backup og meta

လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား

    လက်ရှိ အမျိုးသားတွေကြားမှာ ရေပန်းစားနေတဲ့အလွဲလေးကတော့ တစ်ကိုယ်ရေ အာသာဖြေ တဲ့ အကြိမ်ရေများလေ ဝက်ခြံပိုပေါက်လေဆိုတဲ့ ကိစ္စပါပဲ။ ဒီအလွဲလေး ဘယ်ကစလဲဆိုရင် လူပျိုအရွယ် ခန္ဓာကိုယ်ကပြောင်းလဲလာတတ်တဲ့ အရာတွေကနေ စတယ်လို့ ဆိုရမှာပါ။ လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား ဆိုတာ ကြည့်ကြည့်ရ‌အောင်။

    လိင်စိတ်ဖြေတာများရင် ဝက်ခြံပိုပေါက်တယ်ဆိုတာ တကယ်လား

    ယောက်ျားလေးတွေ လူပျိုဖော်ဝင်လာတဲ့အခါ ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံတွေ ထွက်လာတယ်။ တစ်ချိန်တည်းမှာပဲ လိင်ပိုင်းဆိုင်ရာမှာ စူးစမ်းလေ့လာချင်တဲ့စိတ်၊ နိုးကြားတက်ကြွလာတဲ့ စိတ်တွေကြောင့် တစ်ကိုယ်ရေ အာသာဖြေ တဲ့အလေ့အကျင့်ကို စလာတတ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အာသာဖြေလေ ဝက်ခြံပေါက်လေဆိုတဲ့ မဟာအလွဲက ဒီအရာကနေ စတင်လာတယ်လို့ ဆိုရမှာပါ။

    လူပျိုအရွယ် ဝက်ခြံပေါက်တဲ့ ပြဿနာ

    လူပျိုအရွယ် ပျမ်းမျှ အသက် ၁၀နှစ်မှ ၁၈နှစ်အတွင်းမှာ တက်စတိုစတီရုန်း ကျားဟော်မုန်းတွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လွှတ်ပါတယ်။ ဒီကျားဟော်မုန်းတွေကြောင့် ယောက်ျားလေးတွေရဲ့ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ ဖြစ်လာသလို ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပေးပါတယ်။ ဆိုးကျိုးအနေနဲ့ အရေပြားချွေးပေါက်အတွင်း သဘာဝအဆီ (Sebum) တွေကိုပါ ပိုထွက်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလို အဆီတွေအပြင် အပြင်လေထုထဲမှာ ပါတဲ့ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားပိုးမွှားတွေက ချွေးပေါက်တွေထဲ ပိတ်မိသွားတဲ့အခါ ဝက်ခြံက စဖြစ်လာတော့တာပါပဲ။

    ဒါဆို ဝက်ခြံက ဆယ်ကျော်သက်ဘဝမှာပဲ ပေါက်နိုင်တာလား

    ဆယ်ကျော်သက်အရွယ်မှာ ကျားဟော်မုန်း အဆမတန် များလာတဲ့အတွက် ဝက်ခြံပေါက်နိုင်ခြေ ပိုများနိုင်တယ်ဆိုပေမယ့် ဝက်ခြံဆိုတာ အရေပြားပြဿနာဖြစ်တာမို့ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေပြီးနောက်မှာ ကျားဟော်မုန်းအနည်းငယ် မြင့်တက်လာတယ်ဆိုတာ မှန်ပေမယ့် ဝက်ခြံပေါက်လာတဲ့အထိတော့ မဟုတ်ပါဘူး။ ဒါ့အပြင် လိင်စိတ်ဆန္ဒအထွတ်အထိပ်ကို ရောက်ရှိပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ကျားဟော်မုန်းတွေက ပုံမှန်ပမာဏကို ပြန်ရောက်ရှိသွားပါတယ်။ ဒါကြောင့် အာသာဖြေ တဲ့ အကြိမ်ရေများလေ ဝက်ခြံပေါက်လေဆိုတာ အလွဲသက်သက်သာ ဖြစ်ပြီး ဟော်မုန်းအပြောင်းအလဲကြောင့်သာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားပြဿနာပါ။

    ဒါဆို ဝက်ခြံမပေါက်အောင် ဘယ်လိုကာကွယ်မလဲ

    ဝက်ခြံဆိုတာ ချွေးပေါက်အတွင်း အညစ်အကြေးနဲ့ အဆီတွေ ပိတ်မိတာ၊ အရေပြားအပေါ်ယံမှာ ပျက်စီးနေတဲ့ ဆဲလ်အသေတွေ စုပုံလာတာ၊ အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ပွားနေတာကြောင့် ဝက်ခြံပေါက်ရခြင်းဖြစ်ပါတယ်။ ဒီလို နီရဲပြီး ဖောင်းကြွကြွဖြစ်နေတဲ့ အဖုလေးတွေကို လက်နဲ့ ကုတ်မိလိုက်တာ၊ ညှစ်မိလိုက်တဲ့အခါ ပိုးဝင်ပြီး ပိုဆိုးသွားနိုင်တာကြောင့် ကိုယ့်အရေပြားကို သေချာသန့်ရှင်းအောင် ထားဖို့နဲ့ ဝက်ခြံမပေါက်အောင် ကာကွယ်မှ အဆင်ပြေမှာပါ။ ဘယ်လိုကာကွယ်မလဲဆိုရင်

    ၁။ မျက်နှာကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ဆပ်ပြာနဲ့ သစ်ပါ။ ပြီးပြီးရော မသစ်ဘဲနဲ့ မျက်နှာရဲ့ နေရာအနှံ့ကို စက်ဝိုင်းပုံစံလေး နှံ့စပ်အောင် ဆပ်ပြာတိုက်ပြီးမှ ရေနဲ့ ပြောင်စင်အောင် ဆေးကြောရမှာပါ။

    ၂။ လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန် ချွေးတိတ်အောင် စောင့်ပြီးတာနဲ့ မျက်နှာကို သေချာသန့်စင်ပေးပါ။

    ၃။ မျက်နှာသစ်ပြီး ခြောက်အောင် သုတ်ပြီးသွားတာနဲ့ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။

    ၄။ အပြင်မသွားခင် နာရီဝက်အလို နေလောင်ကာခရင်မ် တစ်ခုခု လိမ်းပေးပါ။ နေပူထဲ မျက်နှာကို ဘာမှမလိမ်းဘဲ ထွက်တဲ့အကျင့်ကို ဖျောက်ပါ။

    ၅။ တစ်ပတ်ကို ၂ကြိမ်လောက် မျက်နှာကို ချေးချွတ် (Scrub တိုက်) ပေးပါ။ ပျက်စီးနေတဲ့ အရေပြားဆဲလ်အသေတွေ ပုံမှန်ဖယ်ရှားဖို့ လိုပါတယ်။ ဒီလိုဆဲလ်အသေတွေက စုပုံလာပြီဆိုရင် ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။

    ၆။ ကိုယ့်အရေပြားအတွက် အသုံးပြုနေတဲ့ အလှကုန်ပစ္စည်း၊ အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေက ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိ၊ မရှိ သေချာစစ်ဆေးပါ။

    ၇။ ကိုယ့်ခေါင်းအုံးစွပ်ကို တစ်ပတ် တစ်ကြိမ်လောက် အဝတ်လျှော်ဆပ်ပြာ အပျော့စားနဲ့ စိမ်ပြီး လျှော်ပေးပါ။ အိပ်ရာခင်းတွေကိုလည်း တစ်လ တစ်ကြိမ်လောက် သေချာစိမ်ပြီး လျှော်ဖွပ်ပေးရပါမယ်။

    ၈။ အပြင်အရေပြားကို အစိုဓာတ်ထိန်းဖို့လိုအပ်သလို အတွင်းဘက်မှာ ရေဓာတ်ပြည့်ဝနေဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ များများစားပေးပါ။

    ၉။ ညဘက်တွေမှာ အိပ်ရေးဝအောင် အိပ်ပါ။ အမျိုးသားတစ်ယောက် ကျန်းမာတက်ကြွနေဖို့ ညဘက်မှာ အနည်းဆုံး ၇နာရီခန့် အပြည့်အဝအိပ်ချိန်ရဖို့ လိုအပ်ပါတယ်။

    ဒီနည်းလမ်းတွေက ဝက်ခြံကို ထိရောက်စွာ ကာကွယ်ပေးနိုင်မယ့် အိမ်တွင်းနည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ အကယ်လို့ ကိုယ်က ဝက်ခြံတွေ အမြဲလိုလို ထွက်နေတယ်။ ကုတ်မိရာကနေ ပိုးဝင်ပြီး အရေပြားပြဿနာတွေ ဖြစ်လာပြီဆိုရင်တော့ အရေပြားအထူးကုနဲ့ ပြသသင့်ပါတယ်။ တစ်ကိုယ်ရေ အာသာဖြေခြင်းနဲ့ ဝက်ခြံဟာ ဆက်စပ်မှုမရှိတာမို့ ဝက်ခြံပေါက်မှာ ကြောက်တာနဲ့တော့ တစ်နေ့တာအလုပ်ကို လျှော့ဖို့တော့ မလိုအပ်ပါဘူး ကိုယ့်လူတို့ရေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 10/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement