Home Blood Pressure Test (အိမ်မှာ သွေးပေါင်ဘယ်လိုချိန်မလဲ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 4 mins read
Share now

အိမ်မှာ သွေးပေါင်ချိန်တိုင်းတယ်ဆိုတာ ဘာလဲ။

ဆေးရုံဆေးခန်းသွားစရာမလိုဘဲ သင့်သွေးပေါင်ချိန်ကို အိမ်မှာနေရင်းနဲ့ တိုင်းတာနိုင်ခြင်းကို ဆိုလိုပါတယ်။ သွေးပေါင်ချိန်ဆိုတာကတော့ သင့်သွေးလွှတ်ကြောထဲမှာရှိတဲ့ သွေးဖိအားကို တိုင်းတာခြင်းအား ဆိုလိုပါတယ်။

အိမ်မှာ သွေးပေါင်ချိန်တဲ့ လူအများစုကတော့ အလိုလျောက်တိုင်းတာနိုင်တဲ့ သွေးပေါင်ချိန်စက်ကို အသုံးပြုလေ့ရှိပါတယ်။

သင့်လက်မောင်းမှာပတ်ထားတဲ့ အပတ်လေးကို တင်းပြီးဖောင်းလာအောင် လေညှစ်ထည့်ပေးခြင်းအားဖြင့် သွေးပြန်ကြောထဲမှာရှိတဲ့ သွေးစီးဆင်းမှုကို ယာယီရပ်ဆိုင်းသွားစေပါလိမ့်မယ်။ လက်မောင်းအပတ်ထဲက လေကို ဖြည်းဖြည်းချင်းပြန်လည် ထုတ်နေတဲ့အချိန်အတွင်း ဘယ်ဖိအားအတိုင်းအတာမှာ သွေးပြန်လည် စီးဆင်းသလဲဆိုတာကို စက်ကမှတ်သားပေးထားမှာ ဖြစ်ပါတယ်။

သွေးပေါင်တိုင်းတာတဲ့အခါ ဂဏန်းနှစ်ခုကို အသုံးပြုပြီး မှတ်တမ်းတင်ပါတယ်။

  • ပထမဂဏန်းကို အပေါ်သွေးလို့ ခေါ်ပြီး သင့်နှလုံးညှစ်တဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ အများဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။
  • ဒုတိယဂဏန်းကတော့ အောက်သွေးဖြစ်ပြီး နှလုံးခုန်သံ တချက်နဲ့ တချက်အကြား သင့်နှလုံးဖြေလျှော့နေတဲ့အချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အနည်းဆုံး သွေးဖိအားကို ကိုယ်စားပြုပါတယ်။

သွေးပေါင်ချိန်တိုင်းတာတဲ့ မူလကိရိယာတွေဟာ ပြဒါး (မာကျူရီ)ကို အသုံးပြုတဲ့အတွက် အဆိုပါ ဂဏန်းနှစ်ခုလုံးကို mm Hg (မီလီမီတာ မာကျူရီ) ဆိုတဲ့ ယူနစ်အတိုင်းအတာနဲ့ ပြသပါတယ်။ သွေးပေါင်ချိန်ဂဏန်းကို ဖတ်တဲ့အခါ အပေါ်သွေးကို အရင်ပြောပြီးမှ အောက်သွေးကို ပြောပါတယ်။ဥပမာ သင့်အပေါ်သွေးက ၁၂၀ ဖြစ်ပြီး အောက်သွေးက ၈၀ ဆိုရင် သင့်သွေးပေါင်ချိန်ကို ၁၂၀/၈၀ ဆိုပြီး ပြောလေ့၊ရေးမှတ်လေ့ရှိပါတယ်။

အလိုလျောက်သွေးပေါင်ချိန်စက်များ

အလိုလျောက်သွေးပေါင်ချိန်စက်တွေဟာ ဘက်ထရီထည့်သွင်း အသုံးပြုရတဲ့ စက်တွေဖြစ်ပြီး သွေးခုန်ခြင်းကို သိရှိနိုင်ဖို့အတွက် မိုက်ခရိုဖုန်းကို အသုံးပြုပါတယ်။ သင်ခလုတ်နှိပ်လိုက်တဲ့အခါ သင့်လက်မောင်းမှာပတ်ထားတဲ့ လက်ပတ်လေးဟာ အလိုလျောက် ဖောင်းကားခြင်း၊ဖြေလျှော့ပေးခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဆူပါမတ်ကတ်တွေ၊ဆေးဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေမှာ တွေ့ရှိရတတ်တဲ့ သွေးပေါင်ချိန်စက်တွေဟာ အများအားဖြင့် အလိုလျောက် သွေးပေါင်ချိန်စက်တွေပဲ ဖြစ်ပါတယ်။ သင့်လက်ချောင်းလေးတွေ ဒါမှမဟုတ် လက်ကောက်ဝတ်မှာ တိုင်းတာတဲ့ သွေးပေါင်ချိန်ဟာ တိကျမှုမရှိတာကြောင့် အသုံးမပြုသင့်ပါဘူး။

ရိုးရိုးသွေးပေါင်ချိန်စက်များ

ဒီစက်တွေကတော့ ဆရာဝန်တွေ သွေးပေါင်ချိန်ရင် အသုံးပြုတဲ့ စက်တွေဖြစ်ပြီး sphygmomanometer လို့ ခေါ်ပါတယ်။ ရိုးရိုးသွေးပေါင်ချိန်စက်မှာ ပါဝင်တဲ့ ပစ္စည်းတွေက လက်မောင်းပတ်၊လက်မောင်းပတ်ကို လေဖောင်းပေးဖို့ လက်ညှစ်ဘောလုံးလေး၊နားကြပ် နဲ့ သွေးပေါင်ချိန်ပြပေးတဲ့ မီတာ/ဒိုင်ခွက်တို့ ဖြစ်ပါတယ်။(လက်မောင်းပတ်ကို ညှစ်ပေးခြင်းအားဖြင့်) လက်မောင်းသွေးကြောထဲမှာ သွေးစီးဆင်းမှု ခဏရပ်ဆိုင်းသွားအောင်လုပ်ခြင်း နဲ့ အဆိုပါ သွေးကြောပေါ်မှာ နားကြပ်တင်ပြီးနားထောင်ခြင်းတို့ကို ပြုလုပ်ပြီး သွေးပေါင်ချိန်ကို တိုင်းတာပါတယ်။

ဘောလုံးလေးကို လျှော့ပြီး လက်မောင်းပတ်ထဲက လေကို ထုတ်ပေးလိုက်တဲ့အချိန်မှာ ပထမဆုံးပြန်ပေါ်လာတဲ့ သွေးခုန်သံကို နားထောင်ရပါတယ်။ ဒိုင်ခွက်ပေါ်မှာ မြှားတံလေးနဲ့ သွေးပေါင်ချိန်ကို ပြပေးမှာဖြစ်ပြီး လက်မောင်းပတ်ထဲမှာ လေဖိအားများလာတာနဲ့အမျှ ဒိုင်ခွက်မှာရှိတဲ့ မြှားတံလေးဟာ နာရီလက်တံအတိုင်းရွေ့လျားပါလိမ့်မယ်။

ဖိအားပြန်နည်းသွားရင်တော့ မြှားတံလေးဟာ နာရီလက်တံပြောင်းပြန် ရွေ့လျားပါမယ်။ လက်မောင်းပတ်ထဲက ဖိအားပြန်ကျလာလို့ သွေးခုန်သံကို ပထမဆုံးပြန်ကြားရတဲ့ အချိန်မှာ ပြနေတဲ့ ဒိုင်ခွက်က အမှတ်ဟာ အပေါ်သွေးဖြစ်ပြီး အဆိုပါ သွေးခုန်သံလေးကို လုံးဝမကြားရတော့ဘဲ ပျောက်သွားတဲ့အမှတ်ဟာ အောက်သွေးဖြစ်ပါတယ်။

အိတ်ဆောင်သွေးပေါင်ချိန်စက်များ

အဆိုပါ စက်လေးတွေဟာ သင့်ကိုယ်မှာ တနေ့တာလုံး ဝတ်ဆင်ထားရမယ့်(လက်မောင်းမှာ ပတ်ထားရမယ့်) စက်အသေးလေးတွေဖြစ်ပြီး အများအားဖြင့် ၂၄နာရီမှ ၄၈နာရီအထိ ပတ်ထားရလေ့ရှိကာ သင့်သွေးပေါင်ချိန်ကို အလိုလျောက်တိုင်းတာနေပါလိမ့်မယ်။

ဆေးရုံဆေးခန်းတွေမှာ သွေးပေါင်တိုင်းရမှာကို ကြောက်သူတွေ (သူတို့အနေနဲ့ ဆေးရုံဆေးခန်းမှာ သွေးပေါင်တိုင်းရင် ကြောက်တဲ့အတွက် မူမမှန်စွာ သွေးပေါင်တက်နေလေ့ရှိပြီး ဒါကို ဂျူတီကုတ်ကြောက်လို့ သွေးပေါင်တက်ခြင်း – white-coat hypertension လို့ခေါ်ပါတယ်) နဲ့ အခြားနည်းလမ်းအသုံးပြုတိုင်းတာလို့ အဆင်မပြေသူတွေ အတွက် အဆင်ပြေတဲ့ နည်းလမ်းတခုအဖြစ် ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။

ဘယ်လိုအချိန်မှာ သွေးပေါင်တိုင်းသင့်သလဲ။

အောက်ပါ အခြေအနေတွေမှာ အိမ်နေရင်း သွေးပေါင်တိုင်းဖို့ သင့်ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။

  • သွေးတိုးရောဂါခံစားရလုဆဲဆဲ အခြေအနေ (အပေါ်သွေး ၁၂၀ – ၁၃၉၊အောက်သွေး ၈၀ – ၈၉)။
  • သွေးတိုးရောဂါခံစားနေရခြင်း (အပေါ်သွေး ၁၄၀ နဲ့အထက်၊အောက်သွေး ၉၀ နဲ့အထက်)။
  • သွေးတိုးဖြစ်စေတဲ့ အချက်တွေ ရှိနေခြင်း။

အိမ်နေရင်းသွေးပေါင်မတိုင်းတာခင် ဘာတွေ ကြိုတင်ပြင်ဆင်သင့်သလဲ။

အိမ်နေရင်းတိုင်းတာတဲ့ သွေးပေါင်ချိန်ပမာဏအပေါ်မူတည်ပြီး သင်သုံးစွဲလျက်ရှိတဲ့ သွေးကျဆေးပမာဏကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပြောင်းလဲတာမျိုး မလုပ်ရပါဘူး။ သွေးပေါင်ချိန်ဟာ တရက်နဲ့တရက်မတူညီဘဲ ပြောင်းလဲနိုင်ပြီး တရက်ထဲမှာတောင် အချိန်နဲ့ အမျှ ပြောင်းလဲနေနိုင်ပါတယ်။ သွေးပေါင်ချိန်ဟာ မနက်ပိုင်းမှာ များနေတတ်ပြီး ညဖက်မှာ ကျတတ်ပါတယ်။

ကိုယ်စိတ်ဖိစီးမှု၊ဆေးလိပ်သောက်ခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း၊အစားစားခြင်း၊အအေးဒါဏ်၊နာကျင်ခြင်း၊ဆူညံမှု၊ဆေးဝါးတွေကြောင့်သာမက စကားပြောခြင်းကတောင် သွေးပေါင်ချိန်ပမာဏကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ တခါလောက်သွေးပေါင်တက်နေတာနဲ့ သွေးတိုးရှိနေပြီလို့ ပြောမရသလို တခါလောက် ပုံမှန်သွေးပေါင်ချိန်ဖြစ်သွားတာနဲ့ သွေးတိုးမရှိဖူးလို့လည်း မဆိုနိုင်ပါဘူး။ တကြိမ်တည်းတိုင်းတာ တာထက်စာရင် တနေ့တည်းမှာ အကြိမ်များစွာ တိုင်းတာခြင်းက ပိုပြီးတိကျမှန်ကန် အကျိုးဖြစ်စေပါတယ်။

သင့်သွေးပေါင်ချိန်ဟာ ဆေးခန်း၊ဆေးရုံမှာ တိုင်းတာတဲ့အချိန်မှာပဲ တက်နေတာမျိုးလည်း ဖြစ်နေနိုင်ပြီး ဒါမျိုးကို “ ဆေးရုံကြောက်ခြင်း (white-coat hypertension) လို့ခေါ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အိမ်မှာ သွေးပေါင်ချိန်မှန်မှန်တိုင်းတာမယ်ဆိုရင် ဆေးခန်းမှာ တိုင်းတာထက် သွေးပေါင်ပိုနည်းနေတာကို တွေ့ရမှာပါ။

သွေးပေါင်မတိုင်းခင် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

သွေးပေါင်မတိုင်းခင် အောက်ပါအချက်တွေကို ကြိုတင်ပြင်ဆင်ရပါမယ်။

သင့်သွေးခုန်သံကို နားထောင်ရမှာ ဖြစ်တဲ့အတွက် တိတ်ဆိတ်တဲ့နေရာကို ရှာဖွေပါ။

သွေးပေါင်မတိုင်းခင် ဆီးသွားထားပါ (ဆီးအိမ်ပြည့်နေရင်/ဆီးသွားချင်နေရင် သွေးပေါင်ချိန်မှားယွင်းနိုင်ပါတယ်)။

အင်္ကျီလက်မောင်းကို ခေါက်တင်ပါ သို့မဟုတ် လက်နေရာမှာ ကျပ်နေတဲ့ အဝတ်မျိုးတွေဆို ချွတ်ပစ်ပါ။

စားပွဲတလုံးဘေးမှာ ကုလားထိုင်လေးနဲ့ ငါးမိနစ် ဆယ်မိနစ်လောက်ထိုင်ပြီး အနားယူပါ။ သင့်လက်မောင်းကို နှလုံးနေရာနဲ့ တတန်းတည်းမှာ ထားပြီး သက်တောင့်သက်သာ အနားယူပါ။ ခါးမတ်မတ်ထိုင်ပါ။ ခြေမချိတ်ထားပါနဲ့။ သင့်လက်ကို စားပွဲပေါ် အလျားလိုက်တင်ထားပြီး လက်ဖဝါးကို ပက်လက်လှန်တဲ့ အနေအထားမှာ ရှိပါစေ။

အိမ်မှာသွေးပေါင်ချိန်ဘယ်လိုတိုင်းမလဲ။

သင့်ညာဖက်လက်မောင်းမှာ တိုင်းတာလို့ရတဲ့ သွေးပေါင်ချိန်ဟာ ဘယ်ဖက်ထက် အနည်းငယ် ပိုများနေ ဒါမှမဟုတ် နည်းနေတတ်ပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်တိုင်းမှာ တူညီတဲ့ လက်မောင်းတဖက်တည်းမှာပဲ ချိန်ဖို့လိုပါတယ်။

