နှလုံးခုန်စည်းချက်ထိန်းစက် (pacemaker ) ဆိုတာ နှလုံးခုန်မူမမှန်ခြင်းကိုထိန်းချုပ်ဖို့ ရင်ဘတ်ထဲမှာထည့်သွင်းထားရတဲ့ အသေးစားစက်ကိရိယာလေးဖြစ်ပါတယ်။ ဒီစက်လေးက လျှပ်စစ်လှိုင်းအပျော့စားလေးတွေသုံးပြီးနှလုံးခုန်သံကိုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ နှလုံးခုန်နှေးတာလိုမျိုး နှလုံးခုန်သံမူမမှန်တဲ့ပြဿနာတွေမှာနှလုံးစည်းချက်ထိန်းစက်တွေကို ကုသမှုအဖြစ် ဆရာဝန်တွေက အသုံးပြုလေ့ရှိကြပါတယ်။
အသက်အရွယ်ကြောင့်၊ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း (heart attack) ဖြစ်ရာကနေ နှလုံးထိခိုက်တာကြောင့်၊ အာရုံကြောနဲ့ကြွက်သားရောဂါပြဿနာတွေကြောင့် ဒါမှမဟုတ် နှလုံးမှာလျှပ်စစ်လှိုင်းပြဿနာပေါ်စေတဲ့တခြားအခြေအနေတွေကြောင့် နှလုံးခုန်နှေးစေနိုင်ပါတယ်။
ဘယ်လိုအခြေအနေတွေမှာ နှလုံးထိန်းစက်ထည့်ဖို့လိုတာလဲ
နှလုံးထိန်းစက် ကို ဒီအခြေအနေတွေမှာ သုံးဖို့လိုအပ်လာတတ်ပါတယ် –
- Bradycardia ကတော့ နှလုံးစက်ထည့်ဖို့လိုအပ်တဲ့အဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။ နှလုံးခုန်နှုန်းက သိပ်နှေးနေတာ ဒါမှမဟုတ် နေ့စဉ်လှုပ်ရှားမှုတွေအတွက် ခန္ဓါကိုယ်ရဲ့လိုအပ်ချက်တွေမပြည့်နိုင်တော့တာဖြစ်ပါတယ်။ Bradycardia ရဲ့လက္ခဏာတွေထဲမှာ ခေါင်းမူးခြင်း၊ နွမ်းလျမောပန်းလွန်းခြင်း၊ အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်ခြင်း၊ သတိလစ်ခြင်းတို့ပါဝင်ပါတယ်။
- အသက်ကြီးလာတဲ့အခါ သို့မဟုတ် နှလုံးရောဂါရှိတဲ့အခါ sinus node လို့ခေါ်တဲ့ နှလုံးကိုသဘာဝအလျောက်စည်းချက်ထိန်းပေးတဲ့ ဆဲလ်အုပ်စုရဲ့လုပ်နိုင်စွမ်းကို ထိခိုက်စေပါတယ်။ ဒီလိုထိခိုက်လာတဲ့အခါ နှလုံးခုန်သံတွေနှေးစေတာ သို့မဟုတ် နှလုံးခုန်သံတစ်ချက်နဲ့တစ်ချက်ကြားမှာ ခပ်ကြာကြာကွာဟလာတာတွေဖြစ်လာတယ်။ အဲဒီကနေ နှလုံးခုန်အရမ်းနှေးလိုက်၊ အရမ်းမြန်လိုက်နဲ့ စည်းချက်လုံးဝမထိန်းနိုင်တော့တဲ့ sick sinus syndrome ဆိုတာဖြစ်လာနိုင်ပါတယ်။
- နှလုံးအပေါ်ခန်းတွေ က နှလုံးစည်းချက်ပုံမှန်မဟုတ်ဘဲ မြန်မြန် ရမ်းခါတဲ့ နှလုံးစည်းချက်မမှန်ခြင်း (atrial fibrillation) အခြေအနေမျိုးမှာ pacemaker ထည့်သွင်းဖို့လိုအပ်လာနိုင်ပါတယ်။
မွေးရာပါနှလုံးရောဂါဝေဒနာရှင်တွေနဲ့ နှလုံးအစားထိုးကုသမှုခံယူထားသူတွေအတွက်လည်း နှလုံးစက်ထည့်ဖို့ ဆရာဝန်တွေကညွှန်ကြားလာနိုင်ပါတယ်။
Pacemaker ရဲ့လုပ်ဆောင်ချက်
ရင်ဘတ်မှာထည့်သွင်းထားတဲ့ နှလုံးထိန်းစက် ဟာ နှလုံးရဲ့ပုံမှန်လုပ်ဆောင်ချက်အတိုင်းဖြစ်စေဖို့ ပုံစံတူလုပ်ဆောင်ကူညီပေးတာဖြစ်ပါတယ်။ စက်မှာ ဘက်ထရီတစ်လုံးပါရှိပြီး လျှပ်စစ်လှိုင်းတွေနှလုံးကိုပို့လွှတ်မှုနှုန်းကို ထိန်းညှိပေးမယ့် လျှပ်စစ်စီးကြောင်းတစ်ခုပါရှိပါတယ်။
Pacemaker က နှလုံးခုန်နှုန်းကိုထိန်းညှိပေးပြီး သိပ်နှေးနေတယ်ဆိုရင် နှလုံးကိုလျှပ်စစ်လှိုင်းလေးတွေထုတ်လွှတ်ပေးပြီး နှလုံးခုန်မြန်အောင်လုပ်ပေးပါလိမ့်မယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုနဲ့အသက်ရှူနှုန်းကို သိရှိနိုင်တဲ့ အာရုံခံစနစ်က Pacemaker အများစုမှာပါရှိတတ်ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်ရဲ့သွေးနဲ့အောက်ဆီဂျင်လိုအပ်မှုကိုဖြည့်ဆည်းနိုင်ဖို့ လှုပ်ရှားနေစဉ်အတွင်းနှလုံးခုန်မြန်အောင်Pacemaker ကို နှိုးဆွပေးပါတယ်။
နှလုံးစက်ထည့်ပြီးတဲ့အခါ
ခွဲစိတ်မှုပြီးတဲ့နောက်ပိုင်းမှာ ဆရာဝန်ရဲ့ညွှန်ကြားချက်တွေအတိုင်း ဂရုစိုက်နေထိုင်ဖို့လိုပါတယ်။
- နည်းနည်းလှုပ်ရှားပါ။ လမ်းခဏလျှောက်တာ၊ ခြေနဲ့လက်ကိုလှုပ်ရှားပေးရုံနဲ့လည်း သွေးလည်ပတ်မှုကောင်းစေနိုင်ပါတယ်။ အရမ်းတော့ အားမစိုက်ပါနဲ့။ ပင်ပန်းလာပြီဆိုတာနဲ့ နားပါ။တော်သင့်ရုံလှုပ်ရှားစေချင်တာပါ။
- ရေချိုးရတာလည်းမကြောက်ပါနဲ့။ နှလုံးထိန်းစက်ဟာရေနဲ့ထိလို့ ဘာမှမဖြစ်အောင် အပြည့်အဝကာကွယ်မှုပါရှိပြီးသားပါ။
- ကား၊ ရထား၊လေယာဉ်စတဲ့ ခရီးတွေက အန္တရာယ်မရှိနိုင်ပါ။
- သတိထားရမှာက သံလိုက်နဲ့ လျှပ်စစ်လှိုင်းပြင်းထန်တဲ့နေရာတွေကိုရှောင်ဖို့ပါ။လက်ကိုင်ဖုန်းတွေ၊ mp3 playerတွေ၊ရေဒီယိုတွေစတဲ့အသုံးအဆောင်တွေကို သတိထားပါ။
- ဆေးရုံဆေးခန်းသွားတဲ့အခါကိုယ့်မှာ နှလုံးစက်ထည့်ကြောင်း ဆရာဝန်နဲ့ဆေးဝန်ထမ်းတွေကိုပြောပြပါ။
- လေဆိပ်မှာလုံခြုံရေးစစ်ဆေးတဲ့အခါ ကိုယ့်မှာနှလုံးစက်ထည့်ထားကြောင်းပြောပြပါ။ လုံခြုံရေးစစ်ဆေးတဲ့စက်တွေကြောင့် နှလုံးစက်ကိုမပျက်စီးနိုင်ပေမယ့် ခန္ဓါကိုယ်ထဲမှာ သတ္တုရှိနေကြောင်း အလန့်တကြားအချက်ပြမှာမို့ပါ။ လက်ကိုင်စစ်ဆေးရေးစက်လိုမျိုး တခြားနည်းနဲ့အဆင်ပြေနိုင်ပါတယ်။
Pacemakerတွေက ပုံမှန်အားဖြင့်ဘေးကင်းစိတ်ချရပါတယ်။ တကယ်လို့ ဒီအချက်တွေဖြစ်လာရင် ဆရာဝန်အမြန်ဆုံးပြပါ ။
- စက်ထည့်ထားတဲ့နေရာကရောင်ရမ်း၊သွေးယို၊ ဒဏ်ရာဖြစ်၊ ပိုးဝင်လာတာ
- သွေးကြော သို့မဟုတ် အာရုံကြောထိခိုက်တာ
- အဆုတ်လုပ်ဆောင်ချက်မကောင်းတာ
- ကုသမှုအတွင်းအသုံးပြုတဲ့ဆေးဝါးအပေါ် တုံ့ပြန်မှုမကောင်းတာ။
ဘက်ထရီက ဘယ်လောက်ကြာကြာခံလဲ
နှလုံးစက်တွေရဲ့ဘက်ထရီက ၅ နှစ်ကနေ ၁၅ နှစ်လောက်အထိ သက်တမ်းခံတတ်ပါတယ်။ စက်ရဲ့ဘက်ထရီက အားမကုန်ခင်မှာ ဆရာဝန်တွေက စက်အသစ်လဲထည့်ပေးပါလိမ့်မယ်။
ဆရာဝန်ရက်ချိန်းတွေမှန်အောင်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူတဲ့အခါ နှလုံးစက်က လုပ်ဆောင်ချက်မှန်ရဲ့လား၊ အသစ်လဲဖို့လိုပြီလားဆိုတာ ဆရာဝန်က အကဲခတ်ဆုံးဖြတ်ပေးပါလိမ့်မယ်။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-heart-rate]