backup og meta

Upper Gastrointestinal Endoscopy (အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Upper Gastrointestinal (UGI) Endoscopy ဆိုတာဘာလဲ။

    ဒီစစ်ဆေးနည်းဟာ အူရဲ့ အပေါ်ပိုင်း အစိတ်အပိုင်းတွေဖြစ်တဲ့ အစာမျိုပြွန်၊ အစာအိမ်နဲ့ အူရဲ့ အစပိုင်း တွေကို စစ်ဆေးတဲ့ စစ်ဆေးမှု တစ်ခုဖြစ်ပါတယ်။ ဒီစစ်ဆေးမှုပြုလုပ်စဉ်မှာ သေးငယ်ပျော့ပျောင်းတဲ့ မှန်ပြောင်း ကိရိယာကို ပါးစပ်မှတစ်ဆင့် လည်ချောင်းကို ဖြည်းညင်းစွာထည့်ပြီး အစာအိမ်လမ်းကြောင်းအတွင်း ကြည့်ခြင်း ဖြစ်ပါတယ်။

    ဒီစစ်ဆေးမှုကို အစာရေမျိုပြွန်၊အစာအိမ်နှင့် အူသိမ်အပေါ်ပိုင်းစစ်ဆေးနည်း(EGD) လို့လည်းခေါ်ပါတယ်။ သူဟာ အစာခြေလမ်းကြောင်းရဲ့ အပေါ်ပိုင်းတစ်ခုလုံးကို စစ်ဆေးနိုင်ပါတယ်။

    X-rays အဖြေတွေနဲ့ နှိုင်းယှဉ်ရင် မှန်ပြောင်းကြည့်ထားတဲ့အဖြေ ဟာ X-rays မှာ ဖေါ်ပြနိုင်ခြင်းမရှိတဲ့ ရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။ ဥပမာ မှန်ပြောင်းကိုကို အသုံးပြုရင် ခွဲစိတ်ပြီး ရောဂါရှာဖွေဖို့ မလိုပါဘူး။ ဒါ့ပြင် ဒီစစ်ဆေးမှုဟာ ဆရာဝန်တွေကို အနာ၊ ရောင်ရမ်းခြင်း၊ အကျိတ်၊ ရောဂါပိုးဝင်ခြင်းနဲ့ သွေးထွက်ခြင်းတွေကို ရှာဖွေဖို့၊ တစ်ရှူးအသားစယူဖို့၊ အသားပိုတွေ ဖယ်ရှားဖို့နဲ့ သွေးထွက်ခြင်းကိုကုသဖို့တွေအတွက် ကူညီပေးနိုင်ပါတယ်။

    Upper Gastrointestinal (UGI) Endoscopy တွေကို ဘာကြောင့် လုပ်ကြတာလဲ။

    ဒီစစ်ဆေးနည်းကိုအောက်ပါ အချက်တွေအတွက် ပြုလုပ်ကြတာဖြစ်ပါတယ်။

  • ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ အစာမြိုရခက်ခဲခြင်း၊ အူလမ်းကြောင်း သွေးထွက်ခြင်း အစရှိတဲ့ အစာခြေလမ်းကြောင်း ရောဂါလက္ခဏာတွေကို စစ်ဆေးဖို့
  • သွေးအားနည်းခြင်း၊ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်း၊ ဝမ်းလျှောခြင်း၊ အစာခြေလမ်းကြောင်းကင်ဆာများ အစရှိတာတွေကို တစ်ရှူးအသားစယူခြင်းဖြင့် ရောဂါရှာဖွေဖို့
  • သွေးထွက်ခြင်းကို ရပ်တန့်ဖို့ သွေးထွက်နေတဲ့ သွေးကြောကို အပူပေးခြင်း၊ ကျဉ်းနေတဲ့ အစာမျိုပြွန်ကို ကျယ်စေခြင်း၊ အသားပိုကို ဖြတ်ထုတ်ခြင်းနဲ့ ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ခြင်း အတွက်လည်း အသုံးပြုနိုင်ပါတယ်။

    Upper Gastrointestinal (UGI) Endoscopy ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

