backup og meta

ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ


Aye Thi Mon မှ ရေးသားသည်။ · 14/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံသားနဲ့ဦးရေပြား ကို ထိန်းသိမ်းပါ

    ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယ မျက်နှာပါ။ လှပမှုအတွက် မျက်နှာလေး လှပဖို့လိုသလို ဆံသား ကျန်းမာသန်စွမ်းဖို့လည်း လိုပါမယ်။ ဆံသား ကျန်းမာသန်စွမ်းဖို့ ဆိုတဲ့နေရာမှာလည်း ဆံသားနဲ့ဦးရေပြား ကျန်းမာရေးကို စောင့်ရှောက်ဖို့ လိုပါမယ်။

    ဒီတစ်ခေါက်တော့ ကျန်းမာတဲ့ ဦးရေပြားနဲ့ သန်စွမ်းလှပတဲ့ ဆံသားရရှိစေဖို့ ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

    ဆံသားနဲ့ဦးရေပြား ကို ဂရုစိုက်ပါ

    ဆံသားနဲ့ဦးရေပြား ကိုလည်း မျက်နှာအသားအရေလိုပဲ စောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါမယ်။ အကြောင်းကတော့ ဦးရေပြား ကျန်းမာမှ ဆံသားလည်း ကျန်းမာမှာပါ။ ဒါကြောင့် ဦးရေပြားနဲ့ ဆံသား ကျန်းမာစေဖို့ဆိုရင်

    ခေါင်းပုံမှန်လျှော်ပါ

    ခေါင်းပုံမှန်လျှော်ပါ ဆိုတာက နေ့တိုင်း ခေါင်းလျှော်ဖို့ ပြောတာမဟုတ်ပါဘူး။ ဆံပင်တွေနဲ့ဦးရေပြားကို တစ်ပတ် ၂ ကြိမ်လောက် ပုံမှန် လျှော်ပေးဖို့ပါ။ ဒါမှ ဦးရေပြား ကျန်းမာပြီး ဆံသား သန်စွမ်းစေမှာပါ။

    ခေါင်းကို အလွန်အကျွံလျှော်တာမျိုးကလည်း ဦးရေပြားနဲ့ဆံသားကို ထိခိုက်စေနိုင်တာကြောင့် တစ်ပတ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်က အသင့်တော်ဆုံးပါ။

    သဘာဝ ခေါင်းလျှော်ရည်ကို သုံးပါ

    ခေါင်းလျှော်ဖို့အတွက် ခေါင်းလျှော်ရည် အသုံးပြုတဲ့အခါ ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ခေါင်းလျှော်ရည်တွေက ဆံသားတွေမှာ အဆီမကျန်အောင် ပြောင်စင်သွားတယ်လို့ ထင်ရပေမယ့် ဆံသားနဲ့ ဦးရေပြားကို ထိခိုက်စေနိုင် ပါတယ်။

    ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ရံဖန်ရံခါ သဘာဝ ခေါင်းလျှော်ရည်ကို သုံးပါ၊ တလျှော် ကင်ပွန်းသီးလိုမျိုး သဘာဝခေါင်းလျှော်ရည်ကို သုံးလို့ရသလို သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးဆိုလည်း အဆင်ပြေပါတယ်။

    ဦးရေပြားက ဆဲလ်သေတွေကို ဖယ်ရှားပါ

    မျက်နှာပေါ်က ဆဲလ်သေတွေကိုပဲ ဖယ်ရှားဖို့ လိုအပ်တာ မဟုတ်ပါဘူး။ သန်စွမ်းလှပတဲ့ ဆံသား ရရှိစေဖို့အတွက် ဦးရေပြား ကျန်းမာစေဖို့ ဦးရေပြားက ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါမယ်။

    ဒါမှ ဦးရေပြားက လိုအပ်တဲ့ အာဟာရကို ပြည့်ဝစွာ စုပ်ယူနိုင်ပြီး သွေးစီးဆင်းမှု ကောင်းစေမှာပါ။ ဒါကြောင့် ဦးရေပြားက ဆဲလ်သေတွေကို တစ်ပတ်တစ်ခါ ပုံမှန် ဖယ်ရှားဖို့ လိုပါမယ်။

    ဦးရေပြားကို နှိပ်နယ်ပါ

    ဦးရေပြားကို နှိပ်နယ်တာက သွေးစီးဆင်းမှု ကောင်းစေပြီး ဆံသားတွေကို ကျန်းမာသန်စွမ်းစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ခါနီးတိုင်း ဒါမှမဟုတ် တစ်ပတ်ကို ၃ ကြိမ်လောက် ဦးရေပြားကို ပုံမှန် နှိပ်နယ်ပေးပါ။

    အာဟာရ ဖြည့်ပါ

    ဆံသားနဲ့ ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝဖို့ကလည်း ဆံသားနဲ့ဦးရေပြား ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ဆံသားနဲ့ဦးရေပြားကိုလည်း သဘာဝအဆီတွေ လိမ်းတာကစလို့ အခြားသော အာဟာရဖြည့် ပစ္စည်းတွေ အသုံးပြုတာတွေကို ပုံမှန် လုပ်ပေးပါ။

    ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပါ

    ဆံပင်ကို လျှော်ပြီးတဲ့အခါ dryer နဲ့ အခြောက်ခံတာက ဆံသားကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ဆံပင်ကို သဘာဝအတိုင်း အခြောက်ခံပေးပါ။ Dryer သုံးမယ်ဆိုရင်လည်း ဆံပင်နဲ့ ၆ လက်မ ခွာပြီး မှုတ်ပါ။ အပူချိန် မပြင်းပါစေနဲ့။

    ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့

    ခေါင်းလျှော်ပြီးတဲ့အခါ ရေစင်အောင်ဆိုပြီး တဘက်တွေနဲ့ ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သုတ်လေ့ရှိပါတယ်။ ဒီလို လုပ်တာက ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေကို ခပ်ကြမ်းကြမ်း မသုတ်ပါနဲ့။

    Takeaways

    ဆံသား နဲ့ ဦးရေပြားဟာလည်း အသားအရေလိုပဲ ထိန်းသိမ်းဖို့ လိုတာကြောင့် အပေါ်က အချက်တွေကို သေချာလေး လိုက်နာဖို့ လိုပါမယ်။ ဒါမှ ဗောက်ထတာ၊ ဆံပင်ကျွတ်တာ အပါအဝင် ဆံသားနဲ့ ဦးရေပြားပြဿနာ ကင်းမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement