အရေပြားကျန်းမာရေးနှင့် ရောဂါများ အကြောင်း မပြောခင်မှာ အရေပြားနဲ့ ပတ်သက်ပြီး သိထားဖို့လိုအပ်ပါတယ်။ အရေပြားဆိုတာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်ပြီး ခေါင်းအစ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားပါတယ်။ အရေပြားသည် ကိုယ်ခံအားစနစ်ရဲ့ ပထမဦးဆုံးနဲ့ အပြင်ဘက်အကျဆုံး ခံတပ်တစ်ခုဖြစ်ပြီး ရောဂါပိုးမွှားတွေကို အသက်ရှူလမ်းကြောင်း၊ အစာရေမျိုလမ်းကြောင်းကနေ ခန္ဓာကိုယ်ထဲ မဝင်ရောက်စေဖို့ တားဆီးပေးပါတယ်။
အရေပြားဟာ အလှအပအတွက်သာမက လူတွေရဲ့ကျန်းမာရေးအတွက်ပါ သက်ရောက်မှုများစွာ ဖြစ်စေနိုင်ပါတယ်။ အရေပြားက အဆီပြန်လွန်းရင်လည်း ချွေးပေါက်တွေ ကျယ်ပြီး ဖုန်၊ အဆီ၊ အညစ်အကြေးတွေ ဝင်အောင်းကာ ဝက်ခြံ၊ အဆီဖုတွေ ဖြစ်လွယ်နိုင်တယ်။ အစိုဓာတ်၊ ရေဓာတ် နည်းလွန်းတဲ့အခါ ခြောက်ပြီး အသားအရောင်ညစ်ထေးထေး ဖြစ်မယ်၊ အရေပြားပါးလာတဲ့အတွက် နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရနိုင်ပြီး အရေပြားကင်ဆာ၊ ဓာတ်ရောင်ခြည်သင့်တာတွေ ပိုပြီးဖြစ်နိုင်ခြေ ရှိပါတယ်။ ခြောက်သွေ့လွန်းရင်လည်း အရေပြားမှိုစွဲတာ၊ အက်ကွဲတာ၊ အသားပပ်တာ၊ ယားယံတာတွေ ဖြစ်လွယ်ပါတယ်။
အဖြစ်များသော အရေပြားပြဿနာများ
၁။ ဝက်ခြံ (Acne)
၂။ ရေယုန်နာ (Cold Sore)
၃။ အရည်ကြည်ဖု (Blister)
၄။ အရေပြားပေါ်တွင် ထွက်တဲ့ အဖုအပိမ့် (Hives)
၅။ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်းကြောင့်ဖြစ်သော အရေပြားအနာ (Actinic Keratosis)
၆။ နာတာရှည်အရေပြားရောဂါ ရိုစေးရှား (Rosacea)
၇။ အနာပဆုပ် (Carbuncle)
၈။ လေးတက်စ် ရာဘာသားနှင့် ဓာတ်မတည့်လို့ဖြစ်သော အရေပြားအနာ (Latex Allergy)
၉။ နှင်းခူရောဂါ (Eczema)
၁၀။ ဆိုရီရေးစစ် ရောဂါ (Psoriasis)
၁၁။ အနာစိမ်း သို့မဟုတ် အနာထဲပိုးဝင်ခြင်း (Cellulitis)
၁၂။ ရေကျောက်ပေါက်ခြင်း (Chicken Pox)
၁၃။ အရေပြားရောင်ခြယ်ဆဲလ်များ ပျောက်ဆုံးခြင်း (Vitiligo)
၁၄။ လက်ပရိုစီရောဂါ (Leprosy)
၁၅။ အနာစက် (Impetigo)
၁၆။ ဝဲစို၊ ဝဲခြောက် (Scabies)
၁၇။ ပွေးပေါက်ခြင်း (Ringworm)
၁၈။ ကြွက်နို့ (Warts)
၁၉။ ညှင်း (Malasezia Fungus Infection)
၂၀။ ဓာတ်မတည့်ပစ္စည်းနှင့် ထိတွေ့ပြီးနောက် အနာဖြစ်ခြင်း (Contact Dermatitis)
၂၁။ အနီစက်များထခြင်း (Keratosis Pilaris)
အလှအပနှင့် ကျန်းမာရေးအပေါ် သက်ရောက်နေသော အသားအရေ အမျိုးအစားများ
၁။ ပုံမှန်အသားအရေ (Normal Skin)
၂။ အဆီပြန် အသားအရေ (Oily Skin)
၃။ ခြောက်သွေ့သော အသားအရေ (Dry Skin)
၄။ ပေါင်းစပ် အသားအရေ (Combination Skin)
၅။ ထိခိုက်လွယ် အသားအရေ (Sensitive Skin) ဆိုပြီး အမျိုးမျိုး ရှိနိုင်ပါတယ်။ ကိုယ့်ရဲ့ အသားအရေ အမျိုးအစားပေါ် မူတည်ပြီး အချို့အရေပြားရောဂါတွေဟာ အဖြစ်များတာရှိသလို အဖြစ်နည်းတာမျိုးလည်း ရှိနိုင်ပါတယ်။
အရေပြားပြဿနာကို အဖြစ်များစေသော အကြောင်းရင်းများ
၁။ နေရောင်ခြည်နှင့် ထိတွေ့မှုများခြင်း
အပြင်သွားတဲ့အခါ နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ အသားအရေနေရာမှန်သမျှ နေလောင်ကာခရင်မ် လိမ်းပေးဖို့လိုအပ်ပါတယ်။ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာ အရေပြားအောက်ဆုံးလွှာထိ ထိုးဖောက်နိုင်ပြီး အရေပြားဆဲလ်တွေကို ဖျက်ဆီးနိုင်တယ်။ အသားအရောင်ကို မှိန်စေပြီး ခြောက်သွေ့ကြမ်းတမ်းလာစေတယ်။ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေပြီး အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ အာနိသင်ကို လျော့ကျစေလို့ အရေပြားလျော့တိလျော့ရွဲဖြစ်လာပါတယ်။
၂။ အစိုဓာတ်၊ ရေဓာတ် ခန်းခြောက်ခြင်း
အရေပြားကျန်းမာစိုပြေနေဖို့အတွက် ခန္ဓာကိုယ်က ရေဓာတ် ပြည့်ဝနေဖို့လိုသလို အရေပြားကလည်း အစိုဓာတ်ထိန်းထားနိုင်ဖို့ အရေးကြီးပါတယ်။ အစိုဓာတ်ဟာ အရေပြားအပေါ်ယံလွှာကို စိုပြေနူးညံ့စေပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ ရေဓာတ်ဟာ အရေပြားရဲ့ အတွင်းပိုင်းတစ်သျှူးတွေကို အေးမြစေပြီး သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်ဆန်စေတဲ့အတွက် အသားအရေကို ကျန်းမာနုပျိုစေပါတယ်။ ဒါကြောင့် အစိုဓာတ်၊ ရေဓာတ် နည်းလာတာနဲ့အမျှ အသားအရေက မွဲခြောက်ခြောက်ဖြစ်ပြီး အရေပြားပြဿနာဖြစ်နိုင်ခြေ ပိုများလာရခြင်း ဖြစ်ပါတယ်။
၃။ နေထိုင်မှုစားသောက်မှုပုံစံ
အရေပြားအပေါ် အကျိုးသက်ရောက်မှုဖြစ်စေတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အစားအစာ၊ ဖြည့်စွက်စာကနေတစ်ဆင့် လုံလောက်စွာ မရရှိတဲ့အခါ အရေပြားက အာဟာရဓာတ်ချို့တဲ့ပြီး အရေပြားဆဲလ် ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ အရေပြားရဲ့သဘာဝသည် ပြင်ပက နေရောင်ခြည်၊ လေထု၊ ရေထု၊ ဖုန်မှုန့်၊ ပွတ်တိုက်မှုတွေကြောင့် အမြဲတမ်းဆဲလ်တွေ ပျက်စီးပြီး ဆဲလ်အသေတွေ စုပုံနေတတ်ပါတယ်။ ဒီဆဲလ်အသေတွေကို မဖယ်ရှားဘဲ ပစ်ထားတဲ့အခါ အရေပြားက ညစ်ထေးပြီး ဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်း ကျသွားပါတယ်။
နောက်တစ်ချက်က တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတာကြောင့်ပါ။ ရေကို တစ်နေ့တစ်ကြိမ်လောက် ပုံမှန်ချိုးပေးမှသာ အရေပြားအပေါ်ယံလွှာမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားသန့်စင်ပေးနိုင်မှာပါ။ သန့်ရှင်းရေးမလုပ်တာ များလာရင် အရေပြားပေါ်မှာ ဘက်တီးရီးယားပိုးမွှားတွေ များသထက် များလာမယ်။ ထိုအခါ အရေပြားက တခြားရောဂါပိုးတွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ ခန္ဓာကိုယ်ထဲ အလွယ်တကူ ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါကို ဒုက္ခဖြစ်စေနိုင်ပါတယ်။
၄။ ပတ်ဝန်းကျင်က ထိတွေ့မိတဲ့အရာတွေ
ဖုန်မှုန့်၊ ဓာတုဗေဒပစ္စည်း၊ ကပ်ပါးပိုးကောင် အစရှိတဲ့ အရာတွေဟာ အရေပြားကို ယားယံစေပြီး ဓာတ်မတည့်လက္ခဏာတွေ ဖြစ်တဲ့ ယားယံခြင်း၊ အဖုအပိမ့်ထခြင်း၊ အင်ပျဉ်ထခြင်း၊ အနီစက်များထခြင်းတွေ ဖြစ်စေပြီး အသားအရေကို ပျက်စီးစေနိုင်ပါတယ်။
၅။ မိဘမျိုးရိုး
များသောအားဖြင့် မိဘမျိုးရိုးကနေ အသားအရေအမျိုးအစားနဲ့ အရေပြားရောဂါ ဖြစ်နိုင်ခြေတွေဟာ သားသမီးတွေဆီကို မျိုးဗီဇရောက်သွားတတ်တဲ့အတွက် ကလေးတွေမှာ မွေးရာပါ အရေပြားရောဂါ ဖြစ်လာနိုင်တာမျိုးလည်း ရှိပါတယ်။
၆။ ပတ်ဝန်းကျင်မသန့်ရှင်းခြင်း
မိမိကိုယ်တိုင်က သန့်ရှင်းနေသော်လည်း ကိုယ်ရှိနေတဲ့ အိပ်ခန်း၊ အိမ်ခြေနေရာ၊ အလုပ်ခွင်၊ ခေါင်းအုံး၊ စောင် အစရှိတာတွေက သန့်ရှင်းခြင်းမရှိဘဲ ဖုန်တက်နေတယ်ဆိုရင် အနီးစပ်ဆုံးအရေပြားကို ထိုညစ်ပတ်တဲ့အရာတွေက ဒုက္ခပေးနိုင်ပါတယ်။
အရေပြားပြဿနာရှိတယ်ဆိုတာ ပြသနေတဲ့ အချက်များ
၁။ အလွန်အမင်း ယားယံခြင်း
၂။ ပုံမှန်အသားအရောင်နဲ့ မတူတဲ့ အကွက်များ ဖြစ်နေခြင်း
၃။ အနီစက်များ၊ အပိမ့်များ၊ အင်ပျဉ်ကွက်များ ထနေခြင်း
၄။ အကြေးခွံများ ဖြစ်နေခြင်း
၅။ မကောင်းတဲ့ အနံ့အသက်များ ထွက်နေခြင်း
၆။ ပြည်တည်နေခြင်း၊ ပုံမှန်မဟုတ်တဲ့ အရည်များ စိမ့်ထွက်နေခြင်း စတဲ့ လက္ခဏာတွေကို အများဆုံးတွေ့ရပါတယ်။
ကုသမှုနည်းလမ်းများ
ကိုယ်ဖြစ်နေတဲ့ အရေပြားပြဿနာနဲ့ ဖြစ်ရတဲ့အကြောင်းရင်းဇစ်မြစ်ကို သိမှသာ ရောဂါကို သက်သာပျောက်ကင်းစေနိုင်မယ့် သောက်ဆေး၊ လိမ်းဆေးတွေကို ညွှန်ပေးလို့ ရမှာဖြစ်ပါတယ်။ အရေပြားရောဂါနဲ့ ကျန်းမာရေးပြဿနာတွေဟာ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးကူးစက်ခံရပြီး ဖြစ်နိုင်သလို ဓာတ်မတည့်စေနိုင်တဲ့ ပစ္စည်းများနှင့် အရေပြားထိတွေ့မိတာကြောင့်လည်း ဖြစ်နိုင်တယ်။ ဟော်မုန်းမျှခြေပျက်ယွင်းခြင်း၊ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာဖြစ်တဲ့ ပြဿနာပေါ် မူတည်ပြီး
- ဘက်တီးရီးယားပိုးမွှားများကို ထိန်းချုပ်ကုသခြင်း (Anti-Bacterial Treatment)
ဘက်တီးရီးယားပိုးမွှားကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေအတွက် ပဋိဇီဝပိုးသတ်ဆေးတွေကို သောက်ဆေး၊ လိမ်းဆေးပုံစံမျိုး ပေးနိုင်ပါတယ်။ ဒီဆေးတွေရဲ့ အဓိကရည်ရွယ်ချက်က အရေပြားအောက်က ပြဿနာဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေရန် ပစ်မှတ်ထားကုသပေးဖို့ ဖြစ်ပါတယ်။
- မှိုပိုးများကို ထိန်းချုပ်ကုသခြင်း (Anti-Fungal Treatment)
မှိုပိုးကြောင့်ဖြစ်သော အရေပြားရောဂါများကို ကုသတဲ့နေရာမှာ မှိုပိုးသတ်ဆေးကို အဓိကသုံးစွဲပါတယ်။ များသောအားဖြင့် သောက်ဆေး၊ လိမ်းဆေးပုံစံမျိုးနဲ့သာလာပြီး အသုံးပြုတဲ့ ပုံစံအရတော့ ထူးထူးခြားခြား ကွဲပြားပြောင်းလဲသွားတာမျိုး မရှိပါဘူး။
- ဗိုင်းရပ်စ်ပိုးများကို ထိန်းချုပ်ကုသခြင်း (Anti-Viral Treatment)
အရေပြားရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမွှားများကို လျော့ပါးသွားစေရန်အတွက် ဗိုင်းရပ်စ်ပိုးပျောက်ဆေးကို လိမ်းဆေး၊ သောက်ဆေးပုံစံမျိုး ပေးမှာဖြစ်ပါတယ်။ ဒီကုထုံး (၃) မျိုးလုံးသည် အရေပြားဆရာဝန်မှ ကိုယ့်ရဲ့ကျန်းမာရေးပြဿနာဇစ်မြစ်ကို စစ်ဆေးပြီးမှသာ ဆေးညွှန်းပေးမှာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆေးဆိုင်ကနေ ဆေးဝယ်သောက်တာ၊ လိမ်းတာမျိုးတော့ မလုပ်သင့်ပါဘူး။ အနာရဲ့ ဇစ်မြစ်နဲ့ လိမ်းတဲ့ဆေး မသက်ဆိုင်တဲ့အခါ ရောဂါပိုးက ဆေးယဉ်ပါးမှုဖြစ်ပြီး အရေပြားရောဂါပျောက်ကင်းဖို့ အချိန်ပိုကြာသွားနိုင်ပါတယ်။
- အယားသက်သာစေခြင်း ကုထုံး (Therapy for Itching)
များသောအားဖြင့် အရေပြားရောဂါတွေမှာ ယားယံတဲ့ လက္ခဏာတွေပါ တွဲပြီးတွေ့ရတတ်တာ ဖြစ်လို့ အယားသက်သာစေရန်အတွက် လိမ်းဆေး၊ သောက်ဆေးပေးတာမျိုး လုပ်ပေးပါလိမ့်မယ်။ အဓိက ယားယံခြင်းဝေဒနာ သက်သာတဲ့အခါ လူနာအနေနဲ့ ကုတ်တာ၊ ဖဲ့တာမျိုး နည်းသွားတဲ့အတွက် ဒဏ်ရာဖြစ်ပြီး အနာထဲ ပိုးအသစ်ဝင်နိုင်ခြေ ပိုနည်းသွားပါတယ်။
- ဟော်မုန်းကုထုံး (Hormonal Therapy)
ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေမှာ ဟော်မုန်းအစားထိုး ကုထုံးတွေကို ကုသမှုခံယူဖို့ ဆရာဝန်အနေနဲ့ အကြံပေးပါလိမ့်မယ်။ များသောအားဖြင့် ဟော်မုန်းမျှခြေ မတည်ငြိမ်တဲ့ အချိန်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်နေချိန်၊ သွေးဆုံးပြီးချိန်၊ ရာသီလာချိန်တွေမှာ အရေပြားပြဿနာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။ များသောအားဖြင့် ဟော်မုန်းကုထုံးတွေမှာ ဆေးရည်ထိုးသွင်းခြင်း၊ ကပ်ခွာကပ်ခြင်း၊ လိမ်းဆေးလိမ်းခြင်း စတဲ့နည်းလမ်းတွေရှိပြီး နှစ်ရှည်ကြာ ကုသမှုမျိုးဖြစ်ပါတယ်။
- ဓာတ်မတည့်ခြင်းကုထုံး (Therapy for Allergic Reactions)
ဖုန်မှုန့်၊ ဓာတုဗေဒပစ္စည်းတွေနဲ့ အရေပြားထိတွေ့မှုကြောင့် ဖြစ်တဲ့ယားနာပုံစံမျိုးအတွက် ဆရာဝန်က ပုံမှန်သောက်ပေးလို့ ရမယ့် သောက်ဆေး၊ လိမ်းဆေးတွေ ညွှန်ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိနေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းထားဖို့၊ လေထုအစိုဓာတ်ထိန်းစက် အသုံးပြုဖို့၊ ဓာတုဗေဒပစ္စည်းများကို လက်အိတ်၊ အကာအကွယ်ယူပြီး ကိုင်တွယ်ဖို့ နည်းလမ်းတွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။
Takeaways
ကိုယ့်မှာ ပုံမှန်မဟုတ်တဲ့ အရေပြားပြဿနာများ ကြုံလာရပြီဆိုပါက မိမိဘာသာ ဆေးဝယ်လိမ်းတာ၊ သောက်တာ၊ ဆေးမြီးတိုနဲ့ ကုသတာမျိုး မလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်နဲ့သာ စစ်ဆေးကုသမှုခံယူဖို့ အကြံပေးလိုက်ချင်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-bmi]