စစတိုင်းချင်းမှာ ငါးမိနစ် ဒါမှမဟုတ် ဆယ်မိနစ်လောက်ခြားပြီး သုံးကြိမ်လောက် ဆက်တိုက်တိုင်းသင့်ပြီး နောက်ပိုင်း အသားကျသွားရင်တော့ တကြိမ်၊နှစ်ကြိမ်လောက် တိုင်းရင် ရပါပြီ။ သွေးပေါင်ချိန်စက်အသုံးပြုနည်းကတော့ စက်အမျိုးအစားကိုလိုက်ပြီး အနည်းငယ်ကွာခြားမှာ ဖြစ်ပေမယ့် အချို့သော ယေဘုယျအချက်တွေကို အောက်မှာဖော်ပြပေးထားပါတယ်။

  • သင့်အနေနဲ့ သက်တောင့်သက်သာရှိပြီး ကိုယ်စိတ်ဖြေလျှော့မှုရှိတဲ့ အချိန်မှာ သွေးပေါင်ချိန်သင့်ပါတယ်။ မချိန်ခင်မှာ ခြေထောက်နှစ်ချောင်းလုံးကို ကြမ်းပေါ်ချပြီး ငါးမိနစ်လောက် ငြိမ်ငြိမ်ထိုင်နေပါ။ သွေးပေါင်ချိန်နေစဉ်မှာ လှုပ်ရှားတာ၊စကားပြောတာမျိုး မလုပ်ပါနဲ့။
  • သင့်လက်မောင်းကို အနည်းငယ်ကွေးထားပြီး စားပွဲပေါ်မှာ အသာတင်ထားပါ။ ဒါမှသာ လက်မောင်းနဲ့ နှလုံးနေရာတို့ တတန်းတည်း ရှိနေမှာ ဖြစ်ပါတယ်။
  • လက်မောင်းပတ်ကို ပတ်တဲ့အချိန်မှာ သင့်အင်္ကျီလက်ကို ခေါက်တင်ထားပါ။ ဒါမှမဟုတ် အင်္ကျီချွတ်လိုက်ပါ။
  • လက်မောင်းပတ်နဲ့ လက်မောင်းကွေးနေရာတို့အကြားမှာ တလက်မလောက်ခွာပြီး ပတ်ပါ။

အိမ်မှာသွေးပေါင်ချိန်ပြီးရင် ဘာတွေဆက်လုပ်သင့်သလဲ။

သွေးပေါင်ချိန်ပြီးရင် ရလာတဲ့ သွေးပေါင်ကို နေ့ရက်အချိန်အတိအကျ မှတ်သားပါ။ မှတ်စုစာအုပ်၊ဖုန်း၊ကွန်ပြူတာ စသဖြင့် အဆင်ပြေရာနဲ့ မှတ်သားနိုင်ပါတယ်။ သွေးပေါင်မှတ်သားပေးနိုင်တဲ့ လုပ်ဆောင်မှုမျိုး သင့်သွေးပေါင်ချိန်စက်မှာ ပါဝင်ကောင်းပါဝင်ပါလိမ့်မယ်။

တချို့စက်တွေဆိုရင် အဆိုပါ သွေးပေါင်ချိန်ရလာဒ်တွေကို ကွန်ပြူတာထဲကိုတောင် တိုက်ရိုက်ပို့ပြီး မှတ်သားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှု၊ထူးခြားမှုတွေ (ဥပမာ ဆေးသောက်ရမယ့်အချိန်၊ခေါင်းမူးလေ့ရှိတဲ့အချိန်၊နေရထိုင်ရ မကောင်းဖြစ်တတ်တဲ့အချိန် စသည်)ကိုလည်း မှတ်သားပါ။

ဒီလိုမှတ်သားထားခြင်းအားဖြင့် သင့်သွေးပေါင်ချိန်အပြောင်းအလဲတွေကို လေ့လာရာမှာ ပိုပြီး လွယ်ကူအကျိုးရှိထိရောက်မယ့်အပြင် ဆရာဝန်အနေနဲ့ သင့်သောက်ရမယ့်ဆေးပမာဏကို ချိန်ဆရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

သွေးပေါင်ချိန်အဖြေတွေက ဘယ်လိုအဓိပ္ပါယ်တွေ ရှိသလဲ။

အသက် ၁၈နှစ်အထက် အရွယ်ရောက်ပြီးသူတွေအတွက် သွေးပေါင်ချိန် (mm Hg)

ပုံမှန်ရှိသင့်တဲ့ ပမာဏ-အပေါ်သွေး ၁၁၉နဲ့ အောက် ၊ အောက်သွေး ၇၉နဲ့အောက်

သွေးတိုးဖြစ်ခါနီး ပမာဏ-အပေါ်သွေး ၁၂၀ – ၁၃၉ ၊ အောက်သွေး ၈၀ – ၈၉

သွေးတိုးနေပြီလို့ ညွှန်းဆိုနေတဲ့ ပမာဏ-အပေါ်သွေး ၁၄၀ နဲ့ အထက် ၊ အောက်သွေး ၉၀ နဲ့ အထက်

ယေဘုယျအားဖြင့် သွေးပေါင်နည်းလေကောင်းလေပါပဲ။ဥပမာ ၉၀/၆၀ ထက်နည်းနေတယ်ဆိုရင်လည်း သင်နေလို့ထိုင်လို့ ကောင်းနေသရွေ့ အိုကေပါတယ်။

ဒါပေမယ့် သွေးပေါင်ကျနေပြီး ခေါင်းမူးနေမယ်၊မိုက်ခနဲဖြစ်မယ် ဒါမှမဟုတ် အန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

ဆေးရုံဆေးခန်းတခုချင်းစီပေါ်မူတည်ပြီး ပုံမှန်လို့ သတ်မှတ်ထားတဲ့ သွေးပေါင်ပမာဏက အနည်းငယ် ကွာခြားမှုရှိကောင်းရှိပါလိမ့်မယ်။

သင့်သွေးပေါင်ချိန်နဲ့ ပတ်သက်လို့ မေးစရာလေးတွေ ရှိမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ သွေးပေါင်တိုင်းပုံတိုင်းနည်းနဲ့ပတ်သက်ပြီး မရှင်းလင်းတာတွေရှိရင်လည်း ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

    ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တယ်ဆိုတာ ရောဂါကုသရေးမှာ အရေးအကြီးဆုံးနဲ့ အလွယ်ကူဆုံးအဆင့်တစ်ခု ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint

    သွေးကြောမကြီး ဖောင်းတယ်ဆိုတာ အန္တရာယ်ရှိလား

    သွေးကြောမကြီးဖောင်း သွေးတိုးရောဂါ ဆေးလိပ်ဖြတ် သွေးခဲပိတ် သွေးကြောပြဲ သွေးကြောပေါက် သွေးထွက်လွန် သွေးတွင်းကိုလက်စထရောများ Marfan syndrome Aortic aneurysm

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    သွေးကြောမကြီး ပြဲခဲ့ရင်

    သွေးကြောမကြီး သွေးကြောမကြီးပြဲ နှလုံးရောဂါ နှလုံးရောဂါလက္ခဏာ ရင်ဘတ်အောင့် နှလုံးသွေးကြောပိတ် လေဖြတ် သွေးတိုးရောဂါ ကိုကင်းသုံး သွေးပေါင်ချိန်ထိန်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ကိုယ်ဝန်ဆောင်မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

    ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် ဘေဘီလေးကို လွယ်ထားချိန်မှာ အချိုရည်​တွေ မသောက်နဲ့ ကလေး ထိခိုက်မယ်။ကော်ဖီ၊ လက်ဖက်ရည်တွေ မသောက်နဲ့ သံဓာတ် အားနည်းမယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

    ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read
    အဆုတ်ကင်ဆာ

    အဆုတ်ကင်ဆာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
    သွေးတိုးမဖြစ်အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

    သွေးတိုးရောဂါ မဖြစ် အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 27, 2020 . 2 mins read
    ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

    ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read