backup og meta

Kawasaki Disease (Kawasaki ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Kawasaki Disease (Kawasaki ရောဂါ) ကဘာလဲ။

Kawasaki ရောဂါဟာ သွေးကြောတွေကို ထိခိုက်စေတဲ့ ရောဂါတမျိုး ဖြစ်ပြီး ကလေးငယ်တွေမှာ ရှားရှားပါးပါး ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် Kawasaki ရောဂါဟာ ပါးစပ်၊နှာခေါင်းနဲ့ လည်ချောင်းအတွင်းဖက်မှာရှိတဲ့ အမြှေးပါးအလွှာတွေကိုလည်း ထိခိုက်စေနိုင်ပါသေးတယ်။

Kawasaki Disease (Kawasaki ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

Kawasaki ရောဂါဟာ (ဂျပန်၊ကိုရီးယားနဲ့ ထိုင်ဝမ် အပါအဝင်) အရှေ့အာရှမှာ ဆယ်ဆကနေ အဆနှစ်ဆယ်ထိ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။ ငါးနှစ်အောက်ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပြီး ပျမ်းမျှအသက်ကတော့ နှစ်နှစ်ဖြစ်ပါတယ်။ မိန်းကလေးတွေထက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။

လက္ခဏာများ

Kawasaki Disease (Kawasaki ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Kawasaki ရောဂါရဲ့ လက္ခဏာတွေဟာ အဆင့်သုံးဆင့်နဲ့ ပေါ်ပေါက်လေ့ရှိပြီး ပထမအဆင့်ရဲ့ လက္ခဏာတွေကတော့

  • ၃၉ဒီဂရီစင်တီဂရိတ်ထက် အဖျားကြီးခြင်း၊ငါးရက်ထက် ပိုဖျားခြင်း။
  • မျက်လုံးများ အလွန်အမင်းနီရဲခြင်း (မျက်ဝတ်များ ထွက်လေ့မရှိပါ)။
  • ခန္ဓါကိုယ်အပေါ်ပိုင်းနှင့် လိင်အင်္ဂါတဝိုက်မှာ အနီစက်များ ထွက်ခြင်း။
  • နှုတ်ခမ်းကွဲခြင်း၊ခြောက်သွေ့ခြင်း၊နီရဲခြင်း၊လျှာ အလွန်အမင်းနီရဲထူထဲဖောင်းကားနေခြင်း (စတော်ဘယ်ရီလျှာလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်)။
  • လက်ဖဝါး၊ခြေဖဝါးများ နီရဲဖောင်းကားနေခြင်း။
  • လည်ပင်းအကြိတ်ရောင်ခြင်း သို့မဟုတ် ခန္ဓါကိုယ် အခြားနေရာရှိ အကြိတ်များရောင်ခြင်း။
  • စိတ်တိုစိတ်ဆတ်၊ဂဏှာမငြိမ်ဖြစ်ခြင်း။ ဒုတိယအဆင့်မှာ သင့်ကလေး ခံစားရနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
  • ခြေလက်အရေပြားများ ကွာကျခြင်း .. အထူးသဖြင့် လက်ချောင်း၊ခြေချောင်းထိပ်များ (အရေခွံအဖတ်ကြီးကြီးတွေ ကွာကျလေ့ရှိပါတယ်)။
  • အဆစ်အမြစ်များ နာကျင်ခြင်း။
  • ဝမ်းလျှောခြင်း။
  • အော့အန်ခြင်း။
  • ဗိုက်နာ၊ဗိုက်အောင့်ခြင်း။
  • အထူးတလည် နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာဘူးဆိုရင်တော့ ရောဂါလက္ခဏာတွေဟာ တတိယအဆင့်ရောက်တဲ့အခါ တဖြည်းဖြည်း ပျောက်ကွယ်သွားလေ့ရှိပါတယ်။ ကလေးအနေနဲ့ ပုံမှန်အတိုင်း ပြန်လည်အားအင်ပြည့်ဝလာဖို့အတွက်ကတော့ နောက်ထပ် ရက်သတ္တပတ်ရှစ်ပတ်လောက် ကြာမြင့်တတ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Kawasaki Disease (Kawasaki ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

Kawasaki ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို မသိရှိရသေးပေမယ့် ဒီရောဂါဟာ လူတယောက်ကနေ တယောက်ကို ကူးစက်ပျံ့နှံ့ခြင်း မရှိဖူးလို့တော့ ထင်မြင်ယူဆရပါတယ်။ ဒါ့အပြင် Kawasaki ရောဂါဟာ ဆောင်းအကုန်နွေအကူးမှာ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။

ဖြစ်နိုင်ခြေများ

Kawasaki Disease (Kawasaki ရောဂါ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Kawasaki ရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက် : အသက်ငါးနှစ်အောက်ကလေးတွေမှာ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။
  • ကျား/မ : ယောက်ျားလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။
  • လူမျိုး : ဂျပန်၊ကိုရီးယားတို့လို အာရှကလေးငယ်တွေမှာ Kawasaki ရောဂါ အဖြစ်များပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Kawasaki Disease (Kawasaki ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

Kawasaki ရောဂါ ခံစားနေရကြောင်း အတိအကျ အဖြေထုတ်ပေးနိုင်မယ့် စစ်ဆေးမှုနည်းလမ်း မရှိသေးတဲ့အတွက် အတည်ပြုဖို့ ခက်ခဲပါတယ်။ အောက်ပါ အချက်နှစ်ချက်လုံးရှိနေရင်တော့ သင့်ကလေးအနေနဲ့ Kawasaki ရောဂါ ခံစားနေရပြီလို့ သင့်ဆရာဝန်က အတည်ပြုပေးပါလိမ့်မယ်။

  • အနည်းဆုံး ငါးရက်ထက် ပိုဖျားခြင်း။
  • အထက်မှာ ဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာအချို့ရှိနေခြင်း။

Kawasaki ရောဂါနဲ့ ဆင်တူတဲ့ ရောဂါတွေကို ဖယ်ထုတ်ပစ်နိုင်ဖို့အတွက် အောက်ဖော်ပြပါ ဓါတ်ခွဲစစ်ဆေးမှုတွေကို ပြုလုပ်နိုင်ပါသေးတယ်။

  • ဆီးစစ်ခြင်း။
  • သွေးစစ်ခြင်း။
  • အီးစီဂျီဆွဲခြင်း။
  • အက်ကိုး ရိုက်ခြင်း။

Kawasaki Disease (Kawasaki ရောဂါ) ကို ဘယ်လိုကုသပါသလဲ

Kawasaki ရောဂါခံစားရပြီဆိုရင် ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရပါမယ်။

  • Immunoglobulin : ဒီဆေးကို အကြောသွင်းဆေးအနေနဲ့ သွင်းပေးရမှာဖြစ်ပြီး သွေးကြောတွေ ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။
  • အက်စ်ပရင် : ကိုယ်လက်ကိုက်ခဲခြင်း၊အဖျားတက်ခြင်း နဲ့ သွေးခဲခြင်းကို ကာကွယ်ဖို့အတွက် ဒီဆေးကို အသုံးပြုပါတယ်။

အက်စ်ပရင်ဆေးပြားကိုတော့ အိမ်ရောက်တဲ့အထိ ဆက်သောက်ခိုင်းတတ်ပါတယ်။ ဒါပေမယ့် Reye လက္ခဏာပေါင်းစု ဖြစ်ပေါ်လာနိုင်တာကြောင့် ဆရာဝန်ကို အသိမပေးဘဲ သင့်ကလေးကို အက်စ်ပရင်ဆေးပြား မတိုက်ရပါဘူး။ တကယ်လို့ အက်စ်ပရင်သောက်နေတုန်းမှာ ရေကျောက်ပေါက်ခြင်း ဒါမှမဟုတ် တုပ်ကွေးဝေဒနာခံစားရခြင်း စတာတွေ ဖြစ်ပေါ်လာရင်တော့ ဆရာဝန်ကို ချက်ချင်းအသိပေးရပါမယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Kawasaki ရောဂါကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

သင့်ကလေးအနေနဲ့ ဂျီကျခြင်း၊ပင်ပန်းနွမ်းနယ်ခြင်း၊အရေပြားခြောက်သွေ့ခြင်း စတဲ့ ပြဿနာတွေကို နောက်တလနှစ်လလောက်အထိတော့ ခံစားရပါလိမ့်ဦးမယ်။ သင့်ကလေးကို အလွန်အမင်း အားကုန်မသွားစေရအောင် ကြိုးစားထိန်းသိမ်းပေးပါ။ လက်ချောင်းခြေချောင်းလေးတွေ စိုစွတ်မှုရှိနေစေဖို့အတွက် လိုးရှင်းလေးတွေ လိမ်းပေးပါ။ တကယ်လို့ နှလုံးဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာရင်တော့ သင့်ကလေးအနေနဲ့ နောက်ထပ်စစ်ဆေးကုသမှုတွေကို ခံယူဖို့ လိုကောင်းလိုပါဦးမယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Kawasaki disease. http://www.mayoclinic.org/diseases-conditions/kawasaki-
disease/basics/definition/con-20024663. Accessed August 12, 2016.
Kawasaki Disease – Topic Overview. http://www.webmd.com/children/tc/kawasaki-
disease-topic- overview. Accessed August 12, 2016.
Kawasaki Disease. http://emedicine.medscape.com/article/965367-overview#a1.
Accessed August 12, 2016.
Kawasaki Disease: Complications, Treatment and Prevention.
http://www.heart.org/HEARTORG/Conditions/More/CardiovascularConditionsofChildhoo
d/Kawasaki-Disease_UCM_308777_Article.jsp#.V6S9F1R97IU. Accessed August 12, 2016.

ယခုပုံစံ

16/02/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ညဘက်နောက်ကျမှ အစားစားခြင်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေက

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement