အရက်ဆိုတာ ဘယ်လောက်ပဲ ကျန်းမာရေးအတွက် မကောင်းဘူးပြောပြော အပေါင်းအသင်းတွေနဲ့ ဆုံလာပြီဆိုရင် အနည်းဆုံးတော့ တစ်ခွက်တစ်ဖလားလောက် မော့တတ်ကြတာပဲမလား။ တစ်ခွက်ထဲပါလို့ ပြောရင်းနဲ့ အာလေးရွှင်ပြီး စိတ်ကမြူးကြွလာတာနဲ့ မမူးမချင်း တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက်တွေ သောက်ကြတော့ပါပဲ။ ဒီလို ဘော်ဒါတွေနဲ့ ဆုံခိုက် သောက်တာ၊ စားတာ ပျော်ဖို့ကောင်းပေမယ့် နောက်နေ့မနက်ရောက်ပြီဆိုရင်တော့ အရက်နာကျ တဲ့ ဝေဒနာကို ခံစားနေရရင်တော့ အဆင်မပြေဘူးပေါ့။
အထူးသဖြင့် ရုံးကိုလာတဲ့နေ့မှာ ညက အရှိန်နဲ့ မျက်နှာက မအီမသာဖြစ်၊ ခေါင်းကမူးပြီး အော့အန်ချင်သလို၊ အလုပ်ထဲလည်း အာရုံမရောက်ဖြစ်နေရင်တော့ အလုပ်ခွင်မှာ ပြဿနာဖြစ်နိုင်ပါတယ်။ ဒီတော့ ကဲချင်သလို ကဲပြီး နောက်နေ့ ရုံးမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေအောင် အရက်နာကျ ဝေဒနာကို ထိန်းဖို့နည်းလမ်းတွေကို ကိုယ့်ဘော်ဒါတွေအတွက် ဝေမျှပေးလိုက်ပါတယ်။
အရက်နာကျ နေသည့်တိုင် အလုပ်ခွင်မှာ စမတ်ကျနေစေဖို့
၁။ ရေများများသောက်ပါ။
အရက်နာကျ ခြင်းရဲ့ နောက်ဆက်တွဲ လက္ခဏာဖြစ်တဲ့ ခေါင်းတွေ ထိုးကိုက်နေတာ၊ မူးဝေနေတယ်ဆိုတာ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် ကိုယ်က မနက် အိပ်ရာနိုးပြီဆိုတာနဲ့ ရေတစ်ခွက်ကို အဝသောက်ဖို့ မမေ့လိုက်ပါနဲ့။ အနည်းဆုံးတော့ ကိုယ့်ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ကို ရွှင်လန်းတက်ကြွစေမှာပါ။ ရေအပြင် ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ ကိုယ်တိုင်ညှစ်ထားတဲ့ သစ်သီးဖျော်ရည် ချဉ်ချဉ်လေးတွေ သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။
၂။ လှုပ်လှုပ်ရှားရှားနေပါ။
ခေါင်းမူးနေတာ လှုပ်ရှားနေရင် ပိုဆိုးမှာပေါ့လို့ ထင်ကောင်းထင်မိမှာပါ။ ဒါပေမယ့် ငြိမ်ငြိမ်နေတာထက်စာရင် လမ်းလေးဘာလေးလျှောက်၊ လေ့ကျင့်ခန်းလေး လုပ်လိုက်တာက ချွေးထွက်စေပြီး ကိုယ့်ရဲ့ ခေါင်းထဲမှာ နောက်ကျိနေတာတွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်း လုပ်တဲ့အခါ ကိုယ်ခန္ဓာကနေ အင်ဒိုဖင်ဟော်မုန်း (Endorphin) တွေကို ထုတ်လွှတ်ပေးလို့ စိတ်ကို ကြည်လင်စေပြီး နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်လက် လှုပ်ရှားပေးလိုက်တာက စိတ်မကြည်မလင်ဖြစ်ပြီး အလုပ်ခွင်မှာ အာရုံမစိုက်နိုင်တာထက်စာရင် ပိုကောင်းတာပေါ့။
၃။ အာဟာရပြည့်ဝတဲ့ မနက်စာ စားပါ။
အရက်နာကျ နေတဲ့ မနက်ခင်းမှာ လူတော်တော်များများက မနက်စာ မစားဘဲ နေတတ်ကြပါတယ်။ ရင်ဘတ်ထဲမှာ ခေါင်းမူးသလို၊ ပျို့အန်ချင်သလို ဖြစ်နေတာဆိုတော့ အစာဝင်သွားရင် ပိုဆိုးသွားမယ်လို့ ထင်တတ်တာကိုး။ တကယ်တော့ မဟုတ်ပါဘူး။
အရက်နာကျနေတဲ့အချိန်မှာ မနက်စာပေါ့ပေါ့ပါးပါးလေး စားပေးတာက ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်တွေ ပြန်ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ခေါင်းမူးခေါင်းကိုက် ဖြစ်နေတဲ့ ဝေဒနာကို သက်သာစေပြီး လန်းဆန်းတက်ကြွစေတယ်။ အများကြီး စားပေးစရာမလိုပါဘူး။ ပေါင်မုန့်၊ ကြက်ဥကြော်၊ နွားနို့တစ်ခွက်၊ ရေအဝသောက်ပြီး အသီးအနှံလေး နည်းနည်းစားပေးလိုက်ရင်ကို မနက်စာအတွက် လုံလောက်ပါတယ်။
၄။ ရေချိုးဖို့ မပျင်းပါနဲ့။
ယောက်ျားလေး တော်တော်များများရဲ့ အကျင့်က ရာသီဥတု အေးအေး၊ မအေးအေး ရေချိုးရမှာကို ပျင်းတာပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ရေချိုးပေးရမှာပါ။ အထူးသဖြင့် အလုပ်ကလည်း သွားရမယ်၊ အရက်ရှိန်ကလည်း မပြေသေးဘူးဆိုရင် ပိုပြီးတောင် ချိုးပေးသင့်ပါတယ်။
ရေအေးအေးလေးနဲ့ သေချာချေးတွန်းရင်း ကိုယ်ခန္ဓာကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးရင် ကြွက်သားတွေကို ပြေလျော့စေတယ်။ သွေးလည်ပတ်မှုကောင်းစေတယ်။ စိတ်ကိုကြည်လင်စေတယ်။ အကောင်းဆုံးကတော့ တစ်ညလုံး သောက်ထားသမျှ ပါးစပ်နဲ့ ကိုယ်ခန္ဓာမှာ စွဲနေတဲ့ အရက်နံ့ကို ဖျောက်ဖျက်ပေးနိုင်ပါတယ်။
၅။ လိုအပ်ရင် မျက်စဉ်းခတ်ပေးပါ။
အရက်ကလည်း သောက်ထားတယ်။ ညကလည်း အိပ်ရေးမဝဘူး။ ရေဓာတ်ကလည်း ခမ်းခြောက်နေတယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ မနက်အိပ်ရာနိုးတာနဲ့ မျက်လုံးက နီရဲပြီး မျက်ရည်တွေ ယိုနေမှာပါ။ ဒါကြောင့် အလုပ်မသွားခင် ခဏလောက် အချိန်ပေးပြီး မျက်လုံးကို အေးမြစေဖို့ မျက်စဉ်းနည်းနည်း ခတ်ပေးပါ။ ခတ်ပြီးရင် မျက်လုံးကို ခဏမှိတ်ထားပြီး အနားပေးထားပါ။
[embed-health-tool-bmi]