backup og meta

ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ

ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ

တချို့က ပြောကြတယ်။ တစ်နေကုန်အကောင်း နေစောင်းပြီ၊ ညရောက်လာပြီဆို အဖျားပြန်တက်လာပြီဆိုပြီးတော့လေ။ လူကြီးတွေကတော့ ညနေဘက် အိပ်တာကိုး။ ဖျားမှာပေါ့လို့ ဆူပေမယ့် တချို့က အိပ်အိပ် မအိပ်အိပ် ညရောက်ပြီဆိုတာနဲ့ အချိန်မှန်မှန် ဖျားကြတာနော်။ ဒီလိုမျိုး ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ။ ရောဂါတစ်ခုခု ရှိနေတာများလား။

ညဘက်မှာ အဖျားတက်တယ်ဆိုတာ

သာမန်လူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အပူချိန်က 36.5ကနေ 37 ဒီဂရီဆဲလ်ဆီးယပ်စ် (98.6 ဒီဂရီဖာရင်ဟိုက်) လောက် ရှိတတ်ပါတယ်။ ဒီထက် ၁-၂ ဒီဂရီလောက် တက်လာရင် (ဒါမှမဟုတ် 100.4 ဒီဂရီဖာရင်ဟိုက်) ဆိုရင် ဖျားတတယ်လို့ သတ်မှတ်လို့ ရပါတယ်။

တကယ်တော့ ဖျားတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကောင်းတဲ့တုံ့ပြန်မှု တစ်ခုပါ။ ခုခံအားဆဲလ်တွေက ရောဂါပိုးတွေကို ပြန်တိုက်ခိုက်တာကြောင့် ဓာတုပစ္စည်းတွေ ထွက်ပြီး ကိုယ်အပူချိန် တက်တာ၊ ကိုယ်လက်ကိုက်တာတွေ ဖြစ်တာပဲ ဖြစ်ပါတယ်။

ညဘက်မှာ အဖျားတက်တာနဲ့ ဆက်စပ်နေတဲ့ အကြောင်းရင်းတစ်ခုက ကော်တီစောပါ။ ကော်တီစောက ခုခံအားကို ဖိနှိပ်ထားနိုင်တဲ့ အစွမ်းရှိပါတယ်။ နေ့ဘက်တွေမှာ ကော်တီစော များနေတော့ ခုခံအားက ကောင်းကောင်း အလုပ်မလုပ်ရဘဲ အဖျားက သိပ်မတက်ပါဘူး။

ညဘက်ရောက်ရင်တော့ ကော်တီစောပမာဏကျသွားတော့ ခုခံအားက သေချာအလုပ်လုပ်နိုင်ပြီး အဖျားပိုတက်လာတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်လည်း ခန္ဓာကိုယ်အပူချိန်က ညဘက်ဆို နည်းနည်းပိုတက်ပါတယ်။ တခြားအချိန်တွေဆို မသိသာပေမယ့် ဖျားနေချိန်ဆိုရင်တော့ ပိုသိသာမှာပါ။

ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ

ညဘက်မှာ အဖျားတက်တာ ဖြစ်တတ်တယ်ဆိုပေမယ့် ညတိုင်းလိုလို အဖျားတက်နေရင်၊ ရက်ကြာလာရင်တော့ သတိထားစရာပါ။ ခုပြောမယ့် ရောဂါတွေကလည်း ညဘက်မှာ ဖျားတာကို ဖြစ်စေနိုင်ပါတယ်။

  • တီဘီရောဂါ

မြန်မာနိုင်ငံမှာ ညဘက်တွေဖျားပြီဆိုတာနဲ့ အရင်ဆုံး စဉ်းစားရတဲ့ ရောဂါပါ။ ညဘက်ရောက်တိုင်း အဖျားတက်မယ်၊ ချွေးတွေ ထွက်မယ်။ ကိုယ်အလေးချိန်တွေ သိသိသာသာကျသွားမယ်ဆိုရင် တီဘီရောဂါကို သံသယရှိသင့်ပါတယ်။

  • ငှက်ဖျားရောဂါ

ငှက်ဖျားကလည်း မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ ရောဂါသဘာဝအရ ငှက်ဖျားပိုးတွေ သွေးထဲထွက်ချိန်ဆို လူနာက ချမ်းတုန်ပြီး အဖျားတက်တတ်ပါတယ်။ ဒီလိုမျိုး ပိုးတွေ သွေးထဲကိုထွက်ချိန်ကလည်း အချိန်မှန်ပါတယ်။ ညဆို အမြဲတမ်း ညမှ ထွက်လေ့ရှိတာကြောင့် လူနာက ရက်ခြားလောက် ညဆို အဖျားတက်နေနိုင်ပါတယ်။

အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာလိုမျိုး ရောင်ရမ်းတဲ့ ရောဂါတွေမှာလည်း ညဘက်ဆို အဖျားတက်လေ့ ရှိပါတယ်။ ဒါကြောင့် ဖျားတာအပြင် အဆစ်အမြစ်တွေ နာတာ၊ အရေပြားမှာ အကွက်တွေဖြစ်တာ၊ တခြားလက္ခဏာတွေ တွဲနေတာမျိုးဆို သတိထားသင့်ပါတယ်။

  • ဆေးပတ်လည်အောင် မသောက်တာ

ဖျားရင် သောက်တတ်ကြတဲ့ ပါရာစီတမောက ၄နာရီကနေ ၆နာရီလောက်ထိပဲ အာနိသင်ရှိပါတယ်။ နေ့လယ်စာစားပြီးခါစက သောက်ထားရင် ညနေစောင်းလောက်ဆို အာနိသင်ပြယ်ပြီး အဖျားပြန်တက်လာပါပြီ။

ဒါကြောင့် နေမကောင်းလို့ ပိုးသတ်ဆေးတွေ၊ အဖျားကျဆေးတွေ သောက်မယ်ဆို ဆေးပတ်လည်အောင်  သောက်ဖို့ လိုပါတယ်။

ဒါ့ပြင် HIVလို၊ ကင်ဆာလို နာတာရှည်ရောဂါတွေကလည်း ညဘက်မှာ အဖျားတက်တာ ဖြစ်တတ်ပါတယ်။

ဘယ်လိုအခါမျိုးမှာ စိုးရိမ်သင့်သလဲ

ရိုးရိုးဖျားတဲ့အဖျားတွေကလည်း ညဘက်ရောက်ရင် ကိုယ်အပူချိန် ပိုတက်နိုင်ပါတယ်။ ဖျားရတဲ့အကြောင်းရင်းက တုပ်ကွေးတို့၊ အအေးမိတာတို့ကြောင့်ဆိုရင် သိပ်တော့ အရေးမကြီးပါဘူး။ ဒီရောဂါတွေ ပျောက်သွားရင် သက်သာသွားပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ

  • ညတိုင်းနီးပါး ဖျားနေမယ်။
  • ကိုယ်အလေးချိန်ကျတာ၊ နာတာရှည် ချောင်းဆိုးတာနဲ့ တွဲနေမယ်။
  • ရက်ခြားလောက် ညရောက်ပြီဆိုတာနဲ့ ချမ်းတုန်ဖျားနေမယ်။
  • တခြားသော လက္ခဏာတွေနဲ့ တွဲနေမယ်။
  • ကိုယ့်ကိုယ်ကို အပေါ်က ရောဂါတွေ ရှိတယ်လို့ ယူဆရင်တော့ ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်ပါတယ်။

ဖျားတာက လက္ခဏာဆိုပေမယ့် ဒီလက္ခဏာရဲ့ နောက်ကွယ်မှာ အရေးကြီးတဲ့ ရောဂါတွေ ရှိနေနိုင်တာကြောင့် ဖျားတာကို မပေါ့ဆသင့်ပါဘူး။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Fever, Chills, and Night Sweats https://www.ncbi.nlm.nih.gov/books/NBK324/ Accessed date Feb 13, 2024

Night Sweat https://www.sciencedirect.com/topics/medicine-and-dentistry/night-sweat#:~:text=Night%20sweats%20is%20a%20commonly,sweats%20a%20lot%20at%20night. Accessed date Feb 13, 2024

Malaria https://www.cdc.gov/malaria/about/disease.html Accessed date Feb 13, 2024

Paracetamol https://www.healthdirect.gov.au/paracetamol#:~:text=Paracetamol%20begins%20to%20ease%20pain,about%204%20to%206%20hours. Accessed date Feb 13, 2024

Fever and Night Sweats https://patient.info/doctor/fever-and-night-sweats-pro Accessed date Feb 13, 2024

ယခုပုံစံ

13/02/2024

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိသားစုဝင်အချင်းချင်း အဖျားမကူးစက် အောင် ဘယ်လိုကာကွယ်ကြမလဲ

ဖျားနေချိန် ဒါတွေ မလုပ်ပါနဲ့


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


13/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement