ဘိုတော့စ် ကုသမှုအပြီး, မိမိကိုယ်ကိုယ်, ဂရုစိုက်နည်းများ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Botox ကုသမှု အသုံးပြုခြင်းဟာ အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အသားအရေကို နုပျိုစေပါတယ်။ ဒီကုသမှုဟာ ရှုပ်ထွေးမှုမရှိပဲ အချိန်ကြာမြင့်ခြင်းလည်း မရှိပါဘူး။ Botox ထိုးခြင်းရဲ့ အာနိသင်ဟာ သုံးလကနေ လေးလအထိ ကြာမြင့်နိုင်ပြီး တစ်ခါတစ်ရံခြောက်လ အထိလည်း ကြာမြင့်နိုင်ပါတယ်။

အကောင်းဆုံး အစွမ်းတွေကို ရရှိဖို့အတွက် Botox ကုသမှု ပြုလုပ်ပြီးချိန်မှာ ဂရုစိုက်ရမယ့်အချက်တွေကို သိထားဖို့ လိုအပ်ပါတယ်။ အောက်ဖေါ်ပြပါ အချက် ၇ ချက်ကတော့ Botox ထိုးအပြီး သင်စဉ်းစားသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း အသင့်အတင့်လုပ်ပါ။

Botox ထိုးပြီး ပထမတစ်နာရီမှာ ထိုးထားတဲ့နေရာကို မျက်နှာလေ့ကျင့်ခန်းတွေ ဖြည်းညင်းစွာလုပ်သင့်ပါတယ်။ ပြုံးခြင်း၊ မျက်မှောင်ကြုံ့ခြင်း၊ မျက်ခုံးပင့်ခြင်း၊ မျက်စိစွေကြည့်ခြင်းတွေ ပြုလုပ်သင့်ပါတယ်။ ဒါဟာ Botox ကြွက်သားအတွင်း ပြန့်သွားခြင်းကို ကူညီပေးပြီး မျက်နှာ ကြွက်သားတင်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

မျက်နှာကို ပွတ်ခြင်းကို ရှောင်ကျဉ်ပါ။

ကုသမှုအပြီး နှစ်နာရီကနေ သုံးနာရီအထိ မျက်နှာကို ဖြည်းညင်းစွာ သစ်သင့်ပြီး ပွတ်ခြင်း၊ နှိပ်ခြင်း လုပ်ခြင်းကနေ ရှောင်ကျဉ်သင့်ပါတယ်။ Botox တွေဟာ မလိုလားအပ်တဲ့နေရာတွေကို ရောက်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ သင့်လက်တွေဟာ ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေပါတယ်။

တကယ်လို့ သင်ဟာ ထိုးထားတဲ့နေရာကို ဆက်တိုက် ထိမယ်ဆိုရင် ရောဂါပိုးဝင်နိုင်ပါတယ်။ တကယ်လို့ အိပ်မယ်၊ လှဲမယ်ဆိုရင် Botox ထိုးထားတဲ့နေရာကို ဖိမအိပ်သင့်ပါဘူး။ ပက်လက်အိပ်ခြင်းဟာ Botox တွေ ပြန့်နှံ့သွားခြင်းကနေ လျှော့ချပေးနိုင်ပါတယ်။

နာကျင်မှုသက်သာစေတဲ့ဆေးတွေကို သေချာစွာ အသုံးပြုပါ။

လူအချို့ဟာ ကုသမှုအပြီးမှာ နာကျင်မှုတွေကို ခံစားရနိုင်ပါတယ်။ ခေါင်းကိုက်ခြင်းနဲ့ ခဏတာ မျက်နှာ နာကျင်မှုတွေဟာ အဖြစ်အများဆုံး ဆိုးကျိုးနှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ aspirin နဲ့ ibuprofen တွေကို နာကျင်မှုသက်သာစေဖို့ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။ တကယ်လို့ နာကျင်မှု ပိုဆိုးလာတယ်ဆိုရင် ဆရာဝန်ကိုပြသပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးကို သောက်သင့်ပါတယ်။

အညိုအမဲစွဲခြင်းတွေကို လျှော့ချပါ။

Botox ထိုးအပြီးမှာ အညိုအမဲတွေ ပေါ်လာတတ်ပြီး ရက်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။ သူတို့ဟာ ပုံမှန် ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် စိတ်မပူသင့်ပါဘူး။ ဒါဆို သူတို့ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ။

ရေခဲကို ကုသထားတဲ့နေရာတွေကို ကပ်ပေးခြင်းဟာ Botox ထိုးထားတဲ့နေရာမှာ အညိုအမဲစွဲခြင်းကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ vitamin K နဲ့ arnica လိမ်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။

အခြားမျက်နှာကုသမှုတွေကို ရွှေ့ဆိုင်းပါ။

တကယ်လို့ အခြားမျက်နှာကုသမှုတွေဖြစ်တဲ့ microdermabrasion နဲ့ chemical peels တွေကို လုပ်လိုတယ်ဆိုရင် Botox ထိုးပြီး အနည်းဆုံး ၂၄ နာရီကြာမှ ပြုလုပ်သင့်ပါတယ်။ Botox ထိုးအပြီး ပထမ ၄၈ နာရီအတွင်း အခြား skin care ထုတ်ကုန်တွေကို သုံးစွဲဖို့ စိတ်ချရလားဆိုတာ သင့်ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်းကို ကန့်သတ်ပါ။

အချို့ဆရာဝန်တွေက လေ့ကျင့်ခန်းလိုအပ်မှုကို အငြင်းပွားကြပေမယ့် ကုသမှုအပြီး ပထမ တစ်ရက်နှစ်ရက်အတွင်း ပြင်းထန်တဲ့လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ တကယ်လို့ Botox ကို မေးစေ့၊ လည်ပင်းစေရှိတဲ့နေရာတွေမှာ ထိုးထားတယ်ဆိုရင် ဒါတွေကို နေရာရွေ့သွားပြီး လည်ချောင်းပိတ်နိုင်ကာ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

အရက်ကို ရှောင်ကျဉ်ပါ။

Botox ကုသမှုအပြီး နောက်ပိုင်းရက်တွေမှာ အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကျဉ်သင့်ပါတယ်။ အရက်ဟာ သင့်ယေဘုယျကျန်းမာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရေပြား ရောင်ရမ်းခြင်း၊ ရေဓါတ်ခန်းခြောက်ခြင်းဖြစ်စေပြီး အရေပြားကို လျော့ရဲစေနိုင်ပါတယ်။ အရက်ဟာ Botox ရဲ့ အာနိသင်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

တကယ်လို့ သင်က Botox ထိုးအပြီး သေချာ ဆက်တိုက်ဂရုစိုက်တယ်ဆိုရင် အာနိသင် အပြည့်အဝရနိုင်ပါတယ်။ ဒါ့ပြင် တကယ်လို့ Botox နဲ့ ဆက်နွယ်နိုင်တဲ့ ဆိုးကျိုးတွေကိုတွေ့ပြီဆိုရင်တော့ ဆရာဝန်ကို ဆက်သွယ်ပြီး ကျန်းမာရေးအကြံဉာဏ် တောင်းခံသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Share now :

တည်းဖြတ်သည့်နေ့ အောက်တိုဘာ 31, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

ရင်းမြစ်များ