backup og meta

သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 11/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

    သိုင်းရွိုက်ဂလင်းဟာ သင့်ရဲ့လည်ပင်းအရှေ့ပိုင်း အသံအိုးရဲ့အောက်မှာ လိပ်ပြာတောင်ပံပုံစံ တည်ရှိပါတယ်။ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းတွေထုတ်လုပ်ပေးပြီး သွေးထဲကနေတဆင့် ကိုယ်ခန္ဓာအနှံ့အပြားက တစ်ရှူးတွေဆီ ရောက်ရှိသွားစေပါတယ်။ သိုင်းရွိုက်ဟော်မုန်းများဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေအတွက် အထောက်အကူပြုပါတယ်။ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများကို ပုံမှန်လှုပ်ရှားနိုင်အောင် ထိန်းသိမ်းရာမှာနဲ့ ကိုယ်ခန္ဓာအပူချိန်ကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။

    တခါတရံမှာ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းများကို အလွန်အကျွံ ထုတ်လုပ်တာကြောင့် ပုံမှန်လုပ်ငန်းတာဝန်တွေကနေ ချွတ်ချော်သွားတာမျိုး ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာလည်း ရောင်ရမ်းခြင်း၊ အရည်အိတ်များ အကျိတ်များဖြစ်ခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ အဆိုပါ အခြေအနေတွေမှာ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။

    သိုင်းရွိုက်ခွဲစိတ်မှုပြုလုပ်သင့်သော အကြောင်းအရင်းများ

    သိုင်းရွိုက်ခွဲစိတ်ခြင်း အဓိကပြုလုပ်သင့်တဲ့ အကြောင်းအရာကတော့ သိုင်းရွိုက်ဂလင်းထဲမှာ အရည်အိတ်တွေ၊ အကျိတ်တွေ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါတယ်။ အကျိတ်အဖုအများစုကတော့ ကင်ဆာကျိတ်မဟုတ်ပေမယ့် တခါတရံမှာတော့ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။

    ကင်ဆာဖြစ်နိုင်ခြေမရှိတဲ့ အကျိတ်များဟာလည်း ကြီးထွားလာတဲ့အခါ လည်ချောင်းကို ကျဉ်းသွားစေနိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများကိုလည်း အလွန်အကျွံ ထွက်လာစေတတ်ပါတယ်။ အဆိုပါ အခြေအနေကို သိုင်းရွိုက်အလွန်အကျွံ အလုပ်လုပ်ခြင်း (Hyperthyroidism) လို့ ခေါ်ဝေါ်ပါတယ်။

    ဂရေ့ဗ်စ်ရောဂါလို့ခေါ်တဲ့ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်လို့ဖြစ်တဲ့ပြဿနာမှာလည်း သိုင်းရွိုက် အလွန်အကျွံ အလုပ်လုပ်ခြင်း ဖြစ်လာနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းများ ပိုမိုထွက်ရှိခြင်း မရှိဘဲနဲ့လည်း သိုင်းရွိုက်ဂလင်းကြီးမားလာနိုင်ပါတယ်။

    လည်ပင်းကြီးရောဂါလို့ လူသိများကြပါတယ်။ လည်ပင်းကြီးရောဂါမှာလည်း လည်ချောင်းကို ပိတ်ဆို့စေတာကြောင့် စားသောက်ခြင်း၊ စကားပြောခြင်း၊ အသက်ရှူခြင်း စတာတွေအတွက် အနှောင့်အယှက်ပေးပါတယ်။

    အထက်ပါအခြေအနေတွေမှာ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ပြီး ကုသနိုင်ပါတယ်။

    ခွဲစိတ်မှုအမျိုးအစားများ

    သိုင်းရွိုက်ခွဲစိတ်မှု အမျိုးအစားပေါင်းများစွာ ရှိပါတယ်။ အများဆုံးပြုလုပ်တဲ့ ခွဲစိတ်မှုတွေကတော့ အခြမ်းလိုက်ဖြတ်ထုတ်ခြင်း (lobectomy)၊ သိုင်းရွိုက်သား အနည်းငယ်ချန်သော ခွဲစိတ်ခြင်း (subtotal thyroidectomy) နဲ့ သိုင်းရွိုက်ဂလင်းတခုလုံး ခွဲစိတ်ဖယ်ရှားခြင်း (total thyroidectomy) စတာတွေ ဖြစ်ပါတယ်။

    အခြမ်းလိုက်ဖြတ်ထုတ်ခြင်းကို သိုင်းရွိုက်ဂလင်းတဖက်ဖက်မှာ ရောင်ရမ်းခြင်း၊ အကျိတ်အဖုဖြစ်ခြင်း စတာတွေအတွက် ကုသရာမှာ အသုံးပြုပါတယ်။ တဖက်ခြမ်းကို ဖြတ်ထုတ်ပြီးချိန်မှာ ကျန်ခဲ့တဲ့အခြမ်းကနေ ပုံမှန်လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။

    တခါတရံမှာ သိုင်းရွိုက်ဂလင်းကို ဖယ်ထုတ်ပြီး သိုင်းရွိုက်တစ်ရှူးအနည်းငယ် ချန်ခဲ့တဲ့နည်းကို အသုံးပြုပါတယ်။ အဆိုပါခွဲစိတ်ခြင်းပြုလုပ်ပြီးချိန်မှာလည်း သိုင်းရွိုက်လုပ်ငန်းအချို့ လည်ပတ်နိုင်ပါသေးတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်တာတော့ နည်းသွားနိုင်ပါတယ်။ အဆိုပါ အခြေအနေမှာ သိုင်းရွိုက်ဟော်မုန်းအားဖြည့်ဆေးတွေ သုံးစွဲရတတ်ပါတယ်။

    သိုင်းရွိုက်ဂလင်းတခုလုံး ရောင်ရမ်းနေရင်၊ ကင်ဆာကျိတ်ဖြစ်ပေါ်နေရင် သိုင်းရွိုက်ဂလင်းတခုလုံးကို ခွဲစိတ်ဖယ်ရှားပါတယ်။

    သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်း ဘယ်လိုလုပ်ဆောင်သလဲ

    သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းဟာ ဆေးရုံမှပဲ ပြုလုပ်ရတဲ့ အကြီးစားခွဲစိတ်မှု ဖြစ်ပါတယ်။ မခွဲစိတ်ခင်မှာ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်တို့ကနေ ခွဲစိတ်ဖို့ သင့်တော်တဲ့ အခြေအနေရှိမရှိ ဆုံးဖြတ်ပါလိမ့်မယ်။ ခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဆရာဝန်ဆီမှာ ကြိုတင်ပြီး မေးမြန်းနိုင်ပါတယ်။ ခွဲစိတ်မုှမပြုခင်မှာ အနည်းဆုံး ၈နာရီခန့် အစာမစား၊ အရည်မသောက်ဘဲ နေရပါတယ်။

    ခွဲစိတ်ချိန်မှာ မေ့ဆေးပေးပြီး လည်ပင်းကို ခွဲစိတ်ပြီး သိုင်းရွိုက်ကို ခွဲစိတ်ကုသပါတယ်။ သိုင်းရွိုက်ဂလင်းဟာ သေးငယ်တဲ့အပြင် ဘေးမှာလည်း သွေးကြောနဲ့ အာရုံကြောတွေ များစွာရှိတဲ့အတွက် ခွဲစိတ်မှုဟာ အနုစိတ်ပြီး အနည်းဆုံးနှစ်နာရီခန့် ကြာနိုင်ပါတယ်။

    ခွဲစိတ်ပြီးချိန်မှာတော့ ခွဲစိတ်ပြီးလူနာများထားတဲ့အခန်းမှာထားပြီး စောင့်ကြည့်ပါလိမ့်မယ်။ အခြေအနေ စိတ်ချသွားရရင် ပုံမှန်အခန်းကို ပြောင်းရွှေ့ပြီး ၂၄-၄၈ နာရီ ထပ်မံစောင့်ကြည့်ကုသပါလိမ့်မယ်။ ခွဲစိတ်ပြီး ရက်အတန်ကြာတဲ့အထိ လည်ပင်းမှာ နာခြင်း၊ ရောင်ခြင်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်ချိန်းဆိုတဲ့အတိုင်း ပြန်လည်ပြသဖို့ လိုပါတယ်။

    ခွဲစိတ်မှုမှာ နောက်ဆက်တွဲပြဿနာတွေရှိသလား

    တခြားသော ခွဲစိတ်မှုတွေလိုပဲ ခွဲစိတ်ခြင်းကြောင့်၊ မေ့ဆေးထုံဆေးကြောင့် ကြုံနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ သိုင်းရွိုက်ဂလင်းနဲ့ ကပ်လျက်က အသံအိုးနဲ့ဆက်သွယ်ထားတဲ့ အာရုံကြောကို ထိခိုက်မိခြင်း၊ ပါရာသိုင်းရွိုက်ဂလင်းကို ထိခိုက်မိခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းထွက်တာ နည်းသွားနိုင်ပါတယ်။ ခွဲစိတ်ပြီးချိန်မှာ သက်ဆိုင်ရာဆရာဝန်နဲ့ ပုံမှန်ပြသသွားဖို့ လိုအပ်ပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 11/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement