backup og meta

ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ

    နေထိုင်မကောင်းတာကြောင့်ဖြစ်ဖြစ် ခေါင်းကိုက်တာလိုမျိုး အပရိက ကျန်းမာရေး ပြဿနာလေးတွေကြောင့်ပဲ ဖြစ်ဖြစ် ဆေးသောက်ဖို့ လိုလာတဲ့အခါ ဆေးကို ဘယ်လို သောက်ဖြစ်လေ့ရှိသလဲ။ ဆေးကို ရေနဲ့ပဲ သောက်လိုက်တာပဲ ဆိုတာမျိုး ရှိသလို ရေကျက်အေး နဲ့သောက်တယ်။ ရေနွေးကြမ်းနဲ့ သောက်လိုက်တယ်။ နွားနို့နဲ့ သောက်လိုက်တယ်။ ကော်ဖီ လက်ဖက်ရည်တွေ၊ သစ်သီးဖျော်ရည်တွေ၊ အချိုရည်တွေနဲ့ အဆင်သင့်သလို လွယ်လွယ်ကူကူရတာနဲ့ သောက်လိုက်တာပဲ ဆိုတဲ့သူတွေ ရှိနိုင်ပါတယ်။

    ဆေးသောက်တဲ့အခါ ဝမ်းထဲရောက်သွားရင် ပြီးတာပဲ အရည်တစ်ခုခုနဲ့ မျိုချလိုက်တာပဲလို့ ပြန်ဖြေမယ့်သူက များမယ်ထင်ပါတယ်။ တကယ်ကတော့ ဆေးသောက်တဲ့အခါ ရေ ဒါမှမဟုတ် အအေးခံထားတဲ့ ရေကျက်အေးနဲ့ သောက်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ

    ဆေးတစ်ခုခု သောက်မယ်ဆိုရင် ဘာနဲ့ သောက်မယ် စိတ်ကူးလဲ

    ဆေးတစ်ခုခု သောက်မယ်ဆိုရင် ရေနဲ့ပဲ သောက်ပါ။ ရေဆိုတဲ့နေရာမှာတောင် အခန်းအပူချိန်အတိုင်း ရှိနေတဲ့ရေက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတော့

  • အချိုရည်နဲ့ ဆေးသောက်တဲ့အခါ
  • အချိုရည် ဒါမှမဟုတ် ဂတ်စ်တွေပါနေတဲ့ အသင့်သောက် အချိုရည်တွေမှာ အက်ဆစ်ဓာတ်တွေက တော်တော်လေး ပါဝင်နေတာပါ။ ဒီလို အက်ဆစ်ဓာတ်တွေ ပါဝင်နေမှုက ဆေးအများစုရဲ့ ပိုးသတ်ပေးနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။

    ကာဗွန်ဖြည့်စွက်ထားတဲ့ အချိုရည်တွေနဲ့ ဆေးသောက်တာက အချို့သော လူနာတွေမှာ ဓာတ်မတည့်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    ဂတ်စ်မပါတဲ့ အချိုရည်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဂတ်စ်မပါတဲ့ အချိုရည်တွေ နဲ့ ဆေးသောက်တာကလည်း ဆေးမှာပါတဲ့ ဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူမှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။ သံဓာတ် စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အထူးသဖြင့် သံဓာတ် အားဖြည့်ဆေးတွေကို အသင့်သောက် အချိုရည်နဲ့ သောက်တာမျိုး မလုပ်ပါနဲ့။

    • သစ်သီးဖျော်ရည်တွေနဲ့ ​ဆေးသောက်တဲ့အခါ

    သစ်သီးဖျော်ရည်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဆေးတွေနဲ့တော့ တွဲမသောက်ပါနဲ့။ သစ်သီးဖျော်ရည်တွေကလည်း ဆေးတွေရဲ့ ထိရောက်မှုကို အားနည်းစေပြီး ပြန်လည်နာလန်ထမှု ဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။

    အထူးသဖြင့် စပျစ်သီး၊ သံပုရာသီးတို့လိုမျိုး သစ်သီးဖျော်ရည်တွေပါ။ စပျစ်သီးမှာ ပါတဲ့ furanocoumarins က ခန္ဓာကိုယ်ကနေ ဆေးစုပ်ယူနိုင်စွမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    • ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ ဆေးသောက်တဲ့အခါ

    လက်ဖက်ရည်၊ ကော်ဖီလိုမျိုး သောက်စရာတွေက ကဖင်းပါတာကြောင့် နေမကောင်းချိန်မှာတောင် သောက်ဖို့ မသင့်တော်ပါဘူး။ နောက်ပြီး လက်ဖက်ရည်၊ ကော်ဖီတွေမှာ tannins ပါဝင်နေတာကြောင့် အစာကြေခဲပြီး ဆေးတွေကို ချေဖျက်နိုင်စွမ်း နဲ့ ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

    ဥပမာ အိပ်ပျော်စေဖို့ သောက်ရတဲ့ ဆေးတွေကို လက်ဖက်ရည်၊ ကော်ဖီတွေနဲ့ တွဲသောက်လိုက်တာက ဆေးရဲ့အာနိသင်ကို ပျက်စေပြီး ခန္ဓာကိုယ်အပေါ် သက်ရောက်မှုက ပြောင်းပြန်အချိုးထွက်မှာပါ။

    နောက်တစ်ခုက လက်ဖက်ရည်၊ ကော်ဖီတွေက ခန္ဓာကိုယ်ရဲ့ သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဖြည့်စွက်အာဟာရတွေ၊ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D ပါဝင်နေတဲ့ဆေးတွေကို လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ တွဲမသောက်ပါနဲ့။

    ရေနွေးကြမ်းကလည်း လက်ဖက်ခြောက် ခတ်ထားတာ ဖြစ်တာကြောင့် ကဖင်း ပါဝင်နေပါတယ်။ ရေနွေးကြမ်းနဲ့ ဆေးသောက်တာက ခန္ဓာကိုယ်ရဲ့ ဆေးစုပ်ယူနိုင်စွမ်းကို အဟန့်အတား ဖြစ်စေသလို သံဓာတ်စုပ်ယူမှုကိုလည်း ထိခိုက်စေပါတယ်။

    ဖျားနာနေချိန်မှာ ချွေးထွက်အောင် လည်ချောင်းနာတာတွေကို သက်သာအောင် ရေနွေးကြမ်း သောက်သင့်တယ်ဆိုပေမယ့် ဆေးကိုတော့ ရေနွေးကြမ်းနဲ့ မသောက်ဖို့ သတိပေးပါရစေ။

    • ရေနွေး အဖြူနဲ့ သောက်တာ

    ရေနွေးအဖြူ ခပ်ပူပူကလည်း ဆေးသောက်ဖို့ ရွေးချယ်သင့်တဲ့အရာ တစ်ခုတော့ မဟုတ်ပါဘူး။ ရေနွေးက capsules တွေကို ပါးစပ်ထဲမှာတင် ပျော်သွားတာမျိုး ဖြစ်စေပြီး အပူရှိန်က ဆေးရဲ့ ထိရောက်မှုကို လျော့ပါးစေနိုင်ပါတယ်။

    နောက်တစ်ချက်က ပူလွန်းနေတာကြောင့် ဆေးလုံးနင်တာ ဆေးသီးတာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။

    ဆေးသောက်ဖို့ အကောင်းဆုံးအရာက ရိုးရိုးရေပါ

    ဆေးသောက်တော့မယ်ဆိုရင် ဘယ်ဆေးကိုပဲဖြစ်ဖြစ် သာမန်အခန်းအပူချိန်အတိုင်း ရှိနေတဲ့ ရေနဲ့ သောက်တာက အကောင်းဆုံးပါ။ ရေက ဆေးရဲ့ အာနိသင်ကို မပျက်စီးစေသလို ဆေးကိုလည်း ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်စေဖို့ ထောက်ကူပေးပါတယ်။ စုပ်ယူမှု မြန်ဆန်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။

    ဆေးကို အစာအိမ် နဲ့ အူလမ်းကြောင်းတွေကို လွယ်လွယ်ကူကူ ဖြတ်သန်းစေနိုင်ပြီး အစာအိမ်နံရံတွေက ဆေးကို အကောင်းဆုံး စုပ်ယူနိုင်အောင်လည်း ထောက်ကူပေးပါတယ်။

    ဆေးသီးတာ နင်တာမျိုး မဖြစ်စေသလို မျိုချရတာလည်း လွယ်ကူစေမှာပါ။ ဖျားနေချိန်မှာ ရိုးရိုးရေ သောက်ပေးတာက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။

    ဆေးသောက်တဲ့အခါ အရက်၊ ဘီယာတွေနဲ့ တွဲသောက်တာမျိုး မလုပ်ဖို့လည်း လိုပါမယ်။ ဆေးသောက်တဲ့အခါ ဆေးရဲ့ အာနိသင် ထိရောက်ပြီး ခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေဖို့ဆိုရင် ဆေးကို ရေ နဲ့သောက်တာ အကောင်းဆုံးပါ။ အချို့သောဆေးတွေကတော့ နွားနို့နဲ့ သောက်ရတာမျိုးတွေ ရှိပါတယ်။

    ဘာနဲ့သောက်ရမလဲ မသေချာရင် ဆရာဝန်၊ ဆေးဝါးပညာရှင်ကို မေးမြန်းပါ။ ဆေးအညွှန်းကို သေချာဖတ်ပါလို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement