို့လိုမလဲဆိုတာကိုပြောပြပေးမယ်နော်။

ဒီလိုထိခိုက်ဒဏ်ရာတွေရရင် ချက်ချင်းဆေးရုံကိုသွားပါ

အရိုးအဆစ်တွေမှာထိခိုက်ဒဏ်ရာရရင်

အားကစားလုပ်ရင်းဖြစ်ဖြစ်၊ပြေးရင်းလွှားရင်းဖြစ်ဖြစ် မတော်တဆ အဆစ်လွဲတာမျိုး၊ အကြောတွေရောင်တာမျိုး၊ကြွက်သားတွေထိခိုက် တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဆိုရင် အမြင့်ကခုန်ချတမ်းကစားရင်း အရိုးအက်တာမျိုးတွေတောင်ဖြစ်နိုင်ပါသေးတယ်။ အရိုးတွေ၊ အဆစ်တွေထိခိုက်မိတဲ့အခါမျိုးမှာ အရေးပေါ်အနေနဲ့ ထိခိုက်မိတဲ့နေရာကိုရေခဲကပ်တာမျိုးလုပ်ပေးနိုင်တယ်ဆိုပေမယ့် နီးစပ်ရာဆေးရုံဆေးခန်းတွေကိုသွားရောက်ပြသပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ကြွက်သားတွေ၊အရွတ်တွေထိခိုက်မိသွားရင်

မတော်တဆ ကြွက်သားတွေ၊အရွတ်တွေ၊ အရိုးနုတွေမှာထိခိုက်ဒဏ်ရာရသွားရင်တော့နေအိမ်မှာပဲကုသဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး လုံလောက်တဲ့ဆေးကုသမှုကိုခံယူဖို့လိုအပ်ပါမယ်။ ကြွက်သားတွေ၊အရွတ်တွေ၊ အရိုးနုတွေထိခိုက် မိတဲ့အခါသေချာဂရုစိုက်မှပြန်လည်ကောင်းမွန်နိုင်မှာဖြစ်ပါတယ်။

ထိခိုက်မိတဲ့နေရာက သိသိသာသာကြီးရောင်ရမ်းနေမယ်ဆိုရင်ဖြစ်ဖြစ်၊ အဆစ်လွဲနေတာဆိုရင်ဖြစ်ဖြစ်၊ ထိခိုက်မိတဲ့နေရာက အရမ်းနာနေရင်ဖြစ်ဖြစ်၊ လမ်းမလျှောက်နိုင်တာ၊ ထိခိုက်မိတဲ့နေရာမှာ အညိုအမဲတွေဖြစ်လာတာ၊ ထုံကျဉ်တာ၊ ထိခိုက်မိတဲ့နေရာကသွေးထွက်တာ မျိုးတွေဖြစ်လာရင် ဆရာဝန်နဲ့ချက်ချင်းပြသပေးဖို့လိုပါလိမ့်မယ်။

ဦးခေါင်းထိခိုက်မိတာ

ဦးခေါင်းမှာထိခိုက်ဒဏ်ရာရရင် မပေါ့ဆသင့်ပါဘူး။ ဦးခေါင်းထိခိုက်ဒဏ်ရာရထားတဲ့သူမှာ အခုလိုမျိုးလက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ တတ်သိနားလည်သူနဲ့ပြသပေးဖို့လိုပါမယ်။ခေါင်းမှာထိခိုက်ဒဏ်ရာရရှိပြီး ၂၄ နာရီအတွင်း

  • ထိခိုက်ဒဏ်ရာရရှိချိန်မှာ သတိလစ်မေ့မြောသွားရင်
  • ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ ဇဝေဇဝါဖြစ်တာမျိုးရှိနေမယ်ဆိုရင်
  • ခေါင်းမူးပြီးအော့အန်တာမျိုးဖြစ်နေမယ်ဆိုရင်
  • စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုခုဖြစ်လာမယ်ဆိုရင်
  • အိပ်ရာကနေထဖို့ခက်ခဲတာ
  • အားနည်းမယ်၊ထုံကျဉ်မယ်၊စကားပြောရတာခက်ခဲလာမယ်
  • နှာခေါင်း၊နားတွေကနေသွေး ဒါမှမဟုတ် အရည်ကြည်ကြည်တွေထွက်လာမယ်
  • တက်တာမျိုးတွေခံစားရမယ်ဆိုရင်

နီးစပ်ရာဆေးရုံဆေးခန်းကိုသွားရောက်ပြသဖို့လိုပါလိမ့်မယ်။

အဆစ်လွဲသွားတာ

အဆစ်လွဲသွားတာမျိုးဆိုရင်လည်းနေအိမ်မှာကုသဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဆေးခန်း ဒါမှမဟုတ်ဆေးရုံကိုသွားပြီး ဓါတ်မှန်ရိုက်တာ၊ တတ်သိနားလည်သူတွေနဲ့ပြသပြီး ကုသမှုခံယူတာတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အဆစ်လွဲသွားတဲ့အခါ အဆစ်တွေကိုနေသားတကျဖြစ်အောင်ပြန်လည်လုပ်ဆောင်ဖို့လည်းလိုအပ်တာကြောင့်ဆေးရုံဆေးခန်းတွေကိုသွားရောက်ပြသပြီး ထိရောက်တဲ့ကုသမှုကိုခံယူဖို့ တိုက်တွန်းလိုပါတယ်။

အနာကအရမ်းရောင်နေရင်

အနာတဝိုက်မှာသွေးမတိတ်ဘဲဖြစ်နေမယ်ဆိုရင် တစ်ရှုးတွေရောင်ရမ်းနေတာမျိုးဖြစ်နိုင်ပါတယ်။ အနာကအရမ်းမပြင်းထန်ရင်တော့ရောင်ရမ်းတာကသိပ်မဆိုးပါဘူး။ ဒါပေမယ့် ထိခိုက်မိတဲ့နေရာက အရမ်းရောင်နေမယ်ဆိုရင်တော့ အဆစ်တွေမှာပြင်းပြင်းထန်ထန်ထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေမယ်ဆိုရင်တော့ဆေးရုံကိုသွားရောက်ပြသဖို့လိုပါလိမ့်မယ်။

အရိုးနားထိရောက်အောင်ထိခိုက်မိတာ

ထိခိုက်မိတဲ့ဒဏ်ရာက အရိုးနားထိအောင်နက်သွားတာမျိုး အရိုးကိုထိသွားတာမျိုးဖြစ်မယ်ဆိုရင် တတ်သိနားလည်သူတွေနဲ့သွားရောက်ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ အနာကပြင်းထန်ရင်ချက်ချင်းကုသမှုခံယူဖို့လိုပါမယ်။ အနာကတစ်ခုခုနဲ့ ထိုးစိုက်တာမျိုးဖြစ်မယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြီး ထိုးစိုက်မိတဲ့အရာတွေကိုဖယ်ရှားဖို့လိုအပ်ပါမယ်။ အနာကိုပိုးဝင်တာမျိုး၊အနာရင်းတာမျိုးမဖြစ်အောင်လည်းသေချာဂရုစိုက်ကုသဖို့လိုပါလိမ့်မယ်။

အနာကတော်တော်နဲ့သွေးမတိတ်ရင်

အနာကအရမ်းမကြီးပေမယ့် ထိခိုက်ဒဏ်ရာရပြီးတော်တော်ကြာတဲ့အထိသွေးမတိတ်ပဲဖြစ်နေမယ်ဆိုရင် တစ်ရှုးတွေထိခိုက်သွားတာမျိုးဖြစ်နိုင်သလိုသွေးကြောကိုထိမိတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီး ၅ မိနစ်ကနေ ၁၀ မိနစ်ကြာတဲ့အထိသွေးမတိတ်ဘူးဆိုရင်တော့ဆေးရုံ (သို့မဟုတ်) နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသဖို့လိုပါမယ်။

အာရုံကြောကိုထိခိုက်မိတာမျိုးဆိုရင်

ထိခိုက်ဒဏ်ရာရပြီးတဲ့အခါ ထုံကျဉ်နေမယ်၊ တဆစ်ဆစ်နာနေမယ်၊ ထိခိုက်မိတဲ့ဒဏ်ရာနားတဝိုက်က ကြွက်သားတွေကအားမရှိသလိုဖြစ်နေမယ်ဆိုရင် အာရုံကြောထိခိုက်မိတာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေလှုပ်ရှားလို့မရတာမျိုးခံစားရနိုင်ပါတယ်။

အခုပြောပြခဲ့တဲ့ ထိခိုက်ဒဏ်ရာမျိုးတွေဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားရောက်ပြသတာက အကောင်းဆုံးပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 5, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။