    မှန်ပြောင်းကြည့်စစ်ဆေးနည်းကို အာထရာဆောင်း နဲ့ အစာမျိုပြွန် (သို့) အစာအိမ် နံရံရဲ့ တိကျသေချာတဲ့ ပုံရိပ်တွေကို ဖေါ်ပြဖို့နဲ့ လက်လှမ်းမီဖို့ ခက်ခဲတဲ့ အင်္ဂါတွေရဲ့ ပုံရိပ်ကို ဖန်တီးဖို့ (ဥပမာ မုန့်ချိုအိတ်) အသုံးပြုပါတယ်။

    လူအတော်များများက သူတို့ဆရာဝန်ကို ပုံရိပ်ဖော်နည်းကို အသုံးပြုပြီး ကင်ဆာမဖြစ်ခင် အခြေအနေတစ်ခု ဖြစ်တဲ့ အစာမျိုပြွန်ဆဲလ် ပုံမမှန်ပြောင်းလဲမှုအခြေအနေ (Barret’s esophagus) ကို သိရှိဖို့ တောင်းဆိုတတ်ကြပါတယ်။

    အချို့အခြေအနေတွေမှာ အစာခြေလမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ လူနာတွေကို ပြဿနာကို တိကျစွာသိရှိဖို့ မှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း ပြုလုပ်ဖို့ စေခိုင်းနိုင်ပါတယ်။

    တကယ်လို့ ဆရာဝန်က သည်းခြေပြွန်န် သို့ မုန့်ချိုအိတ်ပြွန် ပိတ်ခြင်း၊ အခြားစစ်ဆေးမှုတွေ (အာထရာဆောင်း၊ အသည်းဓါတ်မှန်၊ X ray ဓါတ်မှန်) တွေဟာ တိကျတဲ့ အဖြေကို မပေးနိုင်ခြင်းတွေ ဖြစ်ရင် Endoscopic retrograde cholangiopancreatogram (ERCP) test လို့ခေါ်တဲ့ မုန့်ချိုအိတ်နှင့်သည်းခြေပြွန်မှတစ်ဆင့် ပြောင်းပြန်သွားပြီး အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်သော စစ်ဆေးနည်းကို အသားဝါခြင်းရဲ့ အကြောင်းရင်းကို ဖေါ်ထုတ်ဖို့ ပြုလုပ်နိုင်ပါတယ်။ ဒီစစ်ဆေးမှုဟာ အသည်း၊ သည်းခြေအိတ် နဲ့ မုန့်ချိုအိတ်ကနေ စီးဆင်းတဲ့ပြွန်တွေကိုပါ စစ်ဆေးမှာ ဖြစ်ပါတယ်။

    Upper Gastrointestinal (UGI) Endoscopy တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

    သင့်ဆရာဝန်ကို သင့်မှာ ရှိတဲ့ ရောဂါအခြေအနေတွေ၊ သောက်နေတဲ့ဆေးတွေ၊ ဗီတာမင်တွေ၊ ဖြည့်စွက်စာတွေ အကုန်ပြောပြသင့်ပါတယ်။ အောက်ပါ ဆေးတွေ ပါဝင်ပါတယ်။

    • aspirin (သို့) aspirin ပါဝင်သောဆေးများ
    • အဆစ်အမြစ်ရောင်သက်သာဆေး
    • အကိုက်အခဲပျောက်ဆေး (ibuprofen ၊naproxen)
    • သွေးကျဲဆေး
    • သွေးပေါင်ကျဆေး
    • ဆီးချိုဆေး

    စစ်ဆေးမှုမပြုလုပ်ခင် တိကျတဲ့အဖြေထွက်စေဖို့ လေးနာရီကနေ ရှစ်နာရီအတွင်း စားသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဝါးခြင်းတွေ မပြုလုပ်သင့်ပါဘူး။

    Upper Gastrointestinal (UGI) Endoscopy နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

    ဆရာဝန်တွေက သင့်ကို စစ်ဆေးမှု ပြုစဉ်မှာ အပန်းပြေ၊ သက်တောင့်သက်သာရှိဖို့ (သို့) အိပ်ပျော်စေဖို့ ဆေးပေးနိုင်ပါတယ်။ ရှားပါးတဲ့အခြေအနေတွေမှာ စိတ်ငြိမ်ဆေးတွေကို စစ်ဆေးမှုပြုစဉ် အသုံးမပြုကြပါဘူး။ ထုံဆေးပါတဲ့ ပါးလုပ်ကျင်းရည် (သို့) ထုံဆေးပါတဲ့ ဖျန်းဆေးကို အသုံးပြုနိုင်ပါတယ်။ ထုံဆေးဟာ လည်ချောင်းကို ထုံသွားစေပြီး အာခေါင်ကိုထိသောအခါ ပျို့အန်ချင်သော တုံ့ပြန်မှုကို တည်ငြိမ်စေပါတယ်။ ကျန်းမာရေးစောင့်ရှောက်သူက အရေးကြီးသော လက္ခဏာတွေကို စောင့်ကြည့်မှာဖြစ်ပြီး သင့်ကို တတ်နိုင်သမျှ သက်တောင့်သက်သာရှိအောင် ကူညီပေးမှာဖြစ်ပါတယ်။

    သင်စားပွဲပေါ်မှာ လဲလျောင်းနေစဉ်မှာ ကင်မရာပါတဲ့ မှန်ပြောင်းကို အစာပြွန်ထဲမှတစ်ဆင့် အစာအိမ်နဲ့ အူသိမ်အပေါ်ပိုင်းအတွင်းကို ထည့်မှာ ဖြစ်ပါတယ်။ ဒီကင်မရာကနေ မော်နီတာကို ဓါတ်ပုံတွေပို့ပေးမှာဖြစ်ပြီး အစာခြေလမ်းကြောင်းအပေါ်ပိုင်းကို စစ်ဆေးမှာ ဖြစ်ပါတယ်။

    ဒီဖြစ်စဉ်မှာ မှန်ပြောင်းဟာ အစာအိမ်နဲ့ အူသိမ်အတွင်းကို လေမှုတ်ထုတ်မှာဖြစ်ပြီး သေချာမြင်ရအောင်ကူညီပေးမှာဖြစ်ပါတယ်။

    ဒီစစ်ဆေးမှုပြုလုပ်နေစဉ်မှာ ဆရာဝန်ဟာ အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

    • အစာအိမ်အူလမ်းကြောင်းမှအသားစယူခြင်း(အသားစ ယူခြင်းကို ခံစားရမှာ မဟုတ်ပါဘူး)
    • သွေးထွက် ရပ်တန့်စေခြင်း
    • အခြား အထူးပြုလုပ်ချက်တွေ (ဥပမာ ကျဉ်းနေတဲ့နေရာတွေ ကျယ်စေခြင်း)

    ဒီစစ်ဆေးမှုဟာ ၁၅-၃၀ မိနစ် ကြာမြင့်နိုင်ပါတယ်။ ဒီစစ်ဆေးမှု ပြုလုပ်စဉ်မှာ မှန်ပြောင်းဟာ အသက်ရှူခြင်းကို အနှောင့်အယှက်မပေးနိုင်တာကြောင့် အိပ်နေနိုင်ပါတယ်။

    အဖြေတွေက ဘာကို ဆိုလိုတာလဲ။

    အချို့ရောဂါပိုးဝင်ခြင်းကို စစ်ဆေးခြင်းဟာ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်ပေမယ့် အခြားအဖြေတွေကိုတော့ ၂-၄ က်အတွင်း ရရှိနိုင်ပါတယ်။ အချို့အဖြေတွေကို စစ်ဆေးမှုပြီးပြီးချင်း ရရှိမှာဖြစ်ပါတယ်။

    အသားစယူခြင်းကို

    • ကင်ဆာဆဲလ်တွေ ပါဝင်တဲ့ အကျိတ် (သို့) အနာတွေကို ရှာဖွေဖို့
    • ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ အစာအိမ်ပိုးကို သိရှိဖို့ အသုံးပြုနိုင်ပါတယ်။

    အခြေအနေ အတော်များများဟာ ဒီစစ်ဆေးမှုရဲ့ အခြေအနေကို လွှမ်းမိုးနိုင်ပါတယ်။ သင့်ဆရာဝန်က ပုံမှန်မဟုတ်တဲ့ အခြေအနေတွေအတွက် သင့်ရောဂါလက္ခဏာတွေနဲ့ အရင်က ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးနိုင်ပါတယ်။

    ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး မှန်ပြောင်းကြည့်ခြင်း အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဒီစစ်ဆေးနည်းနဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement