backup og meta

လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် နည်းလမ်းများ


Dr. Khin Yin Kyay မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် နည်းလမ်းများ

    ထောင်ပေါင်းများစွာသော အလုပ်သမားတွေဟာ နှစ်စဉ်ပင် အလုပ်ခွင်မှာ ထိခိုက်ဒဏ်ရာ ရရှိနေကြပါတယ်။ သူတို့ထဲက အချို့ဟာ ဒဏ်ရာ ရရှိမှုပြင်းထန်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်ကြပါတယ်။ ရုံးအလုပ်ပဲ ဖြစ်စေ ဆောက်လုပ်ရေးဆိုင်ရာ အလုပ်ပဲ ဖြစ်စေ ဘယ်လိုအလုပ်အမျိုးအစားမှာမဆို ထိခိုက်ဒဏ်ရာရရှိနိုင်ခြေ ကတော့ရှိနေပါတယ်။ သင့်ကိုယ်သင် အလုပ်လုပ်နေစဉ်မှာ အန္တရာယ် ကင်းအောင် အောက်ပါနည်းလမ်းတွေကို စိတ်ထဲမှာ အမြဲသတိရှိနေပါမယ်။

    သင့်ရဲ့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အမြဲဂရုစိုက်ကာ သတိရှိနေပါ။

    အလုပ်လုပ်သူများဟာ ၎င်းတို့ အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်ကို သပ်ရပ်သန့်ရှင်းစွာ မထားပဲ ဖြစ်သလိုနေခြင်းဟာ လုပ်ငန်းခွင်ဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို ဖြစ်ပေါ်လာစေတဲ့ အဓိကအကြောင်းအရင်း ဆိုတာကို သတိမပြုမိကြပါဘူး။ ဥပမာအားဖြင့် သင်အလုပ်လုပ်တဲ့ ကြမ်းပြင်ပေါ်မှ ပြန့်ကြဲနေတဲ့ ပစ္စည်းတွေကြောင့် အလွယ်တကူ ချော်လဲနိုင်ပြီး ထိခိုက်ဒဏ်ရာ ရနိုင်တယ်ဆိုတာကို သိရပါမယ်။ ဒါကြောင့် အလုပ်လုပ်တဲ့ နေရာပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားပြီး ပစ္စည်းများကို စုစုစည်းစည်း ထားပေးခြင်းဟာ ထိခိုက်ဒဏ်ရာ ရဖို့ အန္တရာယ် လျော့ကျစေတယ်ဆိုတာကို အမြဲတမ်းသိရပါမယ်။ ကြမ်းခင်းပေါ်မှာ ချော်လဲမှု မဖြစ်စေနိုင်တဲ့ အခင်းမျိုးကို အသုံးပြုဖို့နဲ့ မချော်လဲနိုင်တဲ့ ဖိနပ်တွေကို ဝတ်ဆင်နိုင်ရန် ကုမ္ပဏီကို အကြံပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်နေသူ သို့မဟုတ် အမြင့်တစ်နေရာတွင် အလုပ်လုပ်နေသူဖြစ်ပါက ပြုတ်ကျခြင်း မဖြစ်အောင် အမြဲ ဂရုစိုက်နေရပါမယ်။ လှေကားများ နှင့် ငြမ်းစင်များကို ကောင်းစွာတည်ဆောက်ပြီး စနစ်တကျ တပ်ဆင်ထားခြင်း၌ အာရုံစိုက်ထားသင့်ပါတယ်။ ၎င်းပစ္စည်းတွေကို အမြဲစစ်ဆေးနေပြီး မကြာခဏ ခိုင်ခန့်မှုရှိမရှိ စစ်ဆေးခြင်း အားဖြင့် သေချာအောင်ပြုလုပ်ဖို့က အရမ်းကို အရေးကြီးပါတယ်။

    သင်ဟာ အလုပ်နေရာအသစ်ကို ပထမဆုံးစတင် ဝင်ရောက်တဲ့ အခါ သင့်ကိုယ်သင် ကာကွယ်ရန် လုပ်သင့်တဲ့ အရာအားလုံးကတော့ အခန်းဖွဲ့စည်းပုံ၊ အပြင်အဆင်ကို စနစ်တကျထားရန်နဲ့ တကယ်လို့ သင့်မှာ အခြားအန္တရာယ် တွေဖြစ်လာတဲ့ အခါ လျှောက်လမ်းတွေကို မှတ်မိဖို့ရာ အရေးကြီးပါတယ်။ တကယ်လို့ အခန်းထဲမှ စက်ပိုင်းဆိုင်ရာဖြစ်စေ၊ တစ်စုံတစ်ခုဟာ အလုပ်မလုပ်တော့လျှင် သို့မဟုတ် သင့်ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တယ်ဆိုရင် ရုံးရဲ့စက်မှု လက်မှုပိုင်းဆိုင်ရာကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့ဆီသို့ ချက်ခြင်း အကြောင်းကြားပါ။

    အရာဝတ္တု ပစ္စည်းများ ပြုတ်ကျခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရခြင်းမှ ရှောင်ကြဉ်ပါ။

    အထူးသဖြင့် အန္တရာယ်ရှိသော အရာဝတ္တုပစ္စည်းတွေရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်မယ်ဆိုရင် အကာအကွယ်ပစ္စည်းတွေကို ဝတ်ဆင်ထားဖို့ရာ အရမ်းကို အရေးကြီးပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာ ရရှိခြင်းမှ ကာကွယ်ရန် အောက်ဖော်ပြပါ အန္တရာယ်ကင်းစေတဲ့ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

    ကရိန်းများ၊ ကြီးမားသောစက်ပစ္စည်းကြီးများ သို့မဟုတ် လေးလံသော စက်ပစ္စည်းများအောက်တွင် အလုပ်မလုပ်ပါနဲ့။ ဝဲပျံနေသောအရာများ၊ ဓါတုပစ္စည်းများနှင့် လောင်စေတတ်သောအရည်များ၏ အန္တရာယ်မှ ရှောင်ကြဉ်ရန် လေကာ၊ ရေကာသော မျက်မှန်များနှင့် မျက်နှာဖုံးများကို ဝတ်ဆင်သင့်ပါတယ်။

    ရှရာ၊ ခြစ်ရာ၊ ပေါက်ပြဲရာများနှင့် မီးလောင်ခြင်းများ၊ ဓါတုပစ္စည်းများကို အရေပြားမှ စုပ်ယူခြင်း သို့မဟုတ် အလွန်ဆိုးဝါးသော အပူချိန်နဲ့ထိတွေ့ရခြင်း စတဲ့ အချိန်တွေမှာ မိမိရဲ့ အသားအရေ ပျက်စီးခြင်းကို ကာကွယ်ရန် လက်အိတ်ကို ဝတ်ဆင်သင့်ပါတယ်။

    အရာဝတ္တုများ ပြုတ်ကြလာတဲ့အခါ အကာအကွယ်ဖြစ်စေရန် ဦးထုပ်အမာကို စောင်းသင့်ပါတယ်။ အရာဝတ္တုအလေးကြီးများ ခြေထောက်ပေါ်သို့ ရုတ်တရက် ပြုတ်ကျပြီး နာကျင်ခြင်း မဖြစ်အောင် လုပ်ငန်းခွင်တွေထဲမှာ အန္တရာယ်ကင်းစေတဲ့ ရှူးဖိနပ်တွေကို ဝတ်ဆင်ရပါမယ်။

    အလွန်ဆူညံသော နေရာများတွင် အလုပ်လုပ်ရတဲ့အခါ အကြားအာရုံ မထိခိုက်အောင် နားအပိတ်ဝတ်ဆင်ခြင်း သို့မဟုတ် နားအစွပ် ဝတ်ဆင်ခြင်းကို ပြုလုပ်သင့်ပါတယ်။

    သင်ဟာ ယာဉ်တွေနဲ့ အလုပ်လုပ်ရတာ ဆိုရင် အန္တရာယ်ကင်းအောင် ခါးပတ် ပတ်ထားရပါမယ်။

    သင်လုပ်ကိုင်နေတဲ့ စက်ယန္တရား၊ ယာဉ်ပစ္စည်းတွေရဲ့ အန္တရာယ်တွေကို စောင့်ကြည့် စစ်ဆေးပါ။

    သင့်ရဲ့ ကုမ္ပဏီမှ ယာဉ်များ၊ စက်ပစ္စည်းများဟာ အချိန်မှန်လေ့လာစစ်ဆေးပြီး ပြန်လည်စီမံထားခြင်းကို သေချာအောင် လုပ်ဖို့ရာ လိုအပ်ပါတယ်။ များသောအားဖြင့်ကတော့ တစ်လကို အနည်းဆုံးတစ်ကြိမ် ပြန်လည်စစ်ဆေး ပြုပြင်ကြပါတယ်။ တကယ်လို့ လိုအပ်မယ်ဆိုရင် အသစ်ပြန်ပြင်ထည့်ရမယ့် အပိုင်းတွေလည်း လိုအပ်လာနိုင်တယ် ဆိုတာကို စစ်ဆေးရပါမယ်။ OSHA အဖွဲ့အစည်းရဲ့ ပြောပြချက်အရ တစ်နှစ်လျှင် အလုပ်သမားများရဲ့ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းကြောင့် ဒေါ်လာ ၆၀ ဘီလီယံ လောက်ပျှမ်းမျှ ကုန်ကျတယ်လို့ ဆိုပါတယ်။

    တကယ်လို့ သင်ဟာ ယာဉ်တစ်စီးကို မောင်းတော့မယ်ဆိုရင် ထိခိုက်ဒဏ်ရာ ရရှိမှု မဖြစ်အောင် မမောင်းခင်မှာ အချက်ပြမီးများ၊ ဘီးလုံးရဲ့ ဖိအားနှင့် ကန်ထဲရှိ ဓါတ်ငွေ့ပမာဏ စတာတွေကို သေချာစစ်ဆေးရမှာ ဖြစ်ပါတယ်။

    ရာသီဥတု အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားဖို့ရာ လိုအပ်ပါတယ်။

    အလွန်ပူလွန်း၊ အေးလွန်းသော ရာသီဥတုဟာ သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒီလိုဆိုးဝါးတဲ့ အခြေအနေတွေ အောက်မှာ အလုပ်လုပ်ရတဲ့ အခါ သင့်ကို ပေးနိုင်တဲ့ အကြံဉာဏ် အချို့ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ တကယ်လို့ ရာသီဥတုဟာ အေးနေမယ်ဆိုရင် သင့်ရဲ့ ခန္ဓါကိုယ် တစ်ခုလုံးကို လုံခြုံအောင် ဖုံးအုပ်ပေးနိုင်တဲ့ အဝတ်အစားထူထူကို ဝတ်ဆင်ခြင်းအားဖြင့် သင့်ရဲ့ ခန္ဓါကိုယ် နွေးထွေးအောင် အမြဲတမ်းလုပ်ပေးဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ အဝတ်အစားတွေ စိုလာတဲ့အခါလဲဖို့ရာလည်း အဝတ်အစားအချို့ ပြင်ဆင်ထားသင့်ပါတယ်။ အရမ်းပူတဲ့ ရာသီဥတုမှာ ဆိုရင်တော့ ရေများများသောက်ခြင်း အားဖြင့်လုံလောက်တဲ့ ရေပမာဏကို သင့်ရဲ့ခန္ဓါကိုယ်က ရရှိအောင် ပြုလုပ်ပေးရပါမယ်။ ချောင်ချောင်ချိချိ အဝတ်အစားတွေကို ဝတ်ဆင်ဖို့နဲ့ အေးမြသော နေရာမှာ မကြာခဏ အနားယူဖို့လည်းပဲ လိုအပ်ပါတယ်။ ဒီလိုဆိုးဝါးတဲ့ အပူချိန်တွေအောက်မှာ အလုပ်လုပ်ရတဲ့ အခါမှာ ပိုပြီး အန္တရာယ်ကင်းစေဖို့ အကြံဉာဏ်တွေ အကြောင်းကို သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    Translated by khin yin kyay

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement