backup og meta

ဆံသားနဲ့ ဦးရေပြားအတွက် Botox ပေါင်းတင်ဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံသားနဲ့ ဦးရေပြားအတွက် Botox ပေါင်းတင်ဆေး

    Botox ကို အသားအရေ အရမ်း ဂရုစိုက်တတ်တဲ့သူတွေ တော်တော်များများ သိထားကြမှာပါ။ အရေးအကြောင်းတွေကို ပြေလျော့စေဖို့၊ ငယ်ရွယ်နုပျိုစေဖို့၊ အသားအရေ တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Botox ဆေးတွေ ထိုးကြပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ အရေပြားတွေအတွက် Botox ထိုးလို့ ရသလို ဆံသားနဲ့ ဦးရေပြားအတွက် သီးသန့် Botox ဆေးတွေလည်း ရှိပါတယ်။ ဆေးအမျိုးအစားရော သုံးပုံသုံးနည်းရော မတူပေမဲ့ အသက်အရွယ်ကြောင့် ဆံပင်ကျွတ်လာတာ၊ ဦးရေပြား လျော့တိလျော့ရဲ ဖြစ်လာတာမျိုးကို ကာကွယ်ပေးဖို့အတွက် အသုံးပြုကြပါတယ်။

    ဘာကွာခြားမှု ရှိလဲ။

    အရေပြားမှာ အသုံးပြုတဲ့ Botox ထိုးဆေးလိုမျိုးတော့ Botulinum Toxin ဆိုတဲ့ အဓိက ပစ္စည်းတစ်မျိုး မပါဝင်ပါဘူး။ သူ့ကို Botox လို့ ခေါ်ရခြင်းဟာ အရေပြားမှာ အသုံးပြုတာနဲ့ ရည်ရွယ်ချက်ချင်း၊ အကျိုးအာနိသင်ချင်း တူညီတာကြောင့်ပဲ ဖြစ်ပါတယ်။

    ဆံသားအတွက် Botox က ဘယ်လိုမျိုးလဲ။

    ဦးရေပြားရဲ့ အနက်ရှိုင်းဆုံး အလွှာထိ ပေါင်းတင်ပေးတဲ့ နည်းလမ်းဖြစ်ပြီး ကျိုးကြေနေတဲ့ ဆံသားတွေကို ပြန်လည်ပြုပြင်ပေးတယ်၊ ဆံပင် ပါးနေတဲ့ နေရာတွေမှာ ဆံပင် ပြန်ပေါက်လာစေဖို့ အာဟာရဓာတ်တွေ၊ အစိုဓာတ်တွေကို ဖြည့်တင်းပေးတယ်၊ ဆံသားတွေကိုလည်း ပြောင်လက်ပြီး အရောင်စိုစိုလေး ဖြစ်စေပါတယ်။ ကိုယ် အသုံးပြုတဲ့ တံဆိပ်ပေါ် မူတည်ပြီး ပါဝင်ပစ္စည်းတွေကတော့ အနည်းငယ် ပြောင်းလဲမှု ရှိနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဆံသားအတွက် လိုအပ်တဲ့ ဗီတာမင် B-5 ၊ ဗီတာမင် E နဲ့ ကော်လဂျင်ဓာတ်တွေ၊ သဘာဝ အဆီအနှစ်တွေ ပါဝင်ပါတယ်။

    ဘယ်သူတွေ အသုံးပြုသင့်လဲ။

    အသက်အရွယ် မရွေး၊ ကျား မ မရွေး အသုံးပြုနိုင်ပါတယ်။ အဓိက အသုံးပြုသင့်တဲ့ သူတွေကတော့

    • ဆံပင်နှစ်ခွ ဖြစ်တာ

    • ဆံပင်အုံ သို့မဟုတ် ထု အရမ်းပါးတာ

    • ဆံသား ပျက်စီး ကျိုးကြေတာ

    • ဆံပင်တွေ လိမ်ကောက်နေတာ

    • ဆံသားကို လုံးဝ ဖြောင့်စင်းနေချင်သူတွေ အသုံးပြုသင့်ပါတယ်။

    ဘယ်လို ဦးရေပြားမဆို၊ ဆံပင် အကောက်၊ အဖြောင့်၊ ဆေးဆိုး၊ ဆေးချွတ်ထားရင်လည်း အသုံးပြုလို့ ရပါတယ်။

    ဘယ်လို အသုံးပြုရတာလဲ။

    များသောအားဖြင့်တော့ ဆံသဆိုင်ကြီးတွေမှာ ဆံပင်အတွက် Botox ပေါင်းတင်လို့ ရသလို ကိုယ့်ဘာသာ ပစ္စည်းဝယ်ပြီး အိမ်မှာ လုပ်လို့လည်း ရပါတယ်။ ဆေးထိုးရတာမျိုး မဟုတ်ဘဲ ပေါင်းဆေးကို ဦးရေပြားပေါ် တိုက်ရိုက်တင်ပြီး ဆံသားတွေ အမျှင်လိုက်ကို နှံ့စပ်စွာ လိမ်းပြီး နှိပ်နယ်ပေးရတာပါ။

    စစချင်းမှာတော့ ဆံသားမွေးညှင်းပေါက်တွေ ပွင့်စေဖို့ ခေါင်းအရင် လျှော်ပေးဖို့ လိုပါတယ်။ ပြီးသွားမှသာ စိုနေတဲ့ ဆံသားပေါ်ကို Botox ပေါင်းဆေးနဲ့ ဦးရေပြား၊ ဆံပင် အရင်းမှ အဖျားထိ နှံ့စပ်စွာ လိမ်းပြီး နှိပ်နယ်ပေးရမှာပါ။ ကိုယ့်ရဲ့ ဆံပင် အမျိုးအစားပေါ် မူတည်ပြီး အနည်းဆုံး မိနစ် ၂၀ မှ အများဆုံး မိနစ် ၉၀ ထိ ကြာမြင့်နိုင်ပါတယ်။

    အဲ့ဒါပြီးသွားတဲ့အခါ ပေါင်းဆေးကို ရေနဲ့ ပြောင်စင်အောင် ဆေးပြီးမှ ဆံပင်ဖြောင့်စင်းအောင် လုပ်ပေးလို့ ရသလို ရေမဆေးဘဲနဲ့ ဒီအတိုင်း ခြောက်အောင် ထားပြီး ဆံသားဖြောင့်စက်နဲ့ ပြုပြင်တာမျိုးလည်း ရှိပါတယ်။ ပေါင်းဆေးရဲ့ အာနိသင်ကို ဆံပင်ခြောက်သွားတာနဲ့ ကိုယ်တိုင် မြင်တွေ့ခံစားနိုင်မှာပါ။ ဆေးအာနိသင်ဟာ ၂လမှ ၄လထိ ပျမ်းမျှအားဖြင့် ကြာမြင့်နိုင်ပါတယ်။

    ဘေးအန္တရာယ်ကင်းလား။

    လက်ရှိအခြေအနေအရတော့ Botox ဆံသား ပေါင်းတင်နည်းဟာ အန္တရာယ်ကင်းတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဦးရေပြား အနည်းငယ် ယားယံတာ၊ ပေါင်းဆေးမှာ ပါဝင်တဲ့ ဓာတ်ပစ္စည်းနဲ့ ဦးရေပြား ဓာတ်မတည့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဆံသားပျက်စီးစေတဲ့အထိမျိုး၊ ဘေးအန္တရာယ် ကြီးကြီးမားမား ဖြစ်စေတာမျိုးတော့ မရှိပါဘူး။

    ဒီပေါင်းတင်နည်းလမ်းကို အသက်အရွယ်၊ ကျား မ မရွေး လုပ်လို့ရတယ်ဆိုပေမယ့် ကုန်ကျစရိတ်ကတော့ အနည်းနဲ့ အများ ကျသင့်နိုင်ပါတယ်။ ဒါကြောင့် မလုပ်ခင်မှာ သေချာစဉ်းစားပြီးတော့ ကိုယ့်အတွက် မဖြစ်မနေ လိုအပ်တယ်ဆိုမှသာ ပေါင်းတင်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement