backup og meta

Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Johnson & Johnson မှ Talc ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်တန့်မည်

    Johnson & Johnson လို့ ပြောလိုက်တာနဲ့ ကလေးပေါင်ဒါတွေကို ပြေးမြင်မိမှာပါ။ ဒါပေမယ့် များပြားလှတဲ့ တရားစွဲဆိုမှုတွေကြောင့် Johnson&Johnson က လာမယ့် ၂၀၂၃ကစပြီး Talc ပါဝင်တဲ့ ပေါင်ဒါများ ထုတ်လုပ်မှုကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

    Johnson & Johnson နဲ့ ပေါင်ဒါအရှုပ်တော်ပုံ

    Johnson&Johnsonက လက်ရှိအချိန်မှာ သူတို့ရဲ့ Talcပါဝင်တဲ့ ပေါင်ဒါက ကင်ဆာဖြစ်စေတယ်ဆိုပြီး တရားစွဲဆိုမှုများစွာကို ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် မိန်းမကိုယ်နဲ့ အနီးတစ်ဝိုက်မှာ Talcပေါင်ဒါ အသုံးပြုတာကြောင့် သားဥအိမ်ကင်ဆာဖြစ်ရတယ်ဆိုပြီး အမျိုးသမီးတွေက တရားစွဲဆိုထားကြတာ ဖြစ်ပါတယ်။ Johnson&Johnsonက ကလေးပေါင်ဒါဆိုပေမယ့် ပေါင်ပွန်းတဲ့ အမျိုးသမီးတွေကလည်း အပွန်းသက်သာအောင် ပေါင်ခြံတစ်ဝိုက်မှာ အသုံးပြုကြပါတယ်။

    Johnson & Johnsonရဲ့ တုံ့ပြန်ချက်

    Johnson&Johnsonကတော့ သူတို့ရဲ့ ပေါင်ဒါနဲ့ ပတ်သက်ပြီး စိတ်ချရမှုကို ယုံကြည်မှုရှိဆဲလို့ သောကြာနေ့က ထုတ်ပြန်ချက်မှာ ပြောဆိုသွားပါတယ်။

    သူတို့ပေါင်ဒါမှာ ပါဝင်တဲ့ Talcနဲ့ ပတ်သက်ပြီး စိတ်ချရမှုကတော့ ပြောင်းလဲတာမျိုး မရှိပါဘူး။ ဒီပေါင်ဒါကို နှစ်ပေါင်းများစွာ ထုတ်လုပ်လာခဲ့တာဖြစ်ပြီး ဆေးပညာရှင်ပေါင်းများစွာ၊ သိပ္ပံလေ့လာချက်ပေါင်းများစွာက Talcပါဝင်တဲ့ Johnsons Baby Powderသည် စိတ်ချရတယ်။ Asbestosလို့ခေါ်တဲ့ ကျောက်ဂွမ်းမပါဘူး။ ကင်ဆာမဖြစ်စေဘူးဆိုတာကို သက်သေပြပြီး ဖြစ်ပါတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့်လည်း တရားစွဲဆိုမှုတွေအတွက် Johnson&Johnsonက ဘီလီယံနဲ့ချီ သုံးစွဲခဲ့ရတာတော့ အမှန်ပါ။ နောက်ဆုံးမှာတော့ “worldwide portfolio assessment”အရ ၂၀၂၃မှာ Talcပါဝင်တဲ့ ပေါင်ဒါတွေ ရောင်းချမှုကို ရပ်တန့်ရပါတော့မယ်။

    ပေါင်ဒါတွေ ဆက်မရောင်းတော့ဘူးလား။

    Johnson & Johnsonက ပေါင်ဒါတွေကို ရောင်းချခဲ့တာ ခုဆို နှစ်ပေါင်း ၁၃၀လောက် ရှိနေပါပြီ။ ခုဖြစ်တဲ့ ကိစ္စတွေကြောင့် ပေါင်ဒါတွေ မရောင်းတော့ဘူးဆိုတော့ Talcပါဝင်တဲ့ ပေါင်ဒါတွေကိုပဲ မရောင်းတာပါ။ ဒီပေါင်ဒါအမျိုးအစားနေရာမှာ cornstarch ပြောင်းမှုန့်နဲ့ အစားထိုးထားတဲ့ ပေါင်ဒါကို ရောင်းချမှာ ဖြစ်ပါတယ်။

    Johnson&Johnsonအနေနဲ့ ဘယ်လောက်ပဲ သူတို့ရဲ့ ပေါင်ဒါက စိတ်ချရတယ်ပြောပေမယ့် လူအများကြားမှာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ ကြောက်လန့်မှုတွေကြောင့် ရောင်းအားက သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာဆိုရင် Talcပါဝင်တဲ့ ပေါင်ဒါတွေကို ၂၀၂၀ ထဲက စျေးကွက်ထဲက သိမ်းဆည်းခဲ့ရတာ ဖြစ်ပါတယ်။

    ၂၀၂၃မှာတော့ တစ်ကမ္ဘာလုံးအနေအထားနဲ့ သိမ်းဆည်းတော့မှာ ဖြစ်ပါတယ်။

    Talc ဆိုတာ ဘယ်လိုပစ္စည်းလဲ။

    ပြောရမယ်ဆိုရင် Johnson&Johnson ပေါင်ဒါမှာပဲ Talc ပါတာမဟုတ်ပါဘူး။ ပေါင်ဒါအများစုမှာ Talcပါပါတယ်။ ဒါဆိုရင် Talcပါတဲ့ ပေါင်ဒါတိုင်းက ကင်ဆာဖြစ်စေတာလားဆိုတာ သိဖို့ လိုပါတယ်။ အထူးသဖြင့် ကလေးတွေကို ပေါင်ဒါလိမ်းပေးနေတဲ့ မေမေတွေ သိထားဖို့ လိုပါတယ်။

    Talcဆိုတာ မြေကြီးကနေရတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး မဂ္ဂနီဆီယမ်၊ ဆီလီကွန်၊ အောက်စီဂျင်တို့ ပါဝင်ပါတယ်။ အမှုန့်အနေအထားဆိုရင် ရေကောင်းကောင်း စုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း ပေါင်ပွန်းတာတွေမှာ သုံးသလို ကလေးတွေ သေးခံမလောင်အောင်လည်း သုံးပါတယ်။ ဒါကြောင့်မို့လို့လည်း ပေါင်ဒါအများစုမှာ Talcပါဝင်တာပါ။

    Talc ချည်းပဲက ပြဿနာမတုတ်ပါဘူး။ ဒါပေမယ့် သေချာမသန့်စင်ထားတဲ့ ပေါင်ဒါတွေမှာ Talcနဲ့အတူ ကျောက်ဂွမ်း ပါနေတတ်ပါတယ်။ ဒါကမှ ကင်ဆာဖြစ်စေတာပါ။

    Talcပါဝင်တဲ့ ပေါင်ဒါတွေနဲ့ ပတ်သက်ပြီး လူထုကြားမှာ စိုးရိမ်နေတဲ့ အချက်နှစ်ချက်ရှိပါတယ်။ အဲ့ဒါကတော့

    • Talcပါဝင်တဲ့ အမှုန့်တွေကို ကြာကြာရှူနေမိတာက ရေရှည်မှာ အဆုတ်ကင်ဆာဖြစ်မလားဆိုတာရယ်
    • အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်တစ်ဝိုက်မှာ ပေါင်ဒါတွေ လိမ်းတာက သားဥအိမ်ကင်ဆာဖြစ်မလားဆိုတာရယ်ပါ။

    Talcက ကင်ဆာဖြစ်စေသလား။

    Talcက ကင်ဆာဖြစ်စေသလားဆိုတာကို မပြောခင် ရိုးရိုးTalcလား၊ ကျောက်ဂွမ်းတွေ ရောနှောပါဝင်နေတဲ့ Talcလားဆိုတာကို သိဖို့လိုပါတယ်။ ကျောက်ဂွမ်းတွေ ပါဝင်နေတဲ့ Talcကတော့ ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Talc ပေါင်ဒါတွေမှာ ကျောက်မှုန်ပါဝင်မှု ရှိမရှိ စစ်ဆေးရတာ ဖြစ်ပါတယ်။

    ရိုးရိုး Talcအနေနဲ့ကတော့ ပြောဖို့ခက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဓာတ်ခွဲခန်းမှာ တိရိစ္ဆာန်တွေနဲ့ရော၊ လူနဲ့ပါ လေ့လာမှုတွေ ပြုလုပ်နေဆဲပါ။ ဒါပေမယ့် တိကျတဲ့ အဖြေမထွက်လာသေးပါဘူး။ တချို့လေ့လာချက်တွေမှာ Talc အသုံးပြုမှုက ကင်ဆာဖြစ်စေတယ် ဆိုသော်ငြား တချို့မှာတော့ ဒီလိုဆက်စပ်မှု မရှိဘူးလို့ ဆိုကြပါတယ်။

    ဒါဆို Talcပါတဲ့ ပေါင်ဒါတွေကို သုံးရမလား၊ မသုံးရမလား။

    အရင်ဆုံး Talc ပါဝင်တဲ့ ပေါင်ဒါသုံးမယ်ဆို ကျောက်မှုန့်ပါမပါ အရင်စစ်ပါ။ တချို့ပေါင်ဒါတွေမှာ ဒါကို ပွင့်ပွင့်လင်းလင်း ရေးထားပါတယ်။ ကျောက်မှုန့်မပါဘူးဆိုရင်ရော ဆက်သုံးသင့်သလား။ ကင်ဆာဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား အတိအကျ မသိရသေးခင်မှာ တခြားရွေးချယ်စရာ ရှိရင်တော့ တခြားဟာ ပြောင်းသုံးပါ။ ဒါမှမဟုတ် အသုံးပြုတဲ့ ပမာဏကို လျှော့ချပါလို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement