သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

လူကြီးတွေ အာဟာရမချို့တဲ့အောင် ကာကွယ်နိုင်ဖို့

အာဟာရချို့တဲ့တယ်ဆိုတာ ကိုယ်စားလိုက်တဲ့အစားအစာတွေကနေ အာဟာရဓါတ်အပြည့်အဝမရရှိတာ ဖြစ်ပါတယ်။ အာဟာရဓါတ်တွေဆိုတာ ခန္ဓါကိုယ်ကို အားဖြစ်စေမယ့် အဆီဓါတ်၊ ကာဗိုဟိုက်ဒရိတ်၊ပရိုတင်း၊ ဗီတာမင်တွေနဲ့သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ ဒီဓါတ်တွေက ခန္ဓါကိုယ်ကိုကြီးထွားစေ၊ တစ်ရှူးတွေပြန်လည် ကောင်းမွန်စေပြီး အသက်ရှူနှုန်း၊နှလုံးခုန်နှုန်းတို့လို လုပ်ငန်းစဉ်တွေကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးပါတယ်။

အာဟာရချို့တဲ့ခြင်းဟာ သက်ကြီးပိုင်းအရွယ်တွေအတွက် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တာကြောင့် ကိုယ်ချစ်ခင်ရတဲ့မိဘတွေကို အာဟာချို့တဲ့သူမဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက် အာဟာရချို့တဲ့မှုလက္ခဏာတွေကိုသိထားသင့်ပါတယ်။

အာဟာရချို့တဲ့လာစေတဲ့အကြောင်းရင်း

အာဟာရချို့တဲ့မှုရဲ့အကြောင်းရင်းတွေကအမျိုးမျိုးရှိနိုင်ပါ တယ်။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့်ပေါင်းစုပြီးတော့လည်း ဖြစ်စေတတ်ပါတယ်။ ဥပမာ-

ရောဂါအတွက်စိတ်ပူနေရတဲ့အခါမျိုး – လူကြီးတွေဟာ မှတ်ဉာဏ်ပြဿနာ၊ သွားကျန်းမာရေးပြဿနာတို့လို အကြောင်းအရာတွေကြောင့် အစာစားချင်စိတ်နည်းတာတွေဖြစ်လာတတ်ပါတယ်။ နာတာရှည်ရောဂါများ၊ သောက်သုံးနေရတဲ့ဆေးဝါးများ၊ မျိုချရခက်ခဲတာ၊ အာဟာရဓါတ်မစုပ်ယူနိုင်တာ၊ မကြာသေးခင်ကမှ ဆေးရုံတက်ထားတာ၊ အနံ့ခံနိုင်စွမ်း အာရုံခံနိုင်စွမ်းအားနည်းတာစတဲ့တခြားအချက်တွေလည်းပါဝင်ပါတယ်။

စားသောက်တဲ့အာဟာရကိုကန့်သတ်ဆင်ခြင်တာ – ဆား၊အဆီ၊ ပရိုတင်း ဒါမှမဟုတ် သကြားတို့ိလို ဆင်ခြင်စားသောက်ရမယ့်ကန့်သတ်ချက်တွေထားရှိတာက တချို့ဆေးဝါးကုထုံးတွေမှာ အကူအညီဖြစ်စေ ပေမယ့် အာဟာရမလုံလောက်မှုလည်းဖြစ်စေနိုင်ပါတယ်။

ဝင်ငွေအကန့်အသတ်ရှိတာ – တချို့သက်ကြီးပိုင်းတွေမှာငွေကြေးမပြည့်စုံတာကြောင့်၊ အထူးသဖြင့် အကုန်အကျများတဲ့ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာ အာဟာရပြည့်အောင် အစုံအစိ ဝယ်မစားနိုင်ကြ ပါဘူး။

လူမှုဆက်ဆံရေးနည်းပါးလာ – တစ်ယောက်တည်းထမင်းစားရတဲ့ သက်ကြီးပိုင်းအရွယ်တွေဟာ အရင်ကလောက်ထမင်းစားမဝင်တော့ဘဲ ချက်ပြုတ်ဖို့၊စားဖို့အတွက် စိတ်ဝင်စားမှုနည်းသွားတတ်ပါတယ်။

စိတ်ကျခြင်း – ဝမ်းနည်းစိတ်၊ အထီးကျန်မှု၊ ကျန်းမာရေးမကောင်းခြင်း၊ သွားလာလှုပ်ရှားမစွမ်းတော့ခြင်းနဲ့ တခြားအချက်တွေက စိတ်ကျဝေဒနာဖြစ်လာစေပြီး အစာစားချင်စိတ်လျော့နည်းစေပါတယ်။

အရက်သောက်ခြင်း – အရက်သောက်တာများရင် အစာချေဖျက်မှုနဲ့အာဟာရဓါတ်စုပ်ယူမှုတို့မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ အစာမစားဘဲ အရက်ကိုအစားထိုးသောက်နေသူတွေမှာတော့ အာဟာရလုံးဝဆုံးရှုံးရပါတယ်။

အာဟာရချို့တဲ့မှုကြောင့်ဖြစ်လာစေနိုင်တဲ့ပြဿနာများ

သက်ကြီးပိုင်းအရွယ်တွေမှာအာဟာရချို့တဲ့လာရင် ရောဂါအခြေအနေအမျိုးမျိုးဖြစ်လာနိုင်ပါတယ် -ကိုယ်ခံအားစနစ် အားနည်းခြင်း(ရောဂါမျိုးစုံဝင်နိုင်) ၊ အနာကျက်နှေးခြင်း ၊ကြွက်သားအားနည်းခြင်း( ချော်လဲခြင်း၊အရိုးကျိုးအက်ခြင်းတွေဖြစ်လာနိုင်)၊တွေအပြင် နောက်ပိုင်းမှာ အစာစားချင်စိတ်မရှိတာတွေ ဖြစ်လာနိုင်ပြီး အခြေအနေပိုဆိုးစေနိုင်ပါတယ်။

အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ မောပန်းအားကုန်ခြင်း( အားအင်ကုန်ခန်းခြင်း)၊ ကြွက်သားအားနည်းခြင်း၊ စိတ်ဓါတ်ကျခြင်း၊မှတ်ဉာဏ်မကောင်းတော့ခြင်း၊သွေးအားနည်းခြင်းတို့လည်း ခံစားရနိုင်ပါတယ်။

လူကြီးတွေမှာအာဟာရချို့တဲ့လာတဲ့လက္ခဏာတွေကိုသိနိုင်ဖို့ –

  • လူကြီးတွေရဲ့စားသောက်ပုံအမူအကျင့်ကိုစောင့်ကြည့်ပါ။ အိမ်မှာထမင်းအတူစားပေးပါ။ မိဘက အိမ်သီးသန့်နေထိုင်သူဖြစ်ရင် စားစရာလေးတွေဝယ်သွားပေးပါ။ ဆေးရုံရောက်နေသူဆိုရင် ထမင်းစားချိန်အတွင်းသွားတွေ့ဆုံပါ။
  • ကိုယ်အလေးချိန်ကျဆင်းမှုရှိမရှိစောင့်ကြည့်ပါ။ ပေါင်ချိန်စက်နဲ့တိုင်းတာတာအပြင် အဝတ်အစားတွေ တော်မတော် သတိထားကြည့်နိုင်ပါတယ်။
  • တခြားအရေးကြီးတဲ့အချက်တွေကို သတိထားပါ။ ကိုယ်အလေးချိန်ကျဆင်းမှုအပြင် အာဟာရချို့တဲ့မှုကြောင့် အနာကျက်နှေးခြင်း၊ ထိခိုက်ဒဏ်ရာရလွယ်ခြင်း၊ သွားကျန်းမာရေးထိခိုက်ခြင်း တို့ဖြစ်လာစေနိုင်ပါတယ်။
  • လူကြီးတွေရဲ့ဆေးဝါးသောက်သုံးမှုကို သိအောင်လေ့လာပါ။ ဆေးဝါးအတော်များများက အစာစားချင်စိတ်၊ အစာချေဖျက်မှုနဲ့ အာဟာရစုပ်ယူနိုင်စွမ်းတို့ကို ထိခိုက်စေတတ်ပါတယ်။

လူကြီးသူမတွေကို အာဟာရပြည့်ဝစေဖို့အတွက်

  • ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာရွေးချယ်ဖို့ကို အားပေးပါ –အကောင်းဆုံးကတော့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ၊ဂျုံပြောင်းနှံတွေ၊ အဆီမပါတဲ့အသားတို့လို အာဟာရပြည့်ဝတဲ့အစားအစာတွေ ဖြစ်ပါတယ်။ လူကြီးတွေရဲ့ အဆီ၊သကြား၊အငန်စားသုံးမှုနဲ့ယမကာသောက်သုံးမှုကို ကန့်သတ်ပေးပါ။
  • ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကိုပဲ သရေစာအဖြစ်ရွေးချယ်ဖို့က ကြားချိန်အတွင်း အာဟာရဓါတ်နဲ့ ကယ်လိုရီပိုရရှိစေနိုင်ပါတယ်။
  • ခံတွင်းလိုက်စေဖို့ – ဥပမာ လူကြီးတွေက ရောဂါကြောင့်ဆင်ခြင်စားသောက်နေရတဲ့သူတွေဆိုရင် အရသာပေါ့ရွှတ်ရွှတ်အစားအစာတွေမှာ ဟင်းခတ်အမွှေးကြိုင်တွေနဲ့စီမံပေးလိုက်ရင် ခံတွင်းပြန်ကောင်း စေနိုင်ပါတယ်။ ဒါပေမယ့် အငန်များတဲ့အမွှေးအကြိုင်တွေကိုတော့ မသုံးမိဖို့သတိထားပါ။
  • ဖြည့်စွက်စာတွေ ထည့်သွင်းပေးဖို့– တကယ်လို့ စားသောက်နေထိုင်မှုပုံစံပြောင်းလဲတာတစ်ခုတည်းက လူကြီးသူမတွေအတွက် လုံလောက်တဲ့အာဟာရဓါတ်ကို မပေးစွမ်းနိုင်ဘူးဆိုရင် အာဟာရဖြည့်စွက်စာ ထည့်သွင်းကျွေးခြင်းက သူတို့အတွက် အကျိုးများနိုင်ပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရွေးချယ်နိုင်တဲ့နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
  • ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့အားပေးပါ – နည်းနည်းလောက်ဖြစ်ဖြစ်လှုပ်ရှားမှုပြုလုပ်ပေးခြင်းက လူကြီးတွေကို အစာစားချင်စိတ်ဖြစ်စေနိုင်ပြီး အရိုးနဲ့ကြွက်သားသန်မာကြံ့ခိုင်မှုကိုထိန်းသိမ်းနိုင်စေပါတယ်။
  • မိတ်ဆွေတွေနဲ့တွေ့ဆုံသွားလာဖို့စီစဉ်ပေးပါ – အိမ်နီးချင်း သို့မဟုတ် မိတ်ဆွေတစ်ဦးဦးနဲ့ တွေ့ဆုံပြီး အပြင်မှာနေ့လယ်စာစားဖို့ အားပေးပါ။
  • ဆရာဝန်ပြပေးပါ – ဆရာဝန်နဲ့တွေ့ဆုံတဲ့အခါ လူကြီးတွေရဲ့ အာဟာရချို့တဲ့မှုနဲ့ သောက်သုံးနေရတဲ့ ဆေးဝါးတွေရဲ့အန္တရာယ်အကြောင်းကို မေးမြန်းသိရှိနိုင်ပါတယ်။

health-tool-icon

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 02/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။