backup og meta

လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း

    လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း လေ့လာလိုက်ရအောင်နော်။ လက်တို့စ် ဆိုတာ နို့တိုက်တိရစ္ဆာန်တွေဆီက ထွက်လာတဲ့ နို့ထဲမှာ သဘာဝအလျောက်ပါဝင်တဲ့ သကြားဓာတ် ဖြစ်ပါတယ်။ အဆိုပါ သကြားဓာတ်ကို လက်တေ့စ်လို့ခေါ်တဲ့ အင်ဇိုင်းကနေ ချေဖျက်ပါတယ်။ အဆိုပါအင်ဇိုင်းချို့တဲ့ရင် လက်တို့စ်ကို မချေဖျက်နိုင်တော့တဲ့အခါ ဝမ်းပျက်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ရောဂါလက္ခဏာတွေ ပေါ်လာပါတယ်။

    ဒီပြဿနာကြောင့် လူတချို့ဟာ နွားနို့အပါအဝင် နို့များကို ရှောင်ကြဉ်လာရပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ လက်တို့စ်မပါဝင်တဲ့နို့တွေ ထုတ်လုပ်လာကြပါတယ်။ ဒါဟာ လက်တို့စ်မချေဖျက်နိုင်ခြင်း (Lactose intolerance) ကြောင့် ကြုံလာရမယ့် ဝေဒနာတွေကို ကာကွယ်လာနိုင်ပါတယ်။ ဒါပေမယ့် လူအများဟာ လက်တို့စ်မပါတဲ့နွားနို့ဆိုတာ ဘယ်လိုမျိုးလဲ၊ ပုံမှန်နွားနို့နဲ့ ဘာကွာသလဲ၊ သုဲးစွဲဖို့ သင့်မသင့် သေချာစွာ မသိကြသေးပါဘူး

    ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ လက်တို့စ်မပါတဲ့နို့နဲ့ ပုံမှန်နွားနို့အကြား ဘာကွာခြားသလဲ ဆိုတာပါပဲ။

    လက်တို့စ်မပါသော နွားနို့ (Lactose free milk) အကြောင်း

    လက်တို့စ်မပါသော နွားနို့ အကြောင်း ဘာတွေသိထားဖို့ လိုမလဲ။

    လက်တို့စ်မပါတဲ့နို့ဆိုတာ ဘယ်လိုမျိုးလဲ

    သဘာဝနို့မှာပါဝင်တဲ့ လက်တို့စ်ကို ဖယ်ထုတ်ပြီး ထုတ်လုပ်ထားတဲ့ နို့အမျိုးအစားပဲ ဖြစ်ပါတယ်။ ထုတ်လုပ်သူများအနေနဲ့ ပုံမှန်နွားနို့ထဲကို လက်တေ့စ်အင်ဇိုင်းပေါင်းထည့်ပြီး လက်တို့စ်မပါတဲ့နွားနို့ကို ထုတ်လုပ်ပါတယ်။ လက်တေ့စ်အင်ဇိုင်းကနေ လက်တို့စ်သကြားဓာတ်ကို ချေဖျက်လိုက်ခြင်းအားဖြင့် ကိုယ်ခန္ဓာထဲမှာ လက်တို့စ်မချေဖျက်နိုင်တဲ့ ဝေဒနာတွေ ဖြစ်မလာစေတော့ပါဘူး။

    ဒီနည်းနဲ့ထုတ်လုပ်လိုက်တဲ့ လက်တို့စ်မပါတဲ့ နွားနို့ဟာ ပုံမှန်နွားနို့အတိုင်း အနံ့အရသာ၊ အာဟာရဓာတ် တူညီပါတယ်။ ပုံမှန်နွားနို့တွေလိုပဲ သောက်သုံးနိုင်ပါတယ်။

    လက်တို့စ်မပါတဲ့နွားနို့မှာ လက်တို့စ်ကိုချေဖျက်နိုင်ဖို့ လက်တေ့စ်ကို ထည့်သွင်းထားပေမယ့် တခြားအာဟာရဓာတ်တွေဟာ ပုံမှန်အတိုင်း ကြွယ်ဝပါတယ်။ ပရိုတိန်းဓာတ်လည်း များစွာကြွယ်ဝပြီး နွားနို့တစ်ခွက် (၂၄၀ မီလီလီတာ)မှာ ပရိုတိန်း ၈ ဂရမ် ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်စ်၊ ဗီတာမင် B12၊ ဗီတာမင် B2 စတဲ့ တခြားအာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။ နွားနို့အများစုမှာပါဝင်တဲ့ ဗီတာမင် D လည်း ကြွယ်ဝပြီး သွားနဲ့အရိုးများ သန်စွမ်းကြံ့ခိုင်စေဖို့၊ ကလေးများ ပုံမှန်ဖွံ့ဖြိုးကြီးထွားဖို့ အထောက်အကူ ပြုပါတယ်။

    လူအများစုဟာ လက်တို့စ်ကို ချေဖျက်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ဒါပေမယ့် လူသားများရဲ့ ၇၅ရာခိုင်နှုန်းဟာ အသက်ကြီးရင့်လာတာနဲ့အမျှ လက်တို့စ်ချေဖျက်နိုင်စွမ်း လျော့ကျလာတတ်ပါတယ်။ အဆိုပါအခြေအနေမှာ နွားနို့သောက်ပြီးချိန် ဗိုက်အောင့်ခြင်း၊ လေပွလေထခြင်း၊ ဝမ်းပျက်ခြင်း၊ လေချဉ်တက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လက်တေ့စ်ထည့်သွင်းထားတဲ့ နွားနို့များဟာ လက်တို့စ်ချေဖျက်နိုင်စွမ်းကျဆင်းလာသူတွေအတွက် ကောင်းစွာ အထောက်အကူ ပြုပါတယ်။

    • အရသာ ပိုမိုကောင်းမွန်ခြင်း

    လက်တို့စ်ကင်းစင်တဲ့ နွားနို့နဲ့ ပုံမှန်နွားနို့ကြား သိသာတဲ့ကွာခြားချက်ကတော့ အရသာပါပဲ။ လက်တို့စ်ကင်းစင်နွားနို့မှာ ထည့်သွင်းလိုက်တဲ့ လက်တေ့စ်ဟာ လက်တို့စ်ကို ဂလူးကို့စ်နဲ့ ဂလက်တို့စ်အဖြစ် ဖြိုခွဲပါတယ်။ အဆိုပါ ဖြိုခွဲပြီးထွက်လာတဲ့ သကြားဓာတ်တွေဟာ ပုံမှန်နွားနို့မှာထက် ချိုတဲ့အရသာကို ပေးပါတယ်။ တခြား အာဟာရဓာတ်တွေတော့ သိသိသာသာ ပြောင်းလဲခြင်း မရှိပါဘူး။

    …………………………………

    အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ လက်တို့စ်မပါတဲ့ နွားနို့ကို ပုံမှန်နွားနို့နေရာမှာ အစားထိုးသုံးစွဲနိုင်ပါတယ်။ အာဟာရဓာတ် မကွာခြားတဲ့အပြင် အရသာပိုကောင်းတာကို တွေ့နိုင်မှာဖြစ်ပါတယ်။ လက်တို့စ်မချေဖျက်နိုင်သူများအပြင် ပုံမှန်လူအများလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 12/